Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

3. Bhikkhunupassayasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၁၅၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းမိန်းမကျောင်းသို့ ချဉ်းကပ်၍ ဆဗ္ဗဂ္ဂီ ရဟန်းမိန်းမတို့ကို ဆုံးမကုန်၏။
ရဟန်းမိန်းမတို့သည် ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့အား ''အသျှင်မတို့ လာကြ ကုန်လော့၊ အဆုံးအမကို ခံယူခြင်းငှါ သွားကြကုန်အံ့''ဟု ဆိုကုန်၏။
အသျှင်မတို့ အကျွန်ုပ်တို့သည် အဆုံးအမခံယူခြင်း၏ အကြောင်းကြောင့် အကြင်အရပ်သို့ သွားကုန် ရာ၏၊ (ထိုသွားဖွယ်ကိစ္စ မရှိတော့ပြီ)။ အသျှင်ဆဗ္ဗဂ္ဂီရဟန်းတို့သည်ကား ဤအရပ်၌ပင် အကျွန်ုပ်တို့ကို ဆုံးမကုန်၏ဟု ဆိုကြကုန်၏။
ရဟန်းမိန်းမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းမိန်းမတို့ကျောင်းသို့ ချဉ်းကပ်၍ ရဟန်းမိန်းမတို့ကို ဆုံးမကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆို ကြကုန်၏။
ထိုအခါ ထိုရဟန်းမိန်းမတို့သည် ရဟန်းယောက်ျားတို့အား ဤအကြောင်းကို ပြောကြားကြကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းမိန်းမတို့ကျောင်းသို့ ချဉ်းကပ်၍ ရဟန်းမိန်းမတို့ကို ဆုံးမကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆို ကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် ရဟန်းမိန်းမကျောင်းသို့ ချဉ်းကပ်၍ ရဟန်းမိန်းမတို့ကို ဆုံးမကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ အဘယ့်ကြောင့် သင်တို့သည် ရဟန်းမိန်းမတို့ကျောင်းသို့ ချဉ်းကပ်၍ ရဟန်းမိန်းမတို့ကို ဆုံးမကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(က) ''အကြင်ရဟန်းသည် ရဟန်းမိန်းမကျောင်းသို့ ချဉ်းကပ်၍ ရဟန်း မိန်းမတို့ကို ဆုံးမငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြ ကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၁၅၉။ ထိုအခါ၌ မဟာပဇာပတိဂေါတမီသည် ဖျားနာ၏၊
မထေရ်ကြီးဖြစ်ကုန်သော ရဟန်းတို့သည် မဟာပဇာပတိဂေါတမီထံသို့ ချဉ်းကပ်ပြီးလျှင် မဟာပဇာပတိဂေါတမီကို
''ဂေါတမီ ခံ့ကျန်းပါ၏လော မျှတပါ၏လော''ဟု မေးမြန်းကြကုန်၏။
အသျှင်ဘုရားတို့ အကျွန်ုပ်သည် မခံ့ကျန်းပါ၊ မမျှတပါ၊
တောင်းပန်တိုက်တွန်းပါ၏၊ အသျှင်တို့သည် တရားကို ဟောပါကုန်လော့ဟု (လျှောက်၏)။
''နှမ ရဟန်းမိန်းမတို့ကျောင်းသို့ ချဉ်းကပ်၍ ရဟန်းမိန်းမတို့အား တရားဟောခြင်းငှါ မအပ်''ဟု (ပြောဆိုပြီး) တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိကုန်သည်ဖြစ်၍ မဟောကုန်။
ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် မဟာပဇာပတိဂေါတမီထံသို့ ချဉ်းကပ်၍
ခင်းထားသော နေရာ၌ ထိုင်တော်မူပြီးလျှင်
မဟာပဇာပတိ ဂေါတမီကို
''ဂေါတမီ ခံ့ကျန်း၏လော၊ မျှတ၏လော''ဟု မိန့်တော်မူ၏။
အသျှင်ဘုရား ရှေးအခါက မထေရ်ကြီးဖြစ်သော ရဟန်းတို့သည်လာ၍ အကျွန်ုပ်အား တရားကို ဟောကုန်၏၊
ထိုသို့ တရားဟောခြင်းဖြင့် အကျွန်ုပ် ချမ်းသာပါ၏၊
ယခုအခါ၌မူကား
''မြတ်စွာဘုရားသည် (ထိုသို့ တရားဟောခြင်းကို) ပယ်တော်မူ၏''ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိကုန်သည် ဖြစ်၍ (တရားကို) မဟောကုန်၊
ထို့ကြောင့် အကျွန်ုပ်အား မချမ်းမသာ ဖြစ်ပါ၏ဟု (လျှောက်၏)။
ထိုအခါ မြတ်စွာဘုရားသည် မဟာပဇာပတိဂေါတမီကို တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင် စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေပြီးသော်နေရာမှ ထကာ ဖဲခွါသွားတော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူ၍ ရဟန်းတို့ကို
''ရဟန်းတို့ ရဟန်းမိန်းမတို့ကျောင်းသို့ ချဉ်းကပ်၍ နာဖျားသော ရဟန်းမိန်းမကို ဆုံးမခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၁၆၀။ ''အကြင်ရဟန်းသည် အချိန်အခါကို ကြဉ်၍ ရဟန်းမိန်းမတို့ ကျောင်းသို့ ချဉ်းကပ်၍ ရဟန်းမိန်းမတို့ကို ဆုံးမငြားအံ့၊ ထိုရဟန်းအား ပါစိတ်အာပတ်သင့်၏။
ထိုရဟန်းမိန်းမတို့ ကျောင်းသို့ သွား၍ ဆုံးမရာ၌ ဤဆိုလတ္တံ့ သည်ကား အချိန်အခါတည်း၊
ရဟန်းမိန်းမသည် ဖျားနာ၏၊ ဤကား ထိုရဟန်း မိန်းမတို့ကျောင်းသို့ သွား၍ ဆုံးမရာ၌ အချိန် အခါတည်း'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၁၆၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤ ဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ရဟန်းမိန်းမကျောင်း မည်သည် အကြင်ကျောင်း၌ ရဟန်းမိန်းမတို့သည် တစ်ညဉ့်မျှလည်း နေကုန်၏ (ထိုကျောင်းသည် ရဟန်းမိန်းမကျောင်း မည်၏)။
ချဉ်းကပ်၍ဟူသည် ထိုအရပ်သို့ သွား၍။
ရဟန်းမိန်းမ မည်သည် ဥဘတောသံဃာ 'ဘိက္ခု ဘိက္ခုနီသံဃာ နှစ်ပါးစုံ'၌ ပဉ္စင်းခံသော ရဟန်း မိန်းမတည်း။
ဆုံးမငြားအံ့ဟူသည် ဂရုဓံတရားရှစ်ပါးတို့ဖြင့် ဆုံးမအံ့၊ ပါစိတ်အာပတ် သင့်၏။
အချိန်အခါကိုကြဉ်၍ဟူသည် အချိန်အခါကို ထား၍။
ဖျားနာသော ရဟန်းမိန်းမဟူသည် အဆုံးအမခံယူရန်သော်လည်းကောင်း၊ ကံကြီးကံငယ်ဆောင် ရန်သော်လည်းကောင်း သွားခြင်းငှါ မစွမ်းနိုင်သော (ရဟန်းမိန်းမတည်း)။
၁၆၂။ ရဟန်းမိန်းမ၌ ရဟန်းမိန်းမဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းမိန်းမကျောင်းသို့ ချဉ်းကပ်၍ အချိန်အခါမှတစ်ပါး ဆုံးမငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်းမိန်းမ၌ ယုံမှားရှိသည် ဖြစ်၍ ရဟန်းမိန်းမကျောင်းသို့ ချဉ်းကပ်၍ အချိန်အခါမှတစ်ပါး ဆုံးမငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်းမိန်းမ၌ ရဟန်းမိန်းမ မဟုတ်ဟု အမှတ်ရှိသည် ဖြစ်၍ ရဟန်းမိန်းမကျောင်းသို့ ချဉ်းကပ်၍ အချိန်အခါမှတစ်ပါး ဆုံးမငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
ဂရုဓံရှစ်ပါးမှ တစ်ပါးသော တရားဖြင့် ဆုံးမအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
တစ်ဖက်သံဃာ၌ ပဉ္စင်းခံသော မိန်းမကို ဆုံးမအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမိန်းမ မဟုတ်သောသူ၌ ရဟန်းမိန်းမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမိန်းမ မဟုတ်သောသူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမိန်းမ မဟုတ်သောသူ၌ ရဟန်းမိန်းမ မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၆၃။ အချိန်အခါ၌ (ဆုံးမအံ့)၊ ဂရုဓံရှစ်ပါး ပါဠိကို သင်ပေးအံ့၊ ဂရုဓံရှစ်ပါးပါဠိ၏ အနက်ကို သင်ပေးအံ့၊ အသျှင် ဂရုဓံပါဠိကို ရွတ်ပါလော့ဟု ဆိုသောကြောင့် ရွတ်အံ့၊ ပြဿနာကို မေးအံ့၊ ပြဿနာ မေးသည်ကို ဖြေဆိုအံ့၊ အာပတ် မသင့်၊ သူတစ်ပါးအကျိုးငှါ ဟောပြောစဉ် ရဟန်းမိန်းမတို့သည် နာကုန်အံ့၊ အာပတ် မသင့်၊ သိက္ခမာန် သာမဏေမအား ဆုံးမအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
တတိယ ဘိက္ခုနုပဿယသိက္ခာပုဒ် ပြီး၏။