Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

5. Paṭhamapavāraṇāsikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၂၃၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ပုဏ္ဏားတစ်ယောက်သည် ရဟန်းတို့ကို ပင့်ဖိတ်၍ ဆွမ်းကျွေး၏။ ရဟန်းတို့သည် ဆွမ်းစားစဉ် (တော်ပြီ, တန်ပြီဟု) တားမြစ်၍ အမျိုးအိမ်တို့သို့ သွားလျက် အချို့က စား၍ အချို့က ဆွမ်းကို ယူ၍ သွားကုန်၏။
ထိုအခါ ထိုပုဏ္ဏားသည် အိမ်နီးချင်းတို့ကို ''အမောင်တို့ ငါသည် အသျှင်ရဟန်းတို့ကို (ဆွမ်းဖြင့်) ရောင့်ရဲစေအပ်ကုန်ပြီ၊ လာကုန်လော့၊ သင်တို့ကိုလည်း (ကျွေးမွေး) ရောင့်ရဲစေအံ့''ဟု ဆို၏။ ထိုသူတို့ သည်-
''အသျှင်ပုဏ္ဏားသည် အဘယ်သို့လျှင် အကျွန်ုပ်တို့ကို ရောင့်ရဲစေမည်နည်း၊ သင်ပင့်ဖိတ်အပ် သော ရဟန်းတို့သည် ငါတို့၏ အိမ်သို့ လာ၍ အချို့သော ရဟန်းတို့သည် သုံးဆောင်ကုန်၏၊ အချို့သော ရဟန်းတို့သည် ဆွမ်းကို ယူ၍ သွားကုန်၏''ဟု ဆိုကုန်၏။
ထိုအခါ ထိုပုဏ္ဏားသည် ''အသျှင်ကောင်းတို့သည် ငါတို့၏ အိမ်၌ ဆွမ်းစားပြီး၍ တစ်ပါးသော အရပ်၌ အဘယ့်ကြောင့် စားကုန်ဘိသနည်း၊ ငါသည် အလိုရှိတိုင်း လှူဒါန်းခြင်းငှါ စွမ်းနိုင်သည့်မဟုတ်ပါလော''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။
ရဟန်းတို့သည် ကဲ့ရဲ ရှုတ်ချ အပြစ်ပြ ပြောဆိုသော ထိုပုဏ္ဏား၏ စကားကို ကြားကြသည်သာ တည်း။ အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ရဟန်းတို့သည် ဆွမ်းစားစဉ် (တော်ပြီ, တန်ပြီဟု) တားမြစ်၍ တစ်ပါးသော အရပ်၌ သုံးဆောင် စားသောက်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ရဟန်းတို့သည် ဆွမ်းစားစဉ် (တော်ပြီ, တန်ပြီဟု) တားမြစ်၍ တစ်ပါးသော အရပ်၌ သုံးဆောင် စားသောက်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။
ရဟန်းတို့ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့သည် ဆွမ်းစားစဉ် (တော်ပြီ, တန်ပြီဟု) တားမြစ်၍ တစ်ပါးသော အရပ်၌ အဘယ့်ကြောင့် သုံးဆောင်ကုန်ဘိသနည်း၊ ရဟန်းတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(က) ''အကြင်ရဟန်းသည် ဆွမ်းစားစဉ် (တော်ပြီ, တန်ပြီဟု) တားမြစ်လျက် ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပါတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၂၃၇။ ထိုအခါ ရဟန်းတို့သည် နာဖျားကုန်သော ရဟန်းတို့၏ (အလို့ငှါ) မွန်မြတ်သော ဆွမ်းတို့ကို ဆောင်ယူကုန်၏၊
နာဖျားသော ရဟန်းတို့သည် စိတ်သဘောရှိတိုင်း မစားနိုင်ကုန်၊
ထိုဆွမ်းတို့ကို ရဟန်းတို့သည် စွန့်ကုန်၏။
