၄၂၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ကဏ္ဍကမည်သော သာမဏေအား ''(ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့် အတိုင်း ငါ သိ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်''ဟု ယုတ်မာသော မိစ္ဆာအယူ ရှိ၏။
များစွာသော ရဟန်းတို့သည် ''ကဏ္ဍကမည်သော သာမဏေအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါသိ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ဟု ယုတ်မာသော မိစ္ဆာအယူ ရှိ၏''ဟူ၍ ကြားကြသည်သာတည်း။
ထိုအခါ ထိုရဟန်းတို့သည် ကဏ္ဍကမည်သော သာမဏေထံသို့ ချဉ်းကပ်၍
ကဏ္ဍကမည်သော သာမဏေကို ''ငါ့သျှင်ကဏ္ဍက သင့်အား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါသိ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုစေခြင်းငှါ မစွမ်းနိုင်ဟု ယုတ်မာသော မိစ္ဆာအယူ ရှိ၏ဟူသည် မှန်သလော''ဟု မေးကြကုန်၏။
အသျှင်ဘုရားတို့ကြားသည့်အတိုင်း မှန်ပေ၏၊ (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း အကျွန်ုပ် သိပါ၏၊ ထိုတရား တို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ပါဟု (လျှောက်၏)။
ငါ့သျှင်ကဏ္ဍက ဤသို့ မဆိုလင့်၊
မြတ်စွာဘုရားကို ဤသို့ မစွပ်စွဲလင့်၊
မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်းချေ၊
မြတ်စွာဘုရားသည် ဤသို့ ဟောတော်မမူရာ။
ငါ့သျှင်ကဏ္ဍက များစွာသော အကြောင်းဖြင့် အန္တရာယ်ကို ပြုတတ်သော တရားတို့ကို အန္တရာယ်ကို ပြုတတ်သော တရားတို့ဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏၊
ထိုတရားတို့သည် မှီဝဲသော သူအား အန္တရာယ်ကို ပြုခြင်းငှါ စွမ်းနိုင်သည်သာတည်း၊
ကာမဂုဏ်တို့ကို သာယာဖွယ်နည်းကုန်၏၊ ဆင်းရဲများကုန်၏၊ ပူဆွေးခြင်းများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟု မြတ်စွာဘုရားသည် ဟောတော်မူ၏။ပ။
ဤသို့လျှင် ကဏ္ဍကသာမဏေသည် ထိုရဟန်းတို့က ပြောဆို ဆုံးမပါလျက်-
''အသျှင်ဘုရားတို့ကြားသည့်အတိုင်း မှန်ပါသည်။ (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကိုပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း အကျွန်ုပ် သိပါ၏၊ ထိုတရား တို့သည် မှီဝဲသောသူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ပါဟု ထိုရှေးအတူသာလျှင် ထိုယုတ်မာသော မိစ္ဆာအယူကို အစွမ်းကုန် မှားသောအားဖြင့် သုံးသပ်ကာ စွဲစွဲမြဲမြဲ ပြောဆို၏။
ထိုရဟန်းတို့သည် ကဏ္ဍကသာမဏေကို ထိုယုတ်မာသော မိစ္ဆာအယူမှ လွတ်စေခြင်းငှါ မတတ်နိုင် ကြသောအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍
ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာ ဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းအပေါင်းကို စည်းဝေးစေ၍ ကဏ္ဍကသာမဏေကို-
''ကဏ္ဍက သင့်အား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထား သော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါ သိပါ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ပါဟု ယုတ်မာသော မိစ္ဆာအယူ ရှိ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
ကြားတော်မူသည့်အတိုင်း မှန်ပါသည် အသျှင်ဘုရား၊ (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း တပည့်တော် သိပါ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကိုပြုခြင်းငှါ မစွမ်းနိုင်ပါဟု (လျှောက်၏)။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ငါသည် အဘယ်သူအား ဤသို့ တရားဟောတော် မူသည်ကို သင် သိသနည်း၊
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ငါသည် များစွာသော အကြောင်းဖြင့် အန္တရာယ်ကို ပြုတတ်ကုန်သော တရားတို့ကို အန္တရာယ်ကို ပြုတတ်ကုန်၏ဟူ၍ ဟော တော်မူသည် မဟုတ်ပါလော၊ ထိုတရားတို့သည် မှီဝဲသောသူအား အန္တရာယ်ပြုခြင်းငှါ စွမ်းနိုင်သည် သာတည်းဟု (ဟောတော်မူသည် မဟုတ်လော)။
ငါသည် ကာမဂုဏ်တို့ကို သာယာဖွယ်နည်းကုန်၏၊ ဆင်းရဲများကုန်၏၊ ပူဆွေးခြင်းများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟူ၍ ဟောတော်မူ၏။
ငါသည် ကာမဂုဏ်တို့ကို အသားမကပ်သော အရိုးနှင့် တူကုန်၏။ပ။ မြွေဦးခေါင်းနှင့် တူကုန်၏ဟူ၍လည်းကောင်း ဟောတော်မူ၏၊ ငါသည် ကာမဂုဏ် တို့ကို သာယာဖွယ် နည်းကုန်၏၊ ဆင်းရဲများကုန်၏၊ ပူဆွေးခြင်းများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟူ၍ ဟောထားသည် မဟုတ်လော။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ထိုသို့ ဟောထားပါလျက် သင်သည် မိမိ၏ မကောင်း သော စွဲယူခြင်းဖြင့် ငါတို့ကိုလည်း စွပ်စွဲဘိ၏၊ မိမိကိုယ်ကိုလည်း တူးဖြိုဖျက်ဆီးဘိ၏၊ အကုသိုလ် တရားတို့ကိုလည်း များစွာ ပွါးများစေဘိ၏၊
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင့်အား ထိုယုတ်မာသော မိစ္ဆာအယူသည် ကာလရှည်မြင့်စွာ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်လတ္တံ့။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့ အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ကြည်ညိုပြီးသော အချို့သူတို့အားလည်း အကြည်အညို ပျက်စေခြင်းငှါလည်းကောင်း ဖြစ်၏ဟု
ကဲ့ရဲ့တော်မူ၍ တရားစကားကို ဟောကြားပြီးလျှင် ရဟန်းတို့ကို-
''ရဟန်းတို့ သို့ဖြစ်လျှင် သံဃာတော်သည် ကဏ္ဍကမည်သော သာမဏေကို ဖျက်ဆီးလော့''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့ ဖျက်ဆီးရမည်။
''ငါ့သျှင်ကဏ္ဍက သင်သည် ယနေ့မှ စ၍ ထိုမြတ်စွာဘုရားကို ဆရာဟူ၍လည်း မညွှန်ကြားနှင့် တော့၊ သင်မှ တစ်ပါးသော သာမဏေတို့သည် ရဟန်းတို့နှင့် အတူ နှစ်ညဉ့် သုံးညဉ့်ပတ်လုံး အတူ အိပ်ခြင်းကိုလည်း ရကုန်၏၊ ထိုအတူအိပ်ခြင်းသည်လည်း သင့်အား မရှိတော့ပြီ၊ မမြတ်နိုးအပ်သော သာမဏေ သွားလေတော့၊ ပျောက်ပျက်လေတော့''ဟု (ဆို၍ ဖျက်ဆီးရမည်)။
ထိုအခါ၌ သံဃာသည် ကဏ္ဍကသာမဏေကို ဖျက်ဆီး၏။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိလျက် ထိုသို့ဖျက်ဆီးထားပြီးသော ကဏ္ဍကသာမဏေကို ဖြားယောင်းလည်း ဖြားယောင်းကုန်၏၊ လုပ်ကျွေးလည်း လုပ်ကျွေးစေကုန်၏၊ အတူလည်း သုံးဆောင်ကုန်၏၊ အတူလည်း အိပ်ကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိလျက် ထိုသို့ ဖျက်ဆီးထားပြီးသော ကဏ္ဍကသာမဏေကို ဖြားယောင်းလည်း ဖြားယောင်းကုန်ဘိသနည်း လုပ်ကျွေး လည်း လုပ်ကျွေးစေကုန်ဘိသနည်း အတူလည်း သုံးဆောင်ကြကုန်ဘိသနည်း အတူလည်း အိပ်ကြကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ သင်တို့သည် သိလျက် ထိုသို့ ဖျက်ဆီးထားပြီးသော ကဏ္ဍကသာမဏေကို့ဖြားယောင်းလည်း ဖြားယောင်းကုန်၏၊ လုပ်ကျွေးလည်း လုပ်ကျွေးစေကုန်၏၊ အတူလည်း သုံးဆောင်ကုန်၏၊ အတူလည်း အိပ်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် သိလျက် ထိုသို့ ဖျက်ဆီးထားပြီးသော ကဏ္ဍကသာမဏေကို ဖြားယောင်းလည်း ဖြားယောင်းကုန်ဘိသနည်း၊ လုပ်ကျွေး လည်း လုပ်ကျွေးစေကုန်ဘိသနည်း၊ အတူလည်း သုံးဆောင်ကုန်ဘိသနည်း၊ အတူလည်း အိပ်ကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၄၂၉။ ''သာမဏေသည်လည်း အကယ်၍ '(ဈာန်မဂ်ဖိုလ်၏) အန္တရာယ် ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို မြတ်စွာဘုရား ဟောထားတော်မူသည့်အတိုင်း ငါသိပါ၏၊ ထိုတရားတို့သည် မှီဝဲသောသူအား (ဈာန် မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်'ဟု ဆိုငြားအံ့။
ထိုသာမဏေကို ရဟန်းတို့သည် 'ငါ့သျှင်သာမဏေ ဤသို့ မဆိုလင့်၊ မြတ်စွာဘုရားကို ဤသို့ မစွပ်စွဲလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်း ချေ၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော် မမူရာ၊ ငါ့သျှင်သာမဏေ များစွာသော အကြောင်းဖြင့် (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်သော တရားတို့ကို (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်သော တရားတို့ဟူ၍ မြတ်စွာ ဘုရားသည် ဟောတော်မူ၏၊ ထိုတရားတို့သည် မှီဝဲသော ရဟန်းအား အန္တရာယ်ကို ပြုခြင်းငှါ စွမ်းနိုင်သည်သာလျှင်တည်း'ဟူ၍ ပြောဆို ဆုံးမရာ၏၊
ဤသို့လျှင် ထိုသာမဏေ သည် ရဟန်းတို့က ဆုံးမပါလျက် ရှေးအတူသာလျှင် ဆက်လက်ယူငြားအံ့၊
ထိုသာမဏေကို ရဟန်းတို့သည် 'ငါ့သျှင် သာမဏေ ယနေ့မှ အစပြု၍ သင်သည် မြတ်စွာဘုရားကို ဆရာဟူ၍ မညွှန်းနှင့်တော့၊ သင်မှ တစ်ပါးသော သာမဏေတို့သည် ရဟန်းနှင့်အတူ နှစ်ညဉ့် သုံးညဉ့်ပတ်လုံး အတူ အိပ်ခြင်းကို ရကြကုန်၏၊ ထိုအတူ အိပ်ခြင်းသည်လည်း သင့်အား မရှိတော့ချေ၊ မမြတ်နိုးအပ်သော သာမဏေ သွားလေတော့၊ ပျောက်ပျက်လေတော့'ဟု ပြောဆိုရာ၏။
