Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

1. Ovādasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၁၄၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
မထေရ်ကြီးဖြစ်ကုန်သော ရဟန်းတို့သည် ရဟန်း မိန်းမတို့ကို ဆုံးမကုန်သည်ရှိသော် သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာ၏ အထောက်အပံ့ ဆေး အသုံးအဆောင်တို့ကို ရကုန်၏။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့အား ''ငါ့သျှင်တို့ ယခုအခါ၌ မထေရ်ကြီးဖြစ်ကုန်သော ရဟန်းတို့သည် ရဟန်းမိန်းမတို့ကို ဆုံးမကုန်သည်ရှိသော် သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာ၏ အထောက် အပံ့ ဆေးအသုံးအဆောင်တို့ကို ရကုန်၏၊ ငါ့သျှင်တို့ ယခုအခါ ငါတို့သည်လည်း ရဟန်းမိန်းမတို့ကို ဆုံးမ ကုန်အံ့''ဟု အကြံဖြစ်၏။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းမိန်းမတို့ထံသို့ ချဉ်းကပ်၍ ''နှမတို့ ငါတို့ထံသို့လည်း ချဉ်းကပ်ကုန်လော့၊ ငါတို့သည်လည်း ဆုံးမကုန်အံ့''ဟု ဆိုကုန်၏။
ထိုအခါ ထိုရဟန်းမိန်းမတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ထံသို့ ချဉ်းကပ်ကုန်၍
ဆဗ္ဗဂ္ဂီရဟန်းတို့ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကုန့်၏။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းမိန်းမတို့အား အနည်းငယ်မျှသာဖြစ်သော တရားစကားကို ပြောကြား၍ တစ်နေ့ပတ်လုံးမဂ်ဖိုလ်မှ ဖီလာဖြစ်သော စကားတို့ဖြင့် (အချိန်ကို) ကုန်လွန်စေလျက် ''နှမတို့ သွားကုန်လော့''ဟု ဆို၍ လွှတ်လိုက်ကုန်၏။
ထိုအခါ ထိုရဟန်းမိန်းမတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍
မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ တည်နေကုန်၏။
မြတ်စွာဘုရားသည် တစ်ခုသော နေရာ၌ တည်နေကုန်သော ထိုရဟန်းမိန်းမတို့အား ''ရဟန်းမတို့ အဆုံးအမဩဝါဒသည် ပြည့်စုံပြီ မဟုတ်လော''ဟု မိန့်တော်မူ၏။
အသျှင်ဘုရား အဘယ်မှာလျှင် အဆုံးအမဩဝါဒသည် ပြည့်စုံနိုင်ပါအံ့နည်း၊
အသျှင်ဆဗ္ဗဂ္ဂီရဟန်း တို့သည် အနည်းငယ်မျှသာလျှင်ဖြစ်သော တရားစကားကို ဟောကြား၍ တစ်နေ့ပတ်လုံး မဂ်ဖိုလ်မှ ဖီလာဖြစ်သော စကားတို့ဖြင့် (အချိန်ကို) ကုန်လွန်စေ၍ လွှတ်လိုက်ကုန်၏ဟု (လျှောက်ကုန်၏)။
ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းမိန်းမတို့အား တရားစကားဖြင့် (အကျိုးစီးပါွးကို) သိမြင်စေ လျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေတော်မူ၏။
ထိုအခါ ထိုရဟန်းမိန်းမတို့သည် မြတ်စွာဘုရားက တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးသော် မြတ်စွာဘုရားကို ရှိခိုး၍ အရို အသေပြုကာ ဖဲခွါသွားကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းအပေါင်းကို စည်းဝေးစေ၍ ဆဗ္ဗဂ္ဂီ ရဟန်းတို့ကို- ''ရဟန်းတို့ သင်တို့သည် ရဟန်းမိန်းမတို့အား အနည်းငယ်မျှသာလျှင်ဖြစ်သော တရားစကားကို ဟောကြား၍ တစ်နေ့ပတ်လုံး မဂ်ဖိုလ်မှ ဖီလာဖြစ်သော စကားဖြင့် (အချိန်ကို) ကုန်လွန်စေလျက် လွှတ်လိုက်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် ရဟန်းမိန်းမတို့အား အနည်းငယ်မျှသာလျှင်ဖြစ်သော တရား စကားကို ဟောကြား၍ တစ်နေ့ပတ်လုံး မဂ်ဖိုလ်မှ ဖီလာဖြစ်သော စကားဖြင့် (အချိန်ကို) ကုန်လွန်စေ၍ လွှတ်လိုက်ကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ကဲ့ရဲ့တော်မူ၍ တရား စကားကို ဟောကြားတော်မူပြီးလျှင် ရဟန်းတို့ကို- ''ရဟန်းတို့ ရဟန်းမိန်းမတို့အား ဆုံးမတတ်သော ရဟန်းကို သမုတ်ခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့ သမုတ်အပ်၏၊
ရှေးဦးစွာ ရဟန်းကို တောင်းပန်အပ်၏၊
တောင်းပန်ပြီး နောက် ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေအပ်၏။
၁၄၅။ ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော ရဟန်းကို ရဟန်းမိန်းမတို့အား ဆုံးမတတ်သော ရဟန်းဟု သမုတ်ရာ၏၊
ဤကား သိစေခြင်း တည်း။
အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
သံဃာသည် ဤ မည်သော ရဟန်းကို ရဟန်းမိန်းမတို့အား ဆုံးမတတ်သော ရဟန်းဟု သမုတ်၏၊
ဤမည်သော ရဟန်းကို ရဟန်းမိန်းမတို့အား ဆုံးမတတ်သော ရဟန်းဟု သမုတ်ခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊
အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။
နှစ်ကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။ သုံးကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏၊ အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
သံဃာသည် ဤ မည်သော ရဟန်းကို ရဟန်းမိန်းမတို့အား ဆုံးမတတ်သော ရဟန်းဟု သမုတ်၏။
ဤမည်သော ရဟန်းကို ရဟန်းမိန်းမတို့အား ဆုံးမတတ်သော ရဟန်းဟု သမုတ်ခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ်နေရာ၏၊
အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။
သံဃာသည် ဤမည်သော ရဟန်းကို ရဟန်းမိန်းမတို့အား ဆုံးမတတ်သော ရဟန်းဟု သမုတ်၏၊
သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ် နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။
ထိုအခါ မြတ်စွာဘုရားသည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင် တော်မူပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၁၄၆။ ''အကြင်ရဟန်းသည် သမ္မုတိမရဘဲ ရဟန်းမိန်းမတို့ကို ဆုံးမငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၁၄၇။ ထိုအခါ သမ္မုတိရသော မထေရ်ကြီးဖြစ်ကုန်သော ရဟန်းတို့သည် ရဟန်းမိန်းမတို့ကို ဆုံးမ ကုန်လတ်သော် ထို့အတူပင် သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာ၏ အထောက်အပံ့ ဆေး အသုံးအဆောင်တို့ကို ရကုန်၏။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့အား-
