Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

7. Sekhiyakaṇḍaṃ

Author: my-tipitaka @ visuddhinanda

အသျှင်တို့ သေခိယအမည် ရှိကုန်သော 'သင်အပ် ကျင့်အပ် အားထုတ်အပ်ကုန်သော' ဤ သိက္ခာပုဒ်တို့သည်
သရုပ်အားဖြင့် ပြဆိုအပ်သည့် အဖြစ်သို့ ရောက်ကုန်၏။
၅၇၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရှေ့မှလည်းကောင်း၊ နောက်မှ လည်းကောင်း တွဲရရွဲချလျက် (သင်းပိုင်ကို) ဝတ်ကုန်၏။
လူတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ကာမစည်းစိမ်ကို ခံစားသော လူတို့ကဲ့သို့ ရှေ့မှလည်း ကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချလျက် (သင်းပိုင်ကို) ဝတ်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော လူတို့၏ စကားကို ကြားကြသည်သာ တည်း။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချလျက် ဝတ်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ထိုအခါ ထိုရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် ဆဗ္ဗဂ္ဂီ ရဟန်းတို့ကို -
''ရဟန်းတို့ သင်တို့သည် ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချလျက် (သင်းပိုင်ကို) ဝတ်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချလျက် (သင်းပိုင်ကို) ဝတ်ကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၁၄၆။ ၁- ''ထက်ဝန်းကျင်မှ အဝန်းညီစွာ သင်းပိုင်ကို ဝတ်အံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ချက်အဝန်း ပုဆစ်ဒူးဝန်းတို့ကို ဖုံးလွှမ်း၍ ထက်ဝန်းကျင်မှ အဝန်းညီစွာ ဝတ်အပ်၏။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ရှေ့မှသော်လည်းကောင်း၊ နောက်မှသော် လည်းကောင်း တွဲရရွဲချလျက် ဝတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း အားအာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊
အစလက်ဦး လွန်ကျူး သော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပဌမသိက္ခာပုဒ် ပြီး၏။
၅၇၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရှေ့မှလည်းကောင်း၊ နောက်မှ လည်းကောင်း တွဲရရွဲချလျက် ရုံကုန်၏။ပ။
၁၄၇။ ၂- ''ထက်ဝန်းကျင်မှ အဝန်းညီစွာ ကိုယ်ဝတ်သင်္ကန်းကို ရုံအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ရှေ့နောက် အစွန်းနှစ်ခုတို့ကို အညီအညွတ်ပြု၍ ထက်ဝန်းကျင်မှ အဝန်းညီစွာ ရုံအပ်၏။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ရှေ့မှသော်လည်းကောင်း၊ နောက်မှသော် လည်းကောင်း တွဲရရွဲချလျက် ရုံအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ ၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း အား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊
အစလက်ဦး လွန်ကျူး သော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒုတိယသိက္ခာပုဒ် ပြီး၏။
၅၇၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ကိုယ်ကို ဖော်လျက် ရွာတွင်း၌ သွားကုန်၏။ပ။
၁၄၈။ ၃- ''(လည် လက်ကောက်ဝတ်တို့ကို) ကောင်းစွာ ဖုံးလွှမ်းလျက် ရွာတွင်း၌ သွားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ကောင်းစွာ ဖုံးလွှမ်းသည်ဖြစ်၍ ရွာတွင်း၌ သွားလာအပ်၏။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ကိုယ်ကို ဖော်လျက် ရွာတွင်း၌ သွားလာအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ ၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းအား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။
ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
တတိယသိက္ခာပုဒ် ပြီး၏။
၅၇၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ကိုယ်ကို ဖော်လျက် ရွာတွင်း၌ နေထိုင်ကုန်၏။ပ။
၁၄၉။ ၄- ''(လည် လက်ကောက်ဝတ်တို့ကို) ကောင်းစွာ ဖုံးလွှမ်းလျက် ရွာတွင်း၌ နေထိုင်အံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ကောင်းစွာ ဖုံးလွှမ်းသည်ဖြစ်၍ ရွာတွင်း၌ နေထိုင်အပ်၏။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ကိုယ်ကို ဖော်လျက် ရွာတွင်း၌ နေထိုင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း၊ နေခြင်းငှါကပ်သောရဟန်း 'ရွာတွင်း၌ ခေတ္တတည်းခိုနေသော ရဟန်း' အား အာပတ် မသင့်၊ ဘေးရန် တို့ကြောင့် အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