အကြင် ရဟန်းသည် သိလျက် ထိုသို့ ဖျက်ဆီးထားပြီးသော သာမဏေကို ဖြားယောင်းမူလည်း ဖြားယောင်းငြားအံ့၊ လုပ်ကျွေးမူလည်း လုပ်ကျွေးစေငြားအံ့၊ အတူမူလည်း သုံးဆောင်ငြားအံ့၊ အတူမူလည်း အိပ်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၄၃၀။ သာမဏေ မည်သည် ရှင်သာမဏေကိုပင် ဆို၏။
ဟု ဆိုငြားအံ့ဟူသည်
(ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထား သော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါသိပါ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ဟု ဆိုငြားအံ့။
ထိုသာမဏေသည်ဟူသည် ဤသို့ ပြောဆိုလေ့ရှိသော သာမဏေတည်း။
ရဟန်းတို့သည်ဟူသည် အခြားသော ရဟန်းတို့သည်။
မြင်ကုန်ကြားကုန်သော ရဟန်းတို့သည် ''ငါ့သျှင်သာမဏေ ဤသို့ မဆိုပါလင့်၊ မြတ်စွာဘုရားကို ဤသို့ မစွပ်စွဲပါလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်းချေ၊ မြတ်စွာဘုရားသည် ဤသို့ဟောတော်မမူရာ၊ ငါ့သျှင်သာမဏေ မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်သော တရားတို့ကို (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်သော တရားတို့ဟူ၍ ဟောထားတော်မူ၏၊ ထိုတရားတို့ကို မှီဝဲသော ရဟန်းအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ စွမ်းနိုင်သည်သာလျှင်တည်း''ဟု ဆုံးမရာ၏။
နှစ်ကြိမ်မြောက်လည်း ပြောဆို ဆုံးမရာ၏။ သုံးကြိမ်မြောက်လည်း ပြောဆို ဆုံးမရာ၏။ပ။ အကယ်၍ အယူကို စွန့်အံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏။ အကယ်၍ အယူကို မစွန့်အံ့၊ ထိုသာမဏေကို ရဟန်းတို့သည် ''ငါ့သျှင်သာမဏေ သင့်အား ယနေ့မှ အစပြု၍ မြတ်စွာဘုရားကို ဆရာဟူ၍ မညွှန်း နှင့်တော့၊ သင်မှ တစ်ပါးသော သာမဏေတို့သည် ရဟန်းတို့နှင့် အတူ နှစ်ညဉ့် သုံးညဉ့်ပတ်လုံး အတူတကွ အိပ်ခြင်းကို ရကုန်၏၊ ထို့အတူ အိပ်ခြင်းသည်လည်း သင့်၌ မရှိတော့ပြီ၊ မမြတ်နိုးအပ်သော သာမဏေ သွားလေတော့၊ ပျောက်ပျက်လေတော့''ဟု ပြောဆိုရာ၏။
အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
သိ၏ မည်သည် ကိုယ်တိုင်သော်လည်း သိ၏၊ သူတစ်ပါးတို့သော်လည်း ထိုရဟန်းအား ပြောကြားကုန်၏၊ ထိုသူ (သာမဏေ) ကသော်လည်း ပြောကြား၏။
ထိုသို့ ဖျက်ဆီးထားပြီးသော သာမဏေဟူသည် ဤသို့ ဖျက်ဆီးထားပြီးသော သာမဏေတည်း။
သာမဏေ မည်သည် ရှင်သာမဏေ (ကိုရင်) ကိုပင် ဆို၏။
ဖြားယောင်းမူလည်း ဖြားယောင်းငြားအံ့ဟူသည် ထိုသာမဏေအား သပိတ်ကိုသော် လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း၊ ပါဠိသင်ခြင်းကိုသော်လည်းကောင်း၊ အဋ္ဌကထာသင်ခြင်းကို သော်လည်းကောင်း ပေးမည်ဟု ဖြားယောင်းအံ့၊ ပါစိတ်အာပတ် သင့်၏။
လုပ်ကျွေးမူလည်း လုပ်ကျွေးစေငြားအံ့ဟူသည် ထိုသာမဏေ၏ ကသယ်မှုန့်ကိုသော် လည်းကောင်း၊ မြေညက်ကိုသော်လည်းကောင်း၊ ဒန်ပူကိုသော်လည်းကောင်း၊ မျက်နှာသစ်ရေကိုသော် လည်းကောင်း သာယာအံ့၊ ပါစိတ်အာပတ် သင့်၏။
အတူမူလည်း သုံးဆောင်ငြားအံ့ဟူရာ၌ အတူသုံးဆောင်ခြင်း မည်သည် ပစ္စည်းအတူ သုံးဆောင် ခြင်း 'အာမိသသမ္ဘောဂ'၊ တရားအတူ သုံးဆောင်ခြင်း 'ဓမ္မသမ္ဘောဂ'ဟူ၍ နှစ်ပါး ရှိ၏။