''ငါ့သျှင်တို့ ယခုအခါ၌ သမ္မုတိရသော မထေရ်ကြီးဖြစ်ကုန်သော ရဟန်းတို့သည် ရဟန်း မိန်းမတို့ကို ဆုံးမကုန်လတ်သော် ထို့အတူပင်လျှင် သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ကို ရကုန်၏။
ငါ့သျှင်တို့ ယခုအခါ ငါတို့သည်လည်း သိမ်အပြင်သို့ သွား၍ အချင်းချင်း ရဟန်းမိန်းမတို့အား ဆုံးမတတ်သောရဟန်းဟု သမုတ်၍ ရဟန်းမိန်းမတို့ကို ဆုံးမကုန်အံ့''ဟု အကြံဖြစ်၏။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိမ်အပြင်သို့ သွား၍ အချင်းချင်း ရဟန်းမိန်းမတို့အား ဆုံးမတတ် သော ရဟန်းဟု သမုတ်ကြပြီးလျှင် ရဟန်းမိန်းမတို့ထံသို့ ချဉ်းကပ်၍
''နှမတို့ ငါတို့သည်လည်း သမ္မုတိရကုန်ပြီ၊
ငါတို့ထံသို့လည်း ချဉ်းကပ်ကုန်လော့၊
ငါတို့သည်လည်း ဆုံးမကုန်အံ့''ဟု ဆိုကုန်၏။
ထိုအခါ ထိုရဟန်းမိန်းမတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ထံသို့ ချဉ်းကပ်၍
ဆဗ္ဗဂ္ဂီရဟန်းတို့ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကုန်၏။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းမိန်းမတို့အား အနည်းငယ်မျှသာလျှင် ဖြစ်သော တရားစကားကို ဟောကြား၍ တစ်နေ့ပတ်လုံး မဂ်ဖိုလ်မှ ဖီလာဖြစ်သော စကားတို့ဖြင့် (အချိန်ကို) ကုန်လွန်စေလျက်
''နှမတို့ သွားကုန်လော့''ဟု ဆို၍ လွှတ်လိုက်ကုန်၏။
ထိုအခါ ထိုရဟန်းမိန်းမတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍
မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ တည်နေကုန်၏။
တစ်ခုသော နေရာ၌ တည်နေကုန်သော ထိုရဟန်းမိန်းမတို့ကို မြတ်စွာဘုရားသည်
''ရဟန်းမတို့ အဆုံးအမဩဝါဒသည် ပြည့်စုံပြီ မဟုတ်လော''ဟု မိန့်တော်မူ၏။
အသျှင်ဘုရား အဆုံးအမသည် အဘယ်မှာ ပြည့်စုံပါအံ့နည်း၊
အသျှင်ဆဗ္ဗဂ္ဂီရဟန်းတို့သည် အနည်း ငယ်မျှသာလျှင်ဖြစ်သော တရားစကားကို ဟောကြား၍ တစ်နေ့ပတ်လုံး မဂ်ဖိုလ်မှ ဖီလာဖြစ်သော စကား ဖြင့် (အချိန်ကို) ကုန်လွန်စေ၍ လွှတ်လိုက်ကုန်၏ဟု (လျှောက်ကုန်၏)။
ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းမိန်းမတို့ကို တရားစကားဖြင့် (အကျိုးစီးပွါးကို) ကောင်းစွာ ပြတော်မူ၏။ပ။ ထိုအခါ ထိုရဟန်းမိန်းမတို့သည် မြတ်စွာဘုရားက တရားစကားဖြင့် (အကျိုးစီးပါွးကို)့သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေပြီးသော် မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုကာ ဖဲခွါသွားကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေ၍ ဆဗ္ဗဂ္ဂီ ရဟန်းတို့ကို-
