Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

7. Mahānāmasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၃၀၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
မဟာနာမ်မည်သော သာကီဝင်မင်းအား ဆေးပေါများ၏။
ထိုအခါ မဟာနာမ်မည်သော သာကီဝင်မင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍
ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်ကာ
မြတ်စွာဘုရားအား ''အသျှင်ဘုရား အကျွန်ုပ်သည် သံဃာကို လေးလတို့ပတ်လုံး ဆေး ဖြင့် ဖိတ်ကြားလိုပါ၏။''ဟု လျှောက်၏။
မဟာနာမ် ကောင်းပေစွ ကောင်းပေစွ၊
မဟာနာမ် သို့ဖြစ်လျှင် သင်သည် သံဃာကို လေးလတို့ပတ်လုံး ဆေးဖြင့် ဖိတ်ကြားလော့ဟု (မိန့်တော်မူ၏)။
ရဟန်းတို့သည် မအပ်ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိသည်ဖြစ်၍ လက်မခံကုန်။
မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ လေးလတို့ပတ်လုံး ဆေးဖြင့် ဖိတ်ကြားခြင်းကို သာယာ (လက်ခံ) ခြင်းငှါ ခွင့်ပြုတော် မူ၏''ဟု မိန့်တော်မူ၏။
၃၀၄။ ထိုအခါ ရဟန်းတို့သည် မဟာနာမ်မည်သော သာကီဝင်မင်းအား အနည်းငယ်သော ဆေးကိုသာ တောင်းကုန်၏။
မဟာနာမ်မည်သော သာကီဝင်မင်းအား ဆေးပေါများမြဲ ပေါများ၏။
နှစ်ကြိမ် မြောက်လည်း မဟာနာမ်မည်သော သာကီဝင်မင်းသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခု သော နေရာ၌ ထိုင်ကာ မြတ်စွာဘုရားအား ''အသျှင်ဘုရား အကျွန်ုပ်သည် သံဃာကို နောက်ထပ် လေးလတို့ပတ်လုံး ဆေးဖြင့် ဖိတ်ကြားလိုပါ၏''ဟု လျှောက်ပြန်၏။
မဟာနာမ် ကောင်းပေစွ ကောင်းပေစွ၊
မဟာနာမ် သို့ဖြစ်လျှင် သင်သည် သံဃာကို နောက်ထပ် လေးလတို့ပတ်လုံး ဆေးဖြင့် ဖိတ်ကြားဦးလော့ဟု (မိန့်တော်မူ၏)။
ရဟန်းတို့သည် မအပ်ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိသည် ဖြစ်၍ လက်မခံကုန်။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ နောက်ထပ် ဖိတ်ကြားခြင်းကို သာယာ (လက်ခံ) ခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
၃၀၅။ ထိုအခါ ရဟန်းတို့သည် မဟာနာမ်မည်သော သာကီဝင်မင်းအား အနည်းငယ်မျှသော ဆေး ကိုသာ တောင်းကုန်၏။
မဟာနာမ်မည်သော သာကီဝင်မင်းအား ရှေးအတူပင် ဆေးသည် ပေါများမြဲ ပေါများနေပြန်၏။
သုံးကြိမ်မြောက်လည်း မဟာနာမ်မည်သော သာကီဝင်မင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍
ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်ကာ
မြတ်စွာဘုရားအား ''အသျှင်ဘုရား အကျွန်ုပ်သည် သံဃာကို အသက်ထက်ဆုံးဆေးဖြင့် ဖိတ်ကြားလိုပါ၏''ဟု လျှောက်၏။