ပစ္စည်းအတူ သုံးဆောင်ခြင်း 'အာမိသသမ္ဘောဂ' မည်သည် ဆွမ်းစသော အာမိသကို ပေးမူလည်း ပေးအံ့ ယူမူလည်း ယူအံ့၊ ပါစိတ်အာပတ် သင့်၏။
တရားအတူ သုံးဆောင်ခြင်း 'ဓမ္မသမ္ဘောဂ' မည်သည် သင်မူလည်း သင်အံ့၊ သင်စေမူလည်း သင်စေအံ့၊ ပုဒ်အားဖြင့် သင်မူလည်း သင်အံ့၊ သင်စေမူလည်း သင်စေအံ့၊ ပုဒ်တိုင်း ပုဒ်တိုင်း ပါစိတ်အာပတ် သင့်၏။
အက္ခရာအားဖြင့် သင်မူလည်း သင်အံ့၊ သင်စေမူလည်း သင်စေအံ့၊ အက္ခရာတိုင်း အက္ခရာတိုင်း ပါစိတ်အာပတ် သင့်၏။
အတူမူလည်း အိပ်ငြားအံ့ဟူသည် တစ်မိုးတစ်ရံတည်းသော ကျောင်း၌ ဖျက်ဆီးထားပြီးသော သာမဏေအိပ်သည် ရှိသော် ရဟန်းသည် အိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်းအိပ်သည် ရှိသော် ဖျက်ဆီးထားပြီးသော သာမဏေသည် အိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။
နှစ်ယောက်လုံး အိပ်ကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။
ထပြီး၍ အဖန်ဖန် အိပ်ကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။
၄၃၁။ ဖျက်ဆီးထားပြီးသော သာမဏေ၌ ဖျက်ဆီးထားပြီးသော သာမဏေဟု အမှတ်ရှိသည်ဖြစ်၍ ဖြားယောင်းမူလည်း ဖြားယောင်းအံ့၊ လုပ်ကျွေးမူလည်း လုပ်ကျွေးစေအံ့၊ အတူမူလည်း သုံးဆောင်အံ့၊ အတူမူလည်း အိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။
ဖျက်ဆီးထားပြီးသော သာမဏေ၌ ယုံမှားရှိသည်ဖြစ်၍ ဖြားယောင်းမူလည်း ဖြားယောင်းအံ့၊ လုပ်ကျွေးမူလည်း လုပ်ကျွေးစေအံ့၊ အတူမူလည်း သုံးဆောင်အံ့၊ အတူမူလည်း အိပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဖျက်ဆီးထားပြီးသော သာမဏေ၌ ဖျက်ဆီးထားပြီးသော သာမဏေမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ဖြားယောင်းမူလည်း ဖြားယောင်းအံ့၊ လုပ်ကျွေးမူလည်း လုပ်ကျွေးစေအံ့၊ အတူမူလည်း သုံးဆောင်အံ့၊ အတူမူလည်း အိပ်အံ့၊ အာပတ် မသင့်။
ဖျက်ဆီးမထားသော သာမဏေ၌ ဖျက်ဆီးထားသော သာမဏေဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဖျက်ဆီးမထားသော သာမဏေ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဖျက်ဆီးမထားသော သာမဏေ၌ ဖျက်ဆီးမထားသော သာမဏေဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၄၃၂။ ဖျက်ဆီးမထားသော သာမဏေဟု သိအံ့၊ ထိုမိစ္ဆာအယူကို စွန့်ပြီဟု သိအံ့၊ အာပတ် မသင့်။
ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒသမ ကဏ္ဍကသိက္ခာပုဒ် ပြီး၏။
သတ္တမ သပ္ပါဏကဝဂ် ပြီး၏။
စေတနာရှိသည်ဖြစ်၍ တိရစ္ဆာန်သတ္တဝါကို သတ်သော သိက္ခာပုဒ်၊
သပ္ပါဏက သိက္ခာပုဒ်၊ ဥက္ကောဋနသိက္ခာပုဒ်၊ ရုန့်ရင်းသော အာပတ်ကို ဖုံးလွှမ်းသော သိက္ခာပုဒ်၊
အသက်နှစ်ဆယ်မပြည့်မီ ရဟန်းခံသော သိက္ခာပုဒ်၊ ထေယျသတ္ထသိက္ခာပုဒ်၊ မာတုဂါမ သံဝိဓာနသိက္ခာပုဒ်၊ အရိဋ္ဌသိက္ခာပုဒ်၊
ဥက္ခိတ္တသိက္ခာပုဒ်၊ ကဏ္ဍကသိက္ခာပုဒ်၊ ဤဆယ်ပါး တို့တည်း။ ဤကား အကျဉ်းချုပ်တည်း။