၁၃၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာဠဝီပြည် အဂ္ဂါဠဝစေတီ၌ သီတင်းသုံးနေတော် မူသောအခါ
အာဠဝီပြည်သား ရဟန်းတို့သည် အမှုသစ်ကို ပြုလုပ်ကုန်သော် သိလျက် ပိုးရှိသော ရေကို မြက်၌သော်လည်းကောင်း၊ မြေ၌သော်လည်းကောင်း သွန်းလည်း သွန်းလောင်းကုန်၏၊ သွန်းလောင်းမူ လည်း သွန်းလောင်းစေကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် အာဠဝီပြည်သား ရဟန်းတို့သည် သိလျက် ပိုးရှိသော ရေကို မြက်၌သော်လည်းကောင်း၊ မြေ၌သော်လည်းကောင်း သွန်းလောင်းလည်း သွန်းလောင်း ကုန်ဘိသနည်း၊ သွန်းလောင်းမူလည်း သွန်းလောင်းစေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ထိုအခါ ထိုရဟန်းတို့သည် အာဠဝီပြည်သား ရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် သိလျက် ပိုးရှိသော ရေကို မြက်၌သော်လည်းကောင်း၊ မြေ၌သော်လည်းကောင်း သွန်းလောင်းကုန်၏၊ သွန်းလောင်းစေကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် သိလျက် ပိုးရှိသော ရေကို မြက်၌သော်လည်းကောင်း၊ မြေ၌သော်လည်းကောင်း သွန်းလောင်းလည်း သွန်းလောင်း ကုန်ဘိသနည်း၊ သွန်းလောင်းမူလည်း သွန်းလောင်းစေကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၁၄၀။ ''အကြင်ရဟန်းသည် သိလျက် ပိုးရှိသော ရေကို မြက်၌ သော်လည်းကောင်း၊ မြေ၌သော်လည်းကောင်း သွန်းလောင်းလည်း သွန်းလောင်း ငြားအံ့၊ သွန်းလောင်းမူလည်း သွန်းလောင်းစေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၁၄၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
သိ၏ မည်သည် ကိုယ်တိုင်သော်လည်း သိ၏၊ သူတစ်ပါးတို့သည်လည်း ထိုရဟန်းအား ပြောကြားကုန်၏။
သွန်းလောင်းငြားအံ့ဟူသည် ကိုယ်တိုင် သွန်းလောင်းအံ့၊ ပါစိတ်အာပတ် သင့်၏။
သွန်းလောင်းစေငြားအံ့ဟူသည် သူတစ်ပါးကို စေခိုင်းအံ့၊ ပါစိတ်အာပတ် သင့်၏။
တစ်ကြိမ်စေခိုင်း၍ များစွာလည်း သွန်းလောင်းအံ့၊ ပါစိတ်အာပတ် သင့်၏။
၁၄၂။ ပိုးရှိသော ရေကို ပိုးရှိသော ရေဟု အမှတ်ရှိသည်ဖြစ်၍ မြက်၌သော်လည်းကောင်း၊ မြေ၌ သော်လည်းကောင်း သွန်းလောင်းလည်း သွန်းလောင်းအံ့၊ သွန်းလောင်းမူလည်း သွန်းလောင်းစေအံ့၊ ပါစိတ်အာပတ် သင့်၏။
ပိုးရှိသော ရေ၌ ယုံမှားရှိသည်ဖြစ်၍ မြက်၌သော်လည်းကောင်း၊ မြေ၌သော်လည်းကောင်း သွန်း လောင်းလည်း သွန်းလောင်းအံ့၊ သွန်းလောင်းမူလည်း သွန်းလောင်းစေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပိုးရှိသော ရေကို ပိုးမရှိသော ရေဟု မှတ်ထင်၍ မြက်၌သော်လည်းကောင်း၊ မြေ၌သော်လည်းကောင်း သွန်းလောင်းလည်း သွန်းလောင်းအံ့၊ သွန်းလောင်းမူလည်း သွန်းလောင်းစေအံ့၊ အာပတ် မသင့်။
ပိုးမရှိသော ရေကို ပိုးရှိသော ရေဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပိုးမရှိသော ရေ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပိုးမရှိသော ရေကို ပိုးမရှိသော ရေဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၄၃။ သေစေလိုသော စေတနာမရှိဘဲ သွန်းလောင်းသော ရဟန်း၊ သတိမေ့လျော့၍ သွန်းလောင်း သော ရဟန်း၊ မသိသော ရဟန်း၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒသမ သပ္ပါဏကသိက္ခာပုဒ် ပြီး၏။
ဒုတိယ ဘူတဂါမဝဂ် ပြီး၏။
အညဝါဒကသိက္ခာပုဒ်နှင့်တကွ ဘူတဂါမသိက္ခာပုဒ်၊ ဥဇ္ဈာပနကသိက္ခာပုဒ်၊ အခင်း တို့ကို မသိမ်းဘဲ ဖဲသွားသော ပဌမသေနာသန ဒုတိယသေနာသနသိက္ခာပုဒ် နှစ်ပါး၊
ရှေးဦးနေ ရဟန်းကို တိုးဝှေ့နေသော အနုပခဇ္ဇသိက္ခာပုဒ်၊ နှင်ထုတ်သော နိက္ကဎ်ဍန သိက္ခာပုဒ်၊ အပေါင်တွင် အခြေစွပ်သော ညောင်စောင်း၌ ဖိထိုင်သော ဝေဟာသကုဋိ သိက္ခာပုဒ်၊ သပ္ပါဏကသိက္ခာပုဒ်နှင့် တကွ တံခါးခုံတိုင်အောင် လိမ်းကျံသော မဟလ္လက ဝိဟာရသိက္ခာပုဒ်၊
ဤကား အကျဉ်းချုပ်တည်း။