Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

10. Chandaṃadatvāgamanasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၄၇၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ သံဃာသည် ကိစ္စတစ်စုံတစ်ခုဖြင့် စည်းဝေး၏။
ဆဗ္ဗဂ္ဂီရဟန်းတို့သည် သင်္ကန်းချုပ်နေဆဲဖြစ်၍ ရဟန်းတစ်ပါးအား ဆန္ဒ 'အလိုတူမှု' ပေးလိုက်ကုန်၏။
ထိုအခါ သံဃာသည် ''အကြင်ကံ၏ အကျိုးငှါ စည်းဝေး၏၊ ထိုကံကို ပြုအံ့''ဟု ဉတ်ကို ထား၏။
ထိုအခါ ထိုဆဗ္ဗဂ္ဂီရဟန်းသည် ''ဤသို့လျှင် ဤရဟန်းတို့သည် တစ်ပါးတစ်ပါးသော ရဟန်းအား ကံကို ပြုကုန်၏၊ သင်တို့သည် အဘယ်ရဟန်းအား ကံကို ပြုကုန်ဘိသနည်း''ဟု ဆို၍ ဆန္ဒကို မပေးဘဲ နေရာမှ ထ၍ ဖဲသွား၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ရဟန်းသည် သံဃာ၌ အဆုံးအဖြတ်စကား ဖြစ်နေစဉ် ဆန္ဒကို မပေးမူ၍ နေရာမှ ထ၍ ဖဲသွားဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်း သင်သည် သံဃာ၌ အဆုံးအဖြတ်စကား ဖြစ်နေစဉ် ဆန္ဒကို မပေးမူ၍ နေရာမှ ထ၍ ဖဲသွား၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင်သည် အဘယ့်ကြောင့် သံဃာ၌ အဆုံးအဖြတ်စကား ဖြစ်နေစဉ် ဆန္ဒကို မပေးဘဲ နေရာမှ ထ၍ ဖဲသွားဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၄၈၀။ ''အကြင်ရဟန်းသည် သံဃာ၌ အဆုံးအဖြတ်စကားသည် ဖြစ်လတ်သော် ဆန္ဒု မပေးမူ၍ နေရာမှ ထကာ ဖဲသွားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၄၈၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
သံဃာ၌ အဆုံးအဖြတ်စကား မည်သည် ဝတ္ထုကိုလည်း ပြောကြား၏၊ မဆုံးဖြတ်သေး။ ဉတ်ကိုလည်း ထား၏၊ ကမ္မဝါစာသည်လည်း မပြီးဆုံးသေး။
ဆန္ဒမပေးမူ၍ နေရာမှ ထကာ ဖဲသွားငြားအံ့ဟူသည်
''အဘယ်သို့လျှင် ဤကံသည် ပျက်ရာသနည်း၊ အစုကွဲဖြစ်ရာသနည်း၊ မပြုပါအံ့နည်း''ဟု (နှလုံးသွင်း၍) သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပရိသတ်၏ ဟတ္တပါသ်ကို စွန့်စဉ် ဒုက္ကဋ်အာပတ် သင့်၏။
စွန့်ပြီးသော် ပါစိတ်အာပတ် သင့်၏။
၄၈၂။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည် ဖြစ်၍ ဆန္ဒကို မပေးဘဲ နေရာမှ ထ၍ ဖဲသွားအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည် ဖြစ်၍ ဆန္ဒကို မပေးဘဲ နေရာမှ ထ၍ ဖဲသွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ဆန္ဒကို မပေးဘဲ နေရာမှ ထ၍ ဖဲသွားအံ့၊ အာပတ် မသင့်။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၄၈၃။ ''သံဃာအား ခိုက်ရန်ဖြစ်ခြင်းသော်လည်းကောင်း၊ ငြင်းခုံခြင်းသော်လည်းကောင်း၊ ဆန့်ကျင် သော အယူကို ယူခြင်းသော်လည်းကောင်း၊ ဆန့်ကျင်သော စကားကို ဆိုခြင်းသော်လည်းကောင်း ဖြစ်လတ္တံ''ဟု (နှလုံးသွင်း၍) သွားအံ့၊ ''သံဃာ၏ ကွဲပြားခြင်းသော်လည်းကောင်း၊ သံဃာ၏ အရေးသော် လည်းကောင်း ဖြစ်လတ္တံ့''ဟု (နှလုံးသွင်း၍) ဖဲသွားအံ့၊ ''မတရားသဖြင့်သော်လည်းကောင်း၊ အစုကွဲ၍ သော်လည်းကောင်း ကံပြုလတ္တံ့''ဟု (နှလုံးသွင်း၍) သွားအံ့၊ ဖျားနာ၍ သွားအံ့၊ ဖျားနာသော ရဟန်း၏ ပြုဖွယ်ကိစ္စကြောင့် သွားအံ့၊ ကျင်ကြီး ကျင်ငယ် နှိပ်စက်သောကြောင့် သွားအံ့၊ ''ကံမပျက်စေလိုဘဲ တစ်ဖန် ပြန်လာအံ့''ဟု (နှလုံးသွင်း၍) သွားအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒသမ ဆန္ဒံအဒတွာဂမနသိက္ခာပုဒ် ပြီး၏။