''ရဟန်းတို့ သင်တို့သည် ရဟန်းမိန်းမတို့အား အနည်းငယ်မျှသာလျှင်ဖြစ်သော တရားစကားကို ဟောကြား၍ တစ်နေ့ပတ်လုံး မဂ်ဖိုလ်မှ ဖီလာဖြစ်သော စကားဖြင့် (အချိန်ကို) ကုန်လွန်စေလျက် လွှတ် လိုက်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ အဘယ့်ကြောင့် သင်တို့သည် ရဟန်းမိန်းမတို့အား အနည်းငယ်မျှသာလျှင်ဖြစ်သော တရား စကားကို ဟောကြား၍ တစ်နေ့ပတ်လုံး မဂ်ဖိုလ်မှ ဖီလာဖြစ်သော စကားဖြင့် (အချိန်ကို) ကုန်လွန်စေ၍ လွှတ်လိုက်ကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ကဲ့ရဲ့တော်မူ၍ တရား စကားကို ဟောကြားတော်မူပြီးလျှင် ရဟန်းတို့ကို-
ရဟန်းတို့ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ရဟန်းကို ရဟန်းမိန်းမတို့အား ဆုံးမတတ်သော ရဟန်းဟူ၍ သမုတ်ခြင်းငှါ ခွင့်ပြုတော်မူ၏။
(၁) သီလ ရှိ၏၊ ပါတိမောက္ခသံဝရသီလ 'ရဟန်းတို့၏ သိက္ခာပုဒ်ကို စောင့်ရှောက်သော အလေ့အကျင့်'ကို စောင့်စည်းလျက် နေ၏၊ အကျင့် ကျက်စားရာအရပ်နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ် တို့၌ ဘေးဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။
(၂) အကြားအမြင် 'ဗဟုဿုတ' များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အကြင်တရားတို့သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်း ရှိကုန်၏၊ အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော အလုံးစုံထက်ဝန်းကျင်ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ် သော မြတ်သောအကျင့်ကို ဟောကြားကုန်၏၊ ထိုသို့ သဘောရှိသော တရားတို့၌ ထိုရဟန်းသည် အကြား အမြင်များ၏၊ ဆောင်၏၊ နှုတ်ဖြင့် လေ့ကျက်၏ 'လေ့လာ၏'၊ စိတ်ဖြင့် အဖန်တလဲလဲ ရှုမှတ်ဆင်ခြင်၏၊ ပညာဖြင့် ထိုးထွင်း၍ သိ၏။
(၃) ထိုရဟန်းအား ပါတိမောက်နှစ်ပါးတို့သည် အကျယ်အားဖြင့် နှုတ်၌ လာကုန်၏၊ ကောင်းစွာ ဝေဖန်အပ်ကုန်၏၊ ကောင်းစွာ ဖြစ်ခြင်း ရှိကုန်၏၊ ပါဠိတော်အဋ္ဌကထာအားဖြင့် ကောင်းစွာ ဆုံးဖြတ်နိုင်ကုန်၏။
(၄) ကောင်းသော စကား ရှိ၏၊ ကောင်းသော အသံ ရှိ၏။
(၅) အများအားဖြင့် ရဟန်းမိန်းမတို့သည် ချစ်ခင်အပ် နှစ်လိုအပ်၏။
(၆) ရဟန်းမိန်းမတို့ကို ဆုံးမခြင်းငှါ စွမ်းနိုင်၏။
(၇) ထိုမြတ်စွာဘုရားကို ရည်မှတ်၍ ရဟန်းပြုသော ဖန်ရည်ဆိုးအဝတ်ကို ဝတ်သော မိန်းမ၌ ကြီးလေးသော အာပတ်ကို မလွန်ကျူးဖူးချေ။
(၈) ဝါနှစ်ဆယ်သော်လည်းကောင်း၊ ဝါနှစ်ဆယ်ထက် အလွန်သော်လည်းကောင်း ရ၏။ ရဟန်းတို့ ဤအင်္ဂါရှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းကို ရဟန်းမိန်းမတို့အား ဆုံးမသော ရဟန်းဟူ၍ သမုတ်ခြင်းငှါ ခွင့်ပြုတော်မူ၏ဟု မိန့်တော်မူ၏။ ။
၁၄၈။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
သမ္မုတိ မရဘဲ မည်သည် ဉတ်လျှင် လေးကြိမ်မြောက်သော ကံဖြင့် မသမုတ်အပ်ဘဲ။
ရဟန်းမိန်းမတို့ မည်သည် ဘိက္ခုသံဃာ 'ရဟန်းသံဃာ' ဘိက္ခုနီသံဃာ 'ရဟန်းမိန်းမသံဃာ' နှစ်ဖက်တို့၌ ပဉ္စင်းခံသော ရဟန်းမိန်းမတို့တည်း။
