Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

2. Sappāṇakasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၃၈၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိလျက် ပိုးရှိသော ရေကို သုံးဆောင်ကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိလျက် ပိုးရှိသော ရေကို သုံးဆောင်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် သိလျက် ပိုးရှိသော ရေကို သုံးဆောင်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် သိလျက် ပိုးရှိသော ရေကို အဘယ့်ကြောင့် သုံးