Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

9. Vikappanasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၃၇၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် အစ်ကို၏ အတူနေတပည့်ဖြစ်သော ရဟန်းအား သင်္ကန်းကို ကိုယ်တိုင် ဝိကပ္ပနာပြုပြီး၍ 'မိမိဥစ္စာအဖြစ်မှ ကင်းအောင် ပြုလုပ်ပြီး၍'ပစ္စုဒ္ဓိုရ် 'တစ်ဖန်ဆောက်နှင်းခြင်း' မပြုဘဲ သုံးဆောင်၏။
ထိုအခါ ထိုရဟန်းသည် ရဟန်းတို့အား- ''ငါ့သျှင်တို့ ဤသာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် အကျွန်ုပ်အား သင်္ကန်းကို ကိုယ်တိုင် ဝိကပ္ပနာပြုပြီး၍ ပစ္စုဒ္ဓိုရ်မပြုဘဲ သုံးဆောင်၏''ဟု ပြောကြား၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် ရဟန်း အား သင်္ကန်းကို ကိုယ်တိုင် ဝိကပ္ပနာပြုပြီး၍ ပစ္စုဒ္ဓိုရ်မပြုဘဲ သုံးဆောင်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ဥပနန္ဒ သင်သည် ရဟန်းအား သင်္ကန်းကို ကိုယ်တိုင် ဝိကပ္ပနာပြု၍ ပစ္စုဒ္ဓိုရ်မပြုဘဲ သုံးဆောင်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားသင်သည် အဘယ့်ကြောင့် ရဟန်းအား သင်္ကန်းကို ကိုယ်တိုင် ဝိကပ္ပနာပြုပြီး၍ ပစ္စုဒ္ဓိုရ် မပြုဘဲ သုံးဆောင်ဘိသနည်း၊
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၃၇၃။ ''အကြင်ရဟန်းသည် ရဟန်းအားလည်းကောင်း၊ ရဟန်း မိန်းမအားလည်းကောင်း၊ သိက္ခမာန်အားလည်းကောင်း၊ သာမဏေအား လည်းကောင်း၊ သာမဏေမအားလည်းကောင်း သင်္ကန်းကို ကိုယ်တိုင် ဝိကပ္ပနာပြုပြီး၍ 'မိမိဥစ္စာ အဖြစ်မှ ကင်းအောင် ပြုလုပ်ပြီး၍' ပစ္စုဒ္ဓိုရ်မပြုဘဲ 'တစ်ဖန် ဆောက်နှင်းခြင်း' မပြုဘဲ သုံးဆောင်အံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြ ကုန်လော့ဟု မိန့်တော်မူ၏)။
၃၇၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ရဟန်းအားဟူသည် တစ်ပါးသော ရဟန်းအား။
ရဟန်းမိန်းမ မည်သည် (ရဟန်းယောက်ျား ရဟန်းမိန်းမဟူသော) နှစ်ဖက်သံဃာ၌ ပဉ္စင်းဖြစ်သော မိန်းမတည်း။
သိက္ခမာန် မည်သည် နှစ်နှစ်ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကို ကျင့်ပြီးသော မိန်းမတည်း။
သာမဏေ မည်သည် သိက္ခာပုဒ်ဆယ်ပါး၁ ရှိသောသူတည်း။
သာမဏေမ မည်သည် သိက္ခာပုဒ်ဆယ်ပါးရှိသော သူမတည်း။
ကိုယ်တိုင်ဟူသည် ကိုယ်တိုင် ဝိကပ္ပနာပြုပြီး၍။
သင်္ကန်း မည်သည် သင်္ကန်းခြောက်ထည်တို့တွင် အယုတ်ဆုံး ဝိကပ္ပနာလောက်သော တစ်ထည် ထည်သော သင်္ကန်းတည်း။
ဝိကပ္ပနာ မည်သည် မျက်မှောက် ဝိကပ္ပနာ၊ မျက်ကွယ် ဝိကပ္ပနာ ပြုခြင်းဟူ၍ ဝိကပ္ပနာနှစ်မျိုး ရှိ၏။
မျက်မှောက် ဝိကပ္ပနာပြုခြင်း မည်သည် ဤသင်္ကန်းကို သင့်အား ဝိကပ္ပနာပြု၏၊ သို့မဟုတ် ဤမည်သော ရဟန်းအား ဝိကပ္ပနာပြု၏ဟု ပြုခြင်းတည်း။
မျက်ကွယ် ဝိကပ္ပနာပြုခြင်း မည်သည် ဤသင်္ကန်းကို ဝိကပ္ပနာပြုခြင်းငှါ သင့်အား ပေးပါ၏၊ဟု ဆိုရမည်။
ထို (သင်္ကန်းလက်ခံသူ) ရဟန်းက ''သင်၏ အကျွမ်းဝင်သော မိတ်ဆွေ၊ သို့မဟုတ် မြင်ဖူးကာ မျှသော မိတ်ဆွေသည် အဘယ်သူနည်း''ဟု မေးရမည်။
ဤမည် ဤမည်သော ရဟန်းသည် (အကျွန်ုပ်၏) အကျွမ်းဝင်သော မိတ်ဆွေ၊ သို့မဟုတ် မြင်ဖူး ကာမျှသော မိတ်ဆွေတည်းဟု ဆိုရမည်။
ထို (သင်္ကန်းလက်ခံသူ) ရဟန်းက ''အကျွန်ုပ်သည် ထို (သင်ပြောသော) ရဟန်းတို့အား ပေးပါ၏ဟု (ဆို၍ တစ်ဖန်) ထိုသူတို့၏ ဥစ္စာကို သုံးဆောင်မူလည်း သုံးဆောင်လော့၊ စွန့်မူလည်း စွန့်လော့၊ အကြောင်းအားလျော်စွာ ပြုမူလည်း ပြုလော့''ဟု ဆိုရမည်။
ပစ္စုဒ္ဓိုရ်မပြုခြင်း မည်သည် ထိုရဟန်းအားလည်း မပေး၊ ထိုရဟန်းနှင့်လည်း အကျွမ်းမဝင်ဘဲ သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
၃၇၅။ ပစ္စဒ္ဓိုရ်မပြုရာ၌ ပစ္စုဒ္ဓိုရ်မပြုဟု အမှတ်ရှိသည် ဖြစ်၍ သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
ပစ္စုဒ္ဓိုရ်မပြုရာ၌ ယုံမှားရှိသည်ဖြစ်၍ သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏၊
ပစ္စုဒ္ဓိုရ်မပြုရာ၌ ပစ္စုဒ္ဓိုရ်ပြု၏့ဟု အမှတ်ရှိသည်ဖြစ်၍ သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏၊
အဓိဋ္ဌာန်တင်သော်လည်းကောင်း၊ စွန့်သော်လည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။
ပစ္စုဒ္ဓိုရ်ပြုပြီး သည်၌ ပစ္စုဒ္ဓိုရ်မပြုဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
ပစ္စုဒ္ဓိုရ်ပြုပြီးသည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
ပစ္စုဒ္ဓိုရ်ပြုပြီးသည်၌ ပစ္စုဒ္ဓိုရ်ပြု၏ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၃၇၆။ ထို (သင်္ကန်းလက်ခံသော ဝိနည်းဓိုရ်) ရဟန်းကသော်လည်း ပေးအံ့၊ ထိုရဟန်းနှင့်သော်လည်း အကျွမ်းဝင်၍ သုံးဆောင်အံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
နဝမ ဝိကပ္ပနသိက္ခာပုဒ် ပြီး၏။ ၁။ ဆယ်ပါးဆိုသော်လည်း လိင် ဒဏ် သေခိယစသည်လာသော ကျင့်ဝတ်များစွာ ရှိသေး၏။