ဆုံးမငြားအံ့ဟူသည် ဂရုဓံ 'အလေးအမြတ်ပြုအပ်သောတရား' ရှစ်ပါးတို့ဖြင့် ဆုံးမအံ့၊ ပါစိတ်အာပတ် သင့်၏။
တစ်ပါးသော တရားဖြင့် ဆုံးမအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
တစ်ဖက်သံဃာ၌ ပဉ္စင်းဖြစ်သော ရဟန်းမိန်းမကို ဆုံးမအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၁၄၉။ သမ္မုတိရသော ထိုရဟန်းသည် ပရိဝုဏ်ကျောင်းဝင်းကို တံမြက်လှည်း၍ သောက်ရေ သုံးဆောင်ရေကို တည်ထားပြီးလျှင် နေရာကို ခင်းလျက် အဖော်ကို ခေါ်၍ နေထိုင်အပ်၏။
ရဟန်းမိန်းမ တို့သည် ထိုပရိဝုဏ်သို့ သွား၍ သမ္မုတိရသော ထိုရဟန်းကို ရှိခိုးပြီးလျှင် သင့်လျော်သော အရပ်၌ နေထိုင်အပ်၏။
သမ္မုတိရသော ထိုရဟန်းသည် ''နှမတို့ ညီညွတ်ကုန်၏လော''ဟု မေးအပ်၏၊
''အသျှင် ညီညွတ်ပါကုန်၏''ဟု အကယ်၍ ဆိုကုန်အံ့၊ နှမတို့ ဂရုဓံတရားရှစ်ပါးတို့သည် နှုတ်၌ လာကုန်၏လော 'နှုတ်တက်ကုန်၏လော'ဟု မေးအပ်၏၊
''အသျှင် နှုတ်၌လာပါကုန်၏''ဟု အကယ်၍ ဆိုကုန်အံ့၊ ''နှမတို့ ဤဂရုဓံသည် အဆုံးအမပင်တည်း''ဟု ဆို၍ ဆောက်နှင်းအပ်၏။
''အသျှင် နှုတ်၌ မလာပါကုန် 'နှုတ်မတက်ပါကုန်'ဟု အကယ်၍ ဆိုကုန်အံ့၊ ဂရုဓံ 'အလေးအမြတ်ပြုအပ်သောတရား' ပါဠိကို ရွတ်ဆို အပ်၏။
(၁) ''ပဉ္စင်းခံ၍ ဝါတစ်ရာရပြီးသော ရဟန်းမိန်းမသည် ထိုနေ့ပဉ္စင်းခံသော ရဟန်းအား ရှိးခိုးခြင်း ခရီးဦးကြိုပြုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်းကို ပြုအပ်၏၊
ဤတရားကိုလည်း အရိုအသေပြု၍ အလေးအမြတ်ပြု၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။
(၂) ရဟန်းမိန်းမသည် ရဟန်းယောက်ျားမရှိသော ကျောင်း၌ ဝါမကပ်အပ်၊
ဤတရားကိုလည်း အရိုအသေပြု၍ အလေးအမြတ်ပြု၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန် ကျူးအပ်။
(၃) လခွဲတစ်ကြိမ် ရဟန်းမိန်းမသည် ဘိက္ခုသံဃာမှ ဥပုသ်မေးခြင်းကိုလည်းကောင်း၊ အဆုံးအမခံ ယူခြင်းငှါ ချဉ်းကပ်ခြင်းကိုလည်းကောင်း ဤနှစ်ပါးသော တရားတို့ကို တောင့်တ အပ်ကုန်၏၊ ဤတရားကိုလည်း။ပ။ (၄) ဝါမှထပြီးသော ရဟန်းမိန်းမသည် ဘိက္ခု ဘိက္ခုနီ 'ရဟန်း ရဟန်းမိန်းမ' နှစ်ဖက်သော သံဃာ၌ မြင်သဖြင့်သော်လည်းကောင်း၊ ကြားသဖြင့်သော်လည်းကောင်း၊ ယုံမှားသဖြင့်သော် လည်းကောင်း ဤသုံးပါးသော အကြောင်းတို့ဖြင့် ဖိတ်ကြားအပ်၏၊ ဤတရားကိုလည်း။ပ။
(၅) သံဃာဒိသိသ်အာပတ်သို့ ရောက်သော ရဟန်းမိန်းမသည် ဘိက္ခု ဘိက္ခုနီ 'ရဟန်း ရဟန်း မိန်းမ' နှစ်ဖက်သော သံဃာ၌ ပက္ခမာနတ်ကို ကျင့်အပ်၏၊ ဤတရားကိုလည်း။ပ။
(၆) ခြောက်ပါးသော တရားတို့၌ နှစ်နှစ်တို့ပတ်လုံး ကျင့်ပြီးသော သိက္ခာရှိသော သိက္ခမာန်၏ ဘိက္ခု ဘိက္ခုနီ 'ရဟန်း ရဟန်းမိန်းမ' နှစ်ဖက်သော သံဃာ၌ ပဉ္စင်းအဖြစ်ကို ရှာအပ်၏၊ ဤတရားကိုလည်း။ပ။
(၇) ရဟန်းမိန်းမသည် တစ်စုံတစ်ခုသော အကြောင်းနှင့်မျှ ရဟန်းယောက်ျားကို မဆဲရေး 'မမြည်တွန်' အပ်၊ မရေရွတ်အပ်၊ ဤတရားကိုလည်း။ပ။