စတုတ္ထသိက္ခာပုဒ် ပြီး၏။
၅၈၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် လက်ခြေတို့ကို ကစားလျက် ရွာတွင်း၌ သွားကုန်၏။ပ။
၁၅၀။ ၅- ''ဣန္ဒြေကို ကောင်းစွာ စောင့်ရှောက်လျက် ရွာတွင်း၌ သွားအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဣန္ဒြေကို ကောင်းစွာ စောင့်စည်းသည်ဖြစ်၍ ရွာတွင်း၌ သွားအပ်၏။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ လက်ခြေတို့ကို ကစားလျက် ရွာတွင်း၌ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပဉ္စမသိက္ခာပုဒ် ပြီး၏။ ၁-ပရိမဏ္ဍလဝဂ် ၆-ဆဋ္ဌသိက္ခာပုဒ်
၅၈၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် လက်ခြေတို့ကို ကစားလျက် ရွာတွင်း၌ နေထိုင်ကုန်၏။ပ။
၁၅၁။ ၆- ''ဣန္ဒြေကို ကောင်းစွာ စောင့်စည်းလျက် ရွာတွင်း၌ နေထိုင်အံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဣန္ဒြေကို ကောင်းစွာ စောင့်စည်းသည်ဖြစ်၍ ရွာတွင်း၌ နေထိုင်အပ်၏။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ လက်ခြေတို့ကို ကစားလျက် ရွာတွင်း၌ နေထိုင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌသိက္ခာပုဒ် ပြီး၏။
၅၈၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုထိုအရပ်သို့ ကြည့်ရှုကုန့်လျက် ရွာတွင်း၌ သွားကုန်၏။ပ။
၁၅၂။ ၇- ''မျက်လွှာချလျက် ရွာတွင်း၌ သွားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
မျက်လွှာချလျက် ထမ်းပိုးတစ်ပြန် 'လေးတောင်ခန့်' မျှကို ကြည့်သည်ဖြစ်၍ ရွာတွင်း၌ သွားအပ်၏။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ထိုထိုအရပ်သို့ ကြည့်လျက် ရွာတွင်း၌ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းအား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်၊ ရူးသော ရဟန်း၊
အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
သတ္တမသိက္ခာပုဒ် ပြီး၏။
၅၈၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုထိုအရပ်သို့ ကြည့် ရှုကုန်လျက် ရွာတွင်း၌ နေထိုင်ကုန်၏။ပ။
၁၅၃။ ၈- ''မျက်လွှာချလျက် ရွာတွင်း၌ နေထိုင်အံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
မျက်လွှာချလျက် ထမ်းပိုးတစ်ပြန် 'လေးတောင်ခန့်' မျှကို ကြည့်သည်ဖြစ်၍ ရွာတွင်း၌ နေထိုင် အပ်၏။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ထိုထိုအရပ်သို့ ကြည့်ရှုလျက် ရွာတွင်း၌ နေထိုင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းအား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊
အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
အဋ္ဌမသိက္ခာပုဒ် ပြီး၏။
၅၈၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် သင်္ကန်းကို ပင့်လျက် ရွာတွင်း၌ သွားကုန်၏။ပ။
၁၅၄။ ၉- ''သင်္ကန်းကို ပင့်လျက် ရွာတွင်း၌ မသွားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
သင်္ကန်းကို ပင့်လျက် ရွာတွင်း၌ မသွားအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ တစ်ဖက်မှဖြစ်စေ နှစ်ဖက်လုံးမှဖြစ်စေ၊ သင်္ကန်းကို မ၍ ရွာတွင်း၌ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းအား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊
အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
နဝမသိက္ခာပုဒ် ပြီး၏။
၅၈၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သင်္ကန်းကို ပင့်လျက် ရွာတွင်း၌ နေထိုင်ကုန်၏။ပ။
၁၅၅။ ၁၀- ''သင်္ကန်းကို ပင့်လျက် ရွာတွင်း၌ မနေထိုင်အံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
သင်္ကန်းကို ပင့်လျက် ရွာတွင်း၌ မနေထိုင်အပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ တစ်ဖက်မှဖြစ်စေ နှစ်ဖက်လုံးမှဖြစ်စေ၊ သင်္ကန်းကို ပင့်၍ ရွာတွင်း၌ နေထိုင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း၊ နေခြင်းငှါကပ်သော ရဟန်း 'ရွာတွင်း၌ ခေတ္တတည်းခိုနေသော ရဟန်း' အား အာပတ် မသင့်၊ ဘေးရန် တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒသမသိက္ခာပုဒ် ပြီး၏။
ပဌမပရိမဏ္ဍလဝဂ် ပြီး၏။