၉၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံး နေတော်မူသောအခါ
အသျှင်ဆန္နသည် မပြုကျင့်သင့်သော အရာကို ပြုကျင့်၍ သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်း စိစစ်သောအခါ ''အဘယ်သူသည် အာပတ်သင့်သနည်း၊ အဘယ်သို့ အာပတ်သင့်သနည်း၊ အဘယ် အကြောင်းကြောင့် အာပတ်သင့်သနည်း၊ အဘယ်သို့သော အခြင်းအရာဖြင့် အာပတ်သင့်သနည်း၊ အဘယ်သူကို ပြောဆိုကုန်သနည်း၊ အဘယ်ကို ပြောဆိုကုန်သနည်း''ဟု အကြောင်းတစ်ပါးဖြင့် အကြောင်း တစ်ပါးကို ဖုံးလွှမ်းပြောဆို၏။
အလိုနည်းသော ရဟန်းတို့သည် ''အသျှင်ဆန္နသည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်း စိစစ်သောအခါ အဘယ်သူသည် အာပတ်သင့်သနည်း၊ အဘယ်သို့ အာပတ်သင့်သနည်း၊ အဘယ်အကြောင်း ကြောင့် အာပတ်သင့်သနည်း၊ အဘယ်သို့သော အခြင်းအရာဖြင့် အာပတ်သင့်သနည်း၊ အဘယ်သူကို ပြောဆိုကုန်သနည်း၊ အဘယ်ကို ပြောဆိုကုန်သနည်းဟူ၍ အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို အဘယ့်ကြောင့် ဖုံးလွှမ်းပြောဆိုဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ဆန္န သင်သည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်း စိစစ်သောအခါ အဘယ်သူသည် အာပတ် သင့်သနည်း၊ အဘယ်သို့ အာပတ်သင့်သနည်း၊ အဘယ်အကြောင်းကြောင့် အာပတ်သင့်သနည်း၊ အဘယ် သို့သော အခြင်းအရာဖြင့် အာပတ်သင့်သနည်း၊ အဘယ်သူကို ပြောဆိုကုန်သနည်း၊ အဘယ်ကို ပြောဆို ကုန်သနည်း''ဟု အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်းပြောဆို၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင်သည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်းစိစစ်သောအခါ ''အဘယ်သူသည် အာပတ် သင့်သနည်း၊ အဘယ်သို့ အာပတ်သင့်သနည်း၊ အဘယ်အကြောင်းကြောင့် အာပတ်သင့်သနည်း၊ အဘယ် သို့သော အခြင်းအရာဖြင့် အာပတ်သင့်သနည်း၊ အဘယ်သူကို ပြောဆိုကုန်သနည်း၊ အဘယ်ကို ပြောဆို ကုန်သနည်း''ဟု အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို အဘယ့်ကြောင့် ဖုံးလွှမ်းပြောဆိုဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ဟု ကဲ့ရဲ့တော်မူ၍ တရားစကားကို ဟောကြား တော်မူပြီးလျှင် ရဟန်းတို့ကို မိန့်တော်မူ၏။
ရဟန်းတို့ သို့ဖြစ်လျှင် သံဃာသည် ဆန္နရဟန်းအား အညဝါဒကကံ၁ သို့ တင်လော့ 'မေးသည်မှ တစ်ပါးသော စကားကို ပြောဆိုတတ်သူ အဖြစ်၌ တည်စေလော့'။
ရဟန်းတို့ ဤဆိုလတ္တံ့သော အတိုင်း တင်အပ်၏။
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်။
၉၅။ ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤဆန္နရဟန်းသည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်းစိစစ်သောအခါ အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို့ဖုံးလွှမ်းပြောဆို၏၊
သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဆန္နရဟန်းအား အညဝါဒကကံသို့ တင်ရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤဆန္န ရဟန်းသည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်းစိစစ်သောအခါ အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်း ပြောဆို၏။
သံဃာသည် ဆန္နရဟန်းအား အညဝါကကံသို့ တင်၏ 'မေးသည်မှ တစ်ပါးသော စကားကို ပြောဆိုတတ်သူအဖြစ်၌ တည်စေ၏'။
ဆန္နရဟန်းအား အညဝါဒကကံသို့ တင်ခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊
အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။
သံဃာသည် ဆန္နရဟန်းအား အညဝါကကံသို့ တင်အပ်ပြီ၊
သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရ ပါသည်''ဟု (သိစေရမည်)။
ထိုအခါ မြတ်စွာဘုရားသည် အသျှင်ဆန္နကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်တော်မူပြီး လျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(က) ''မေးသည်မှ တစ်ပါးသော စကားကို ပြောဆိုခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၉၆။ ထိုအခါ အသျှင်ဆန္နသည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်း စိစစ်သောအခါ ''အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်းပြောဆိုသော် အာပတ် သင့်၏''ဟု နှလုံးသွင်း၍ ဆိတ်ဆိတ် နေလျက် သံဃာကို ညှဉ်းဆဲ၏။
အလိုနည်းသော ရဟန်းတို့သည် ''အသျှင်ဆန္နသည် သံဃာ၏ အလယ်၌ အာပတ်ဖြင့် မေးမြန်း စိစစ်သောအခါ ဆိတ်ဆိတ် နေ၍ သံဃာကို အဘယ့်ကြောင့် ညှဉ်းဆဲဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ဆန္န သင်သည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်း စိစစ်သောအခါ ဆိတ်ဆိတ် နေ၍ သံဃာကို ညှဉ်းဆဲ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင်သည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်းစိစစ်သောအခါ ဆိတ်ဆိတ် နေ၍ သံဃာကို အဘယ့်ကြောင့် ညှဉ်းဆဲဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသော အမှု) သည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ကဲ့ရဲ့တော်မူ၍ တရား စကားကို ဟောကြားတော်မူပြီးလျှင် ရဟန်းတို့ကို မိန့်တော်မူ၏။
ရဟန်းတို့ သို့ဖြစ်လျှင် သံဃာသည် ဆန္နရဟန်းအား ဝိဟေသကကံ၂ သို့ တင်လော့ 'ညှဉ်းဆဲတတ် သောသူ အဖြစ်၌ တည်စေလော့'။
ရဟန်းတို့ ဤဆိုလတ္တံ့သောအတိုင်း တင်အပ်၏။
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်။
၉၇။ ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤဆန္န ရဟန်းသည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်း စိစစ်သောအခါ ဆိတ်ဆိတ်နေခြင်းဖြင့် သံဃာကို ညှဉ်းဆဲ၏၊
သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဆန္နရဟန်းအား ဝိဟေသကကံသို့ တင်ရာ၏ 'ညှဉ်းဆဲတတ်သူအဖြစ်၌ တည်စေရာ၏'၊
ဤကား သိစေခြင်းတည်း။
''
အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤဆန္နရဟန်းသည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်းစိစစ်သောအခါ ဆိတ်ဆိတ်နေခြင်းဖြင့် သံဃာကို ညှဉ်းဆဲ၏၊
သံဃာသည် ဆန္နရဟန်းအား ဝိဟေသကကံသို့ တင်၏။
ဆန္နရဟန်းအား ဝိဟေသက ကံသို့ တင်ခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏။
အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။
သံဃာသည် ဆန္နရဟန်းအား ဝိဟေသကကံသို့ တင်အပ်ပြီ 'ညှဉ်းဆဲတတ်သော သူအဖြစ်၌ တည်စေပြီ'၊
သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ် နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။
ထိုအခါ မြတ်စွာဘုရားသည် အသျှင်ဆန္နကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်တော်မူပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၉၈။ ''မေးသည်မှ တစ်ပါးသော စကားကို ပြောဆိုခြင်း ဆိတ်ဆိတ် နေခြင်းဖြင့် သံဃာကို ညှဉ်းဆဲခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြ ကုန်လော့ဟု မိန့်တော်မူ၏)။
၉၉။ မေးသည်မှ တစ်ပါးသော စကားကို ပြောဆိုခြင်း မည်သည် သံဃာ့အလယ်၌ ဝတ္ထု (အကြောင်း) ၌သော်လည်းကောင်း၊ အာပတ် (အပြစ်) ၌သော်လည်းကောင်း မေးမြန်း စိစစ်သောအခါ ထိုအကြောင်းဝတ္ထု, အာပတ်ကို မဖြေဆိုလို၊ ထိုအကြောင်းဝတ္ထု, အာပတ်ကို မထင်ရှားစေလို၍ အကြောင်း တစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်းပြောဆို၏။ ''အဘယ်သူသည် အာပတ်သင့်သနည်း၊ အဘယ်သို့ အာပတ်သင့်သနည်း၊ အဘယ်အကြောင်းကြောင့် အာပတ်သင့်သနည်း၊ အဘယ်သို့သော အခြင်းအရာဖြင့် အာပတ်သင့်သနည်း၊ အဘယ်သူကို ပြောဆိုကုန်သနည်း၊ အဘယ်ကို ပြောဆိုကုန်သနည်း''ဟု ပြောဆို၏၊
ဤသို့ ပြောဆိုခြင်းသည် မေးသည်မှ တစ်ပါးသော စကားကို ပြောဆိုခြင်း မည်၏။
သံဃာကို ညှဉ်းဆဲခြင်း မည်သည် သံဃာ့အလယ်၌ ဝတ္ထု၌သော်လည်းကောင်း၊ အာပတ်၌သော် လည်းကောင်း မေးမြန်း စိစစ်သောအခါ ထိုအကြောင်းဝတ္ထု, အာပတ်ကို မဖြေဆိုလို၊ ထိုအကြောင်းဝတ္ထု, အာပတ်ကို မထင်ရှားစေလို၍ ဆိတ်ဆိတ် နေလျက် သံဃာကို ညှဉ်းဆဲ၏၊
ဤဆိတ်ဆိတ်နေခြင်းသည် သံဃာကို ညှဉ်းဆဲခြင်းမည်၏။
၁၀၀။ အညဝါဒကကံသို့ မတင်အပ်မီ သံဃာ့အလယ်၌ ဝတ္ထုကိုသော်လည်းကောင်း၊ အာပတ်ကို သော်လည်းကောင်း မေးမြန်း စိစစ်သောအခါ ထိုအကြောင်းဝတ္ထု, အာပတ်ကို မဖြေဆိုလို၊ ထိုအကြောင်း ဝတ္ထု, အာပတ်ကို မထင်ရှားစေလို၍ ''အဘယ်သူသည် အာပတ်သင့်သနည်း၊ အဘယ်သို့ အာပတ်သင့်သနည်း၊ အဘယ်အကြောင်းကြောင့် အာပတ်သင့်သနည်း၊ အဘယ်သို့သော အခြင်းအရာဖြင့် အာပတ်သင့်သနည်း၊ အဘယ်သူကို ပြောဆိုကုန်သနည်း၊ အဘယ်ကို ပြောဆိုကုန်သနည်း''ဟု အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်းပြောဆိုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဝိဟေသကကံသို့ မတင်အပ်မီ သံဃာ့အလယ်၌ ဝတ္ထုကိုသော်လည်းကောင်း၊ အာပတ်ကိုသော်လည်းကောင်း မေးမြန်းစိစစ်သောအခါ ထိုအကြောင်းဝတ္ထု, အာပတ်ကို မဖြေဆိုလို၊ ထိုအကြောင်းဝတ္ထု, အာပတ် ကို မထင်ရှားစေလို၍ ဆိတ်ဆိတ်နေလျက် သံဃာကို ညှဉ်းဆဲအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အညဝါဒကကံသို့ တင်ပြီးမှ သံဃာ့အလယ်၌ ဝတ္ထုကိုသော်လည်းကောင်း၊ အာပတ်ကိုသော်လည်းကောင်း မေးမြန်းစိစစ်သောအခါ ထိုအကြောင်းဝတ္ထု, အာပတ်ကို မဖြေဆိုလို၊ ထိုအကြောင်း ဝတ္ထု, အာပတ်ကို မထင်ရှားစေလို၍ ''အဘယ်သူသည် အာပတ်သင့်သနည်း၊ အဘယ်သို့ အာပတ်သင့်သနည်း၊ အဘယ်အကြောင်းကြောင့် အာပတ်သင့်သနည်း၊ အဘယ်သို့သော အခြင်းအရာဖြင့် အာပတ်သင့်သနည်း၊ အဘယ်သူကို ပြောဆိုကုန်သနည်း၊ အဘယ်ကို ပြောဆိုကုန်သနည်း''ဟု အကြောင်းတစ်ပါးဖြင့် အကြောင်း တစ်ပါးကို ဖုံးလွှမ်းပြောဆိုအံ့၊ ပါစိတ်အာပတ် သင့်၏။
ဝိဟေသကကံသို့ တင်ပြီးမှ သံဃာ့အလယ်၌ ဝတ္ထုကိုသော်လည်းကောင်း၊ အာပတ်ကိုသော် လည်းကောင်း မေးမြန်းစိစစ်သောအခါ ထိုအကြောင်း, ဝတ္ထုအာပတ်ကို မဖြေဆိုလို၊ ထိုအကြောင်း, ဝတ္ထု အာပတ်ကို မထင်ရှားစေလို၍ ဆိတ်ဆိတ်နေသဖြင့် သံဃာကို ညှဉ်းဆဲအံ့၊ ပါစိတ်အာပတ် သင့်၏။
၁၀၁။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရ်ှိသည်ဖြစ်၍ မေးသည်မှ တစ်ပါးသော စကားကို ပြောဆိုခြင်း ဆိတ်ဆိတ်နေခြင်းဖြင့် သံဃာကို ညှဉ်းဆဲခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားခြင်းရှိသည်ဖြစ်၍ မေးသည်မှ တစ်ပါးသော စကားကို ပြောဆိုခြင်း ဆိတ်ဆိတ် နေခြင်းဖြင့် သံဃာကို ညှဉ်းဆဲခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ မေးသည်မှ တစ်ပါးသော စကားကို ပြောဆိုခြင်း ဆိတ်ဆိတ်နေခြင်းဖြင့် သံဃာကို ညှဉ်းဆဲခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၁၀၂။ မသိ၍ မေးအံ့၊ (ခံတွင်း) နာ၍လည်း မပြောဆိုအံ့၊ ''သံဃာ၏ ခိုက်ရန်ဖြစ်မှု ငြင်းခုံမှု ဆန့်ကျင်သော အယူကိုယူမှု ဆန့်ကျင်သော စကားကို ပြောဆိုမှု ဖြစ်လတ္တံ့''ဟု (သိ၍) မပြောဆိုအံ့၊ သံဃာကွဲပြားခြင်းသည်လည်းကောင်း၊ သံဃာအရေးအခင်းသည်လည်းကောင်း ဖြစ်လတ္တံ့''ဟု (သိ၍) မပြောဆိုအံ့၊ ''မတရားသဖြင့်လည်းကောင်း၊ နှစ်ပါးသုံးပါးအစုဖြင့်လည်းကောင်း ကံမပြုထိုက်ဘဲလျက် ကံပြုလတ္တံ့''ဟု (သိ၍) မပြောဆိုအံ့၊ အာပတ် မသင့်။
ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒုတိယ အညဝါဒကသိက္ခာပုဒ် ပြီး၏။
၁။ မေးသည်မှ တစ်ပါးသော စကားကို ပြောဆိုသောကြောင့် ပြုအပ်သောကံကို အညဝါဒကံဟု ခေါ်ဆိုသည်။
၂။ သံဃာအား စကားတုံ့ မပြန်ဘဲ ဆိတ်ဆိတ်နေ၍ ညှဉ်းဆဲသောကြောင့် ပြုအပ်သောကံကို ဝိဟေသကကံဟု ခေါ်ဆိုသည်။