(၈) ယနေ့မှအစပြု၍ ရဟန်းမိန်းမတို့အား ရဟန်းယောက်ျားတို့၌ ပြောဆိုခြင်း အကြောင်းကို ပိတ်ပင်တားမြစ်အပ်၏၊ ရဟန်းယောက်ျားတို့အား ရဟန်းမိန်းမတို့၌ ပြောဆိုခြင်း အကြောင်းကို မပိတ်ပင် မတားမြစ်အပ်၊
ဤတရားကိုလည်း အရိုအသေပြု၍ အလေးအမြတ်ပြု၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်''ဟု (ရွတ်ဆိုအပ်၏)။
အသျှင် ညီညွတ်ပါကုန်၏ဟု ဆိုသော ရဟန်းမိန်းမအား (ဂရုဓံမှ) တစ်ပါးသော တရားကို အကယ်၍ ဟောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အသျှင် မညီညွတ်ပါကုန်ဟု ဆိုသော ရဟန်းမိန်းမအား ဂရုဓံတရားရှစ်ပါးတို့ကို အကယ်၍ ဟောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
(အသျှင်ဂရုဓံသည် နှုတ်၌ လာပါ၏ဟု ဆိုသော ရဟန်းမိန်းမအား) အဆုံးအမကို မဆောက်နှင်းမူ၍ 'မအပ်နှံမူ၍' တစ်ပါးသော တရားကို အကယ်၍ ဟောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၁၅၀။ အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိလျက် မညီညွတ်သော ရဟန်းမိန်းမသံဃာကို မညီ ညွတ်ဟု အမှတ်ရှိသည်ဖြစ်၍ ဆုံးမအံ့၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိလျက် မညီညွတ်သော ရဟန်းမိန်းမသံဃာကို ယုံမှားရှိသည် ဖြစ်၍ ဆုံးမအံ့၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိလျက် မညီညွတ်သော ရဟန်းမိန်းမသံဃာကို ညီညွတ်၏ဟု အမှတ်ရှိသည် ဖြစ်၍ ဆုံးမအံ့၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိလျက် မညီညွတ်သော ရဟန်းမိန်းမသံဃာကို မညီညွတ်ဟု အမှတ်ရှိသည် ဖြစ်၍ ဆုံးမအံ့၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိလျက် မညီညွတ်သော ရဟန်းမိန်းမသံဃာကို ယုံမှားရှိသည်ဖြစ်၍ ဆုံးမအံ့၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိလျက် မညီညွတ်သော ရဟန်းမိန်းမသံဃာကို ညီညွတ်၏ဟု အမှတ်ရှိသည် ဖြစ်၍့ဆုံးမအံ့၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိလျက် မညီညွတ်သော ရဟန်းမိန်းမသံဃာကို မညီညွတ်ဟု အမှတ်ရှိသည် ဖြစ်၍ ဆုံးမအံ့၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိလျက် မညီညွတ်သော ရဟန်းမိန်းမသံဃာကို ယုံမှားရှိသည်ဖြစ်၍ ဆုံးမအံ့၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိလျက် မညီညွတ်သော ရဟန်းမိန်းမသံဃာကို ညီညွတ်၏ဟု အမှတ်ရှိသည် ဖြစ်၍ ဆုံးမအံ့၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိလျက် ညီညွတ်သော ရဟန်းမိန်းမသံဃာကို မညီညွတ်ဟု အမှတ်ရှိသည် ဖြစ်၍ ဆုံးမအံ့၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိလျက် ညီညွတ်သော ရဟန်းမိန်းမသံဃာကို ယုံမှားရှိသည်ဖြစ်၍ ဆုံးမအံ့၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိလျက် ညီညွတ်သော ရဟန်းမိန်းမသံဃာကို ညီညွတ်၏ဟု အမှတ်ရှိသည် ဖြစ်၍ ဆုံးမအံ့၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိလျက် ညီညွတ်သော ရဟန်းမိန်းမသံဃာကို မညီညွတ်ဟု အမှတ်ရှိသည် ဖြစ်၍ ဆုံးမအံ့။ပ။ ယုံမှားရှိသည်ဖြစ်၍ ဆုံးမအံ့။ပ။ ညီညွတ်၏ဟု အမှတ်ရှိသည်ဖြစ်၍ ဆုံးမအံ့၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိလျက် ညီညွတ်သော ရဟန်းမိန်းမသံဃာကို မညီညွတ်ဟု အမှတ်ရှိ သည် ဖြစ်၍ ဆုံးမအံ့။ပ။ ယုံမှားရှိသည်ဖြစ်၍ ဆုံးမအံ့။ပ။ ညီညွတ်၏ဟု အမှတ်ရှိသည်ဖြစ်၍ ဆုံးမအံ့၊ ပါစိတ်အာပတ် သင့်၏။
၁၅၁။ ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိလျက် မညီညွတ်သော ရဟန်းမိန်းမသံဃာကို မညီညွတ်ဟု အမှတ်ရှိသည်ဖြစ်၍ ဆုံးမအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိလျက် မညီညွတ်သော ရဟန်းမိန်းမသံဃာကို ယုံမှားရှိသည်ဖြစ်၍ ဆုံးမအံ့။ပ။ ညီညွတ်၏ဟု အမှတ်ရှိသည်ဖြစ်၍ ဆုံးမအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိလျက် မညီညွတ်သော ရဟန်းမိန်းမသံဃာကို မညီညွတ်ဟု အမှတ်ရှိသည်ဖြစ်၍ ဆုံးမအံ့။ပ။ ယုံမှားရှိသည်ဖြစ်၍ ဆုံးမအံ့။ပ။ ညီညွတ်၏ဟု အမှတ်ရှိသည်ဖြစ်၍ ဆုံးမအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိလျက် မညီညွတ်သော ရဟန်းမိန်းမသံဃာကို မညီညွတ်ဟု အမှတ် ရှိသည် ဖြစ်၍ ဆုံးမအံ့။ပ။ ယုံမှားရှိသည်ဖြစ်၍ ဆုံးမအံ့။ပ။ ညီညွတ်၏ဟု အမှတ်ရှိသည်ဖြစ်၍ ဆုံးမအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိလျက် ညီညွတ်သော ရဟန်းမိန်းမသံဃာကို မညီညွတ်ဟု အမှတ်ရှိ သည် ဖြစ်၍ ဆုံးမအံ့။ပ။ ယုံမှားရှိသည်ဖြစ်၍ ဆုံးမအံ့။ပ။ ညီညွတ်၏ဟု အမှတ်ရှိသည်ဖြစ်၍ ဆုံးမအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိလျက် ညီညွတ်သော ရဟန်းမိန်းမသံဃာကို မညီညွတ်ဟု အမှတ်ရှိသည်ဖြစ်၍ ဆုံးမအံ့။ပ။ ယုံမှားရှိသည်ဖြစ်၍ ဆုံးမအံ့။ပ။ ညီညွတ်၏ဟု အမှတ်ရှိသည်ဖြစ်၍ ဆုံးမအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိလျက် ညီညွတ်သော ရဟန်းမိန်းမသံဃာကို မညီညွတ်ဟု အမှတ်ရှိသည် ဖြစ်၍ ဆုံးမအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိလျက် ညီညွတ်သော ရဟန်းမိန်းမသံဃာကို ယုံမှားရှိသည်ဖြစ်၍ ဆုံးမအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိလျက် ညီညွတ်သော ရဟန်းမိန်းမသံဃာကို ညီညွတ်၏ဟု အမှတ်ရှိသည် ဖြစ်၍ ဆုံးမအံ့၊ အာပတ် မသင့်။
၁၅၂။ (ဂရုဓံ) ပါဠိကို သင်ပေးအံ့၊ (ဂရုဓံ) ပါဠိ၏ အနက် 'အဋ္ဌကထာ' ကို သင်ပေးအံ့၊ အသျှင် ရွတ်ပါလော့ဟု ဆိုသောကြောင့် ရွတ်ဆိုအံ့၊ ပြဿနာကို မေးအံ့၊ ပြဿနာကို မေးသောကြောင့် ဖြေအံ့၊ သူတစ်ပါးအကျိုးငှါ ဟောသော တရားကို ရဟန်းမိန်းမတို့သည် နာကုန်အံ့၊ အာပတ် မသင့်။ သိက္ခမာန် သာမဏေမအား ဆုံးမအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့ အားလည်း အာပတ် မသင့်။
ပဌမ ဩဝါဒသိက္ခာပုဒ် ပြီး၏။