မဟာနာမ် ကောင်းပေစွ ကောင်းပေစွ၊
မဟာနာမ် သို့ဖြစ်လျှင် သင်သည် သံဃာကို အသက်ထက်ဆုံးပင် ဆေးဖြင့် ဖိတ်ကြား လော့ဟု (မိန့်တော်မူ၏)။
ရဟန်းတို့သည် မအပ်ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိသည်ဖြစ်၍ လက်မခံကုန်။
မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ အမြဲဖိတ်ကြားခြင်းကို လက်ခံ (သာယာ) ခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မကောင်းသဖြင့် ဝတ်ဆင်ကုန်၏၊ မကောင်းသဖြင့် ဝတ်ရုံကုန်၏၊ (ရဟန်း၏) အသွင်နှင့် မပြည့်စုံကုန်။
မဟာနာမ်မည်သော သာကီဝင်မင်းသည် ''အသျှင်ဘုရားတို့ အသျှင် တို့သည် အဘယ့်ကြောင့် မကောင်းသဖြင့် ဝတ်ဆင်ကုန်ဘိသနည်း၊ မကောင်းသဖြင့် ဝတ်ရုံကုန်ဘိသနည်း၊ (ရဟန်း၏) အသွင်နှင့် မပြည့်စုံကုန်ဘိသနည်း၊ ရဟန်းဖြစ်သော သူသည် ကောင်းစွာ ဝတ်ဆင် သင့်သည် ကောင်းစွာ ဝတ်ရုံသင့်သည် (ရဟန်း၏) အသွင်နှင့် ပြည့်စုံသင့်သည် မဟုတ်ပါလော''ဟု ပြောဆိုလေ့ ရှိ၏။
ဆဗ္ဗဂ္ဂီရဟန်းတို့သည် မဟာနာမ်အမည်ရှိသော သာကီဝင်မင်း၌ ရန်ငြိုးဖွဲ့ကုန်၏။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့အား ''ငါတို့သည် အဘယ်သို့သော အကြောင်းဥပါယ်ဖြင့် မဟာနာမ် မည်သော သာကီဝင်မင်းကို မျက်နှာမလှအောင် ပြုရပါကုန်အံ့နည်း''ဟု အကြံဖြစ်၏။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့အား ''ငါ့သျှင်တို့ မဟာနာမ်မည်သော သာကီဝင်မင်းသည် သံဃာကို ဆေးဖြင့် ဖိတ်ကြား၏၊ ငါ့သျှင်တို့ ယခုပင်လျှင် ငါတို့သည် မဟာနာမ်မည်သော သာကီဝင်မင်းအား ထောပတ်ကို တောင်းကြကုန်အံ့''ဟု အကြံဖြစ်၏။
ထို့နောက် ဆဗ္ဗဂ္ဂီရဟန်းတို့သည် မဟာနာမ်မည်သော သာကီဝင်မင်းထံသို့ ချဉ်းကပ်၍ ''ဒါယကာ တစ်စိတ် (လေးပြည်ဝင်) ထောပတ် အလိုရှိ၏''ဟု မဟာနာမ်မည်သော သာကီဝင်မင်းအား ပြောဆိုကုန်၏။
အသျှင်ဘုရားတို့ ယနေ့တစ်ရက်မျှ ဆိုင်းငံ့ပါကုန်ဦးလော့၊
လူတို့သည် ထောပတ်ဆောင်ယူရန် နွားခြံသို့ သွားပါကုန်၏
အချိန်တန်လျှင် ဆောင်ယူလာပါကုန်လတ္တံ့ဟု (ဆို၏)။
နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း ဆဗ္ဗဂ္ဂီရဟန်းတို့သည် ''ဒါယကာ တစ်စိတ် (လေးပြည်ဝင်) ထောပတ် အလိုရှိ၏''ဟု မဟာနာမ်မည်သော သာကီဝင်မင်းအား ပြောဆိုကုန်၏။
အသျှင် ဘုရားတို့ ယနေ့ တစ်ရက်မျှ ဆိုင်းငံ့ပါကုန်ဦးလော့၊
လူတို့သည် ထောပတ်ဆောင်ယူရန် နွားခြံသို့ သွားပါကုန်၏၊
အချိန်တန်လျှင် ဆောင်ယူလာပါကုန်လတ္တံ့ဟု (ဆို၏)။
ဒါယကာ သင်သည် မပေးလှူလိုဘဲ ဖိတ်ကြားခြင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ သင်သည် (ဟုတ်လေယောင်ယောင်) ဖိတ်ကြား၍ မပေး လှူဘဲ နေဘိ၏ဟု (ဆိုကြကုန်၏)။