မြတ်စွာဘုရားသည် ပြင်းပြကျယ်လောင်သောအသံ ကျီးအုပ်တို့၏ အော်သံကို ကြားတော်မူ၍
''အာနန္ဒာ ထိုပြင်းပြကျယ်လောင်သောအသံ ကျီးအုပ်တို့၏ အော်သံသည် အဘယ် အကြောင်းကြောင့်နည်း''ဟု အာနန္ဒာကို မေးတော်မူ၏။
ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။
အာနန္ဒာ ရဟန်းတို့သည် သူနာ၏ ပိုလွန်ကြွင်းကျန်သော ဆွမ်းကို စားကြသလောဟု (မေးတော်မူ၏)။
မြတ်စွာဘုရား မစားကြပါကုန်ဟု (လျှောက်၏)။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို
''ရဟန်းတို့ နာဖျားသော ရဟန်း၏လည်းကောင်း၊ မနာမဖျားသော ရဟန်း၏လည်းကောင်း ပိုလွန်ကြွင်းကျန်သော ဆွမ်းကို သုံးဆောင်ခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ''ဤအလုံးစုံကို ငါတန်ပြီ (ဤခွက်ထဲ၌ ရှိသော အလုံးစုံကို ငါတော်ပြီ)''ဟု အတိရိက်ဝိနည်းကံ 'ပိုလွန်ကြွင်းကျန်မှု' ကို ပြုအပ်၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၂၃၈။ ''အကြင်ရဟန်းသည် ဆွမ်းစားစဉ် (တော်ပြီ, တန်ပြီဟု) တားမြစ်၍ အတိရိက်ဝိနည်းကံ 'ပိုလွန်ကြွင်းကျန်မှု' မပြုသော ခဲဖွယ်ကိုသော် လည်းကောင်း၊ ဘောဇဉ်ကို သော်လည်းကောင်း ခဲမူလည်းခဲငြားအံ့ စားမူလည်း စားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၂၃၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ဆွမ်းစားစဉ် မည်သည် ဘောဇဉ်ငါးပါးတို့တွင် တစ်ပါးပါးသော ဘောဇဉ်ကို အယုတ်သဖြင့် သမန်းမြက်ဖျားမျှဖြင့်သော်လည်း စားပြီးဖြစ်၏။
မြစ်ခြင်း မည်သည် စားဆဲသည် ထင်ရှား၏၊ ဘောဇဉ်သည် ထင်ရှား၏၊ (ရဟန်း၏ နှစ်တောင့်ထွာ) ဟတ္ထပါသ်အတွင်း၌ ရပ်တည်လျက် ရှေးရှုဆောင်၏၊ မြစ်ပယ်ခြင်းသည် ထင်ရှား၏။
အတိရိက်ဝိနည်းကံ 'ပိုလွန်ကြွင်းကျန်မှု'မပြုသော မည်သည် မကပ္ပိဘဲ 'မအပ်သည်ကို' ပြုအပ်၏၊ အကပ်မခံဘဲ ပြုအပ်၏၊ မချီမကြွဘဲ ပြုအပ်၏၊ ဟတ္ထပါသ် 'နှစ်တောင့်ထွာ' ၌ မတည်ဘဲ ပြုအပ်၏၊ မစားဘဲ ပြုအပ်၏၊ ဆွမ်းစားစဉ် တားမြစ်မိ၍ နေရာမှ ထသော ရဟန်းသည် ပြုအပ်၏၊ ''ဤအလုံးစုံကို ငါတန်ပြီ''ဟု မဆိုအပ်၊ သူနာ၏ အကြွင်းအကျန်မဟုတ်၊ ဤအလုံးစုံသည် အတိရိက်ဝိနည်းကံ မပြုသည် မည်၏။
အတိရိက်ဝိနည်းကံပြုသည် မည်သည် ကပ္ပိ၍ 'အပ်သည်ကို' ပြုအပ်၏၊ အကပ်ခံ၍ ပြုအပ်၏၊ ချီမ၍ ပြုအပ်၏၊ ဟတ္ထပါသ်၌ ပြုအပ်၏၊ ဆွမ်းစားစဉ် ပြုအပ်၏၊ ဆွမ်းစားစဉ် တားမြစ်မိသော ရဟန်းသည် နေရာမှ မထမီ ပြုအပ်၏၊ ''ဤအလုံးစုံကို ငါတန်ပြီ''ဟု ဆိုအပ်၏၊ သူနာ၏ အကြွင်း ဖြစ်၏၊ ဤအလုံးစုံသည် အတိရိက်ဝိနည်းကံပြုသည် မည်၏။
ခဲဖွယ် မည်သည် ဘောဇဉ်ငါးပါးတို့ကိုလည်းကောင်း၊ ယာမကာလိက၁ကိုလည်းကောင်း၊ သတ္တာဟ ကာလိက၂ကိုလည်းကောင်း၊ ယာဝဇီဝိက၃ကိုလည်းကောင်း ထား၍ အကြွင်းသည်၄ ခဲဖွယ် မည်၏။
ဘောဇဉ် မည်သည် ထမင်း၊ မုယောမုန့်၊ မုန့်လုံး၊ ငါး၊ စမဲဟင်းလျာဟူ၍ ဤဘောဇဉ်ငါးပါး တို့တည်း။
''ခဲအံ့ သုံးဆောင်အံ့''ဟူ၍ ယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ် သင့်၏။
၂၄၀။ အတိရိက်ဝိနည်းကံ မပြုသော ခဲဖွယ်ဘောဇဉ်၌ အတိရိက်ဝိနည်းကံ မပြုသော ခဲဖွယ် ဘောဇဉ်ဟု အမှတ်ရှိသည်ဖြစ်၍ ခဲဖွယ်ကိုလည်းကောင်း၊ ဘောဇဉ်ကိုလည်းကောင်း ခဲမူလည်း ခဲငြားအံ့ စားမူလည်း စားငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
အတိရိက်ဝိနည်းကံ မပြုသော ခဲဖွယ်ဘောဇဉ်၌ ယုံမှား ရှိသည်ဖြစ်၍ ခဲဖွယ်ကိုလည်းကောင်း၊ ဘောဇဉ်ကိုလည်းကောင်း ခဲမူလည်း ခဲငြားအံ့ စားမူလည်း စားငြား အံ့၊ ပါစိတ်အာပတ် သင့်၏။
အတိရိက်ဝိနည်းကံ မပြုသော ခဲဖွယ်ဘောဇဉ်၌ အတိရိက်ဝိနည်းကံပြုသော ခဲဖွယ်ဘောဇဉ်ဟု အမှတ်ရှိသည် ဖြစ်၍ ခဲဖွယ်ကိုလည်းကောင်း၊ ဘောဇဉ်ကိုလည်းကောင်း ခဲမူလည်း ခဲငြားအံ့ စားမူလည်း စားငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
ယာမကာလိကကိုလည်းကောင်း၊ သတ္တာဟကာလိကကိုလည်းကောင်း၊ ယာဝဇီဝိကကိုလည်းကောင်း အာဟာရ အလို့ငှါ ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
အတိရိက်ဝိနည်းကံ ပြုသော ခဲဖွယ်ဘောဇဉ်၌ အတိရိက်ဝိနည်းကံ မပြုသော ခဲဖွယ်ဘောဇဉ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အတိရိက်ဝိနည်းကံ ပြုသော ခဲဖွယ်ဘောဇဉ်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
အတိရိက်ဝိနည်းကံပြုသော ခဲဖွယ်ဘောဇဉ်၌ အတိရိက်ဝိနည်းကံ ပြုသော ခဲဖွယ် ဘောဇဉ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၂၄၁။ အတိရိက်ဝိနည်းကံကို ပြုစေ၍ စားအံ့၊ ''အတိရိက်ဝိနည်းကံ ပြုစေ၍ စားအံ့''ဟု ခံယူအံ့၊ သူတစ်ပါးအကျိုးငှါ ယူဆောင်၍ သွားအံ့၊ နာသော ရဟန်း၏ အကြွင်းအကျန်ကို စားအံ့၊ ယာမကာလိက 'ဖျော်ရည်စသည်'ကိုလည်းကောင်း၊ သတ္တာဟကာလိက 'စတုမဓုစသည်'ကိုလည်းကောင်း၊ ယာဝဇီဝိက 'ဆားစသည်'ကိုလည်းကောင်း (ဆာလောင်မွတ်သိပ်ခြင်း, အနာဟူသော) အကြောင်းရှိလတ်သော် သုံးဆောင် အံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပဉ္စမ ပဌမပဝါရဏာသိက္ခာပုဒ် ပြီး၏။ ၁။ ယာမကာလိက= တစ်အရုဏ် (၂၄နာရီ) အတွင်း သုံးဆောင်အပ်သော အဖျော်ရှစ်ပါး ၂။ သတ္တာဟကာလိက= အကပ်ခံပြီး ခုနှစ်ရက်အတွင်း သုံးဆောင်အပ်သော ထောပတ်ပျားစသည် ၃။ ယာဝဇီဝိက= အကပ်ခံပြီးလျှင် မကုန်မချင်း သုံးဆောင်အပ်သော ဆေးများ ၄။ ကြွင်းကျန်သော ခဲဖွယ်ဘောဇဉ်တို့သည် ယာဝကာလိက ဖြစ်ကုန်၏။