ထိုအခါ မဟာနာမ်မည်သော သာကီဝင်မင်းသည် ''အဘယ့်ကြောင့် အသျှင်ကောင်းတို့သည် 'ယနေ့ တစ်ရက်မျှ ဆိုင်းငံ့ကုန်ဦးလော့'ဟု ဆိုအပ်ပါလျက် မဆိုင်းငံ့ကုန်ဘိသနည်း''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုသော မဟာနာမ်မည်သော သာကီဝင်မင်း၏ စကားကို ကြားကြသည်သာတည်း။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် မဟာနာမ်မည်သော သာကီဝင်မင်းက 'အသျှင်ဘုရားတို့ ယနေ့တစ်ရက်မျှ ဆိုင်းငံ့ပါကုန်ဦးလော့'ဟု ဆိုပါလျက် မဆိုင်းငံ့ ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် မဟာနာမ်မည်သော သာကီဝင်မင်းက 'အသျှင်ဘုရားတို့ ယနေ့ တစ်ရက်မျှ ဆိုင်းငံ့ပါကုန်ဦးလော့'ဟု ဆိုပါလျက် မဆိုင်းငံ့ကြကုန်ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် မဟာနာမ်မည်သော သာကီဝင်မင်းက 'အသျှင်ဘုရားတို့ ယနေ့တစ်ရက်မျှ ဆိုင်းငံ့ကုန်ဦးလော့'ဟု ဆိုပါလျက် မဆိုင်းငံ့ကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညို စေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၃၀၆။ ''မနာမဖျားသော ရဟန်းသည် နောက်ထပ်ဖိတ်ကြားခြင်းနှင့် အမြဲဖိတ်ကြားခြင်းကို ကြဉ်၍ လေးလတို့ပတ်လုံး ဆေးဖြင့် ဖိတ်ကြားခြင်းကို သာယာ (လက်ခံ) အပ်၏၊
ထိုလေးလထက် အလွန် သာယာငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၃၀၇။ မနာမဖျားသော ရဟန်းသည် လေးလတို့ပတ်လုံး ဆေးဖြင့် ဖိတ်ကြားခြင်းကို သာယာအပ်၏ဟူသည် သူနာ၏ အထောက်အပံ့ ဆေးဖြင့် ဖိတ်ကြားသည်ကို သာယာအပ်၏။
နောက်ထပ်ဖိတ်ကြားခြင်းကို သာယာအပ်၏ဟူသည် အကြင်အခါ နာဖျားအံ့၊ ထိုအခါ တောင်းအံ့ဟု သာယာအပ်၏။
အမြဲဖိတ်ကြားခြင်းကို သာယာအပ်၏ဟူသည် အကြင်အခါ နာဖျားအံ့၊ ထိုအခါ တောင်းအံ့ဟု သာယာအပ်၏။
ထိုလေးလထက်အလွန် သာယာငြားအံ့ဟူသည် ဆေးအပိုင်းအခြားသာ ရှိ၍ ညဉ့်အပိုင်းအခြားမ ရှိသော ဖိတ်ကြားခြင်းသည် ရှိ၏၊ ညဉ့်အပိုင်းအခြားသာ ရှိ၍ ဆေးအပိုင်းအခြား မရှိသော ဖိတ်ကြားခြင်း သည် ရှိ၏၊ ဆေးအပိုင်းအခြားလည်းရှိ ညဉ့်အပိုင်းအခြားလည်း ရှိသော ဖိတ်ကြားခြင်းသည် ရှိ၏၊ ဆေးအပိုင်းအခြားလည်း မရှိ ညဉ့်အပိုင်းအခြားလည်း မရှိသော ဖိတ်ကြားခြင်းသည် ရှိ၏၊
ဆေးအပိုင်းအခြား ရှိသော မည်သည် ''ဤမျှအတိုင်းအရှည်ရှိသော ဆေးတို့ဖြင့် ဖိတ်ကြား၏''ဟု ဆေးတို့ကို သိမ်းဆည်း (သတ်မှတ်) အပ်ကုန်၏။
ညဉ့်အပိုင်းအခြား ရှိသော မည်သည် ''ဤမျှအတိုင်းအရှည်ရှိသော ညဉ့်တို့၌ ဖိတ်ကြား၏''ဟု ညဉ့်တို့ကို သိမ်းဆည်း (သတ်မှတ်) အပ်ကုန်၏။
ဆေးအပိုင်းအခြားလည်းရှိ ညဉ့်အပိုင်းအခြားလည်းရှိ မည်သည် ''ဤမျှအတိုင်းအရှည်ရှိသော ဆေးတို့ဖြင့် ဤမျှအတိုင်းအရှည်ရှိသော ညဉ့်တို့၌ ဖိတ်ကြား၏''ဟု ဆေးတို့ကိုလည်း သိမ်းဆည်း (သတ်မှတ်) အပ်ကုန်၏၊ ညဉ့်တို့ကိုလည်း သိမ်းဆည်း (သတ်မှတ်) အပ်ကုန်၏။
ဆေးအပိုင်းအခြားလည်းမရှိ ညဉ့်အပိုင်းအခြားလည်းမရှိ မည်သည် ဆေးတို့ကိုလည်း မသိမ်းဆည်း (မသတ်မှတ်) အပ်ကုန်၊ ညဉ့်တို့ကိုလည်း မသိမ်းဆည်း (မသတ်မှတ်) အပ်ကုန်။
၃၀၈။ ဆေးအပိုင်းအခြား ရှိရာ၌ ဖိတ်ကြားထားသော ဆေးတို့ကို ဖယ်ထား၍ တစ်ပါးသော ဆေး တို့ကို တောင်းအံ့၊ ပါစိတ်အာပတ် သင့်၏။
ညဉ့်အပိုင်းအခြား ရှိရာ၌ ဖိတ်ကြားထားသော ညဉ့်တို့ကို ဖယ်ထား၍ တစ်ပါးသော ညဉ့်တို့၌ တောင်းအံ့၊ ပါစိတ်အာပတ် သင့်၏။
ဆေးအပိုင်းအခြားလည်း ရှိ၍ ညဉ့်အပိုင်းအခြားလည်း ရှိရာ၌ ဖိတ်ကြားထားသော ဆေးဖိတ်ကြား ထားသော ညဉ့်တို့ကို ဖယ်ထား၍ တစ်ပါးသော ဆေးတို့ကို တစ်ပါးသော ညဉ့်တို့၌ တောင်းအံ့၊ ပါစိတ်အာပတ် သင့်၏။
ဆေးအပိုင်းအခြား မရှိ ညဉ့်အပိုင်းအခြား မရှိရာ၌ အာပတ် မသင့်။
၃၀၉။ ဆေးဖြင့် ပြုဖွယ်ကိစ္စ မရှိဘဲ ဆေးကို တောင်းအံ့၊ ပါစိတ်အာပတ် သင့်၏။
တစ်ပါးသော ဆေးဖြင့် ပြုဖွယ်ကိစ္စရှိလျက် ထိုမှတစ်ပါးသော ဆေးကို တောင်းအံ့၊ ပါစိတ်အာပတ် သင့်၏။
ထိုဆေး ထိုညဉ့်ထက် လွန်သည်၌ ထိုဆေး ထိုညဉ့်ထက် လွန်၏ဟု အမှတ်ရှိသည်ဖြစ်၍ ဆေးကို တောင်းအံ့၊ ပါစိတ်အာပတ် သင့်၏။
ထိုဆေး ထိုညဉ့်ထက် လွန်သည်၌ ယုံမှားရှိ၍ ဆေးကို တောင်းအံ့၊ ပါစိတ်အာပတ် သင့်၏။
ထိုဆေး ထိုညဉ့်ထက် လွန်ရာ၌ ထိုဆေး ထိုညဉ့်ထက် မလွန်ဟု အမှတ်ရှိ သည်ဖြစ်၍ ဆေးကို တောင်းအံ့၊ ပါစိတ်အာပတ် သင့်၏။
ထိုဆေး ထိုညဉ့်ထက် မလွန်ရာ၌ ထိုဆေး ထိုညဉ့်ထက် လွန်၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထိုဆေး ထိုညဉ့်ထက် မလွန်ရာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထိုဆေး ထိုညဉ့်ထက် မလွန်ရာ၌ ထိုဆေး ထိုညဉ့်ထက် မလွန်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၃၁၀။ ဖိတ်ကြားထားသော ဆေးတို့ကို တောင်းအံ့၊ ဖိတ်ကြားထားသော ညဉ့်တို့၌ တောင်းအံ့၊ ''သင်သည် ဤဆေးတို့ဖြင့် ဖိတ်ကြားထား၏၊ ငါတို့သည်ကား ဤမည် ဤမည်သော ဆေးကို အလိုရှိ၏''ဟု ပြောကြား၍ တောင်းအံ့၊ ''သင်ဖိတ်ကြားထားသော ညဉ့်တို့သည် လွန်ကုန်ပြီ၊ ငါတို့သည်လည်း ဆေးကို အလိုရှိ၏''ဟု ပြောကြား၍ တောင်းအံ့၊ ဆွေမျိုးတော်စပ်သူတို့ကိုသော်လည်းကောင်း၊ ဖိတ်ကြား သော သူတို့ကိုသော်လည်းကောင်း တောင်းအံ့၊ သူတစ်ပါးအကျိုးငှါ တောင်းအံ့၊ မိမိဥစ္စာဖြင့် တောင်းအံ့၊ အာပတ် မသင့်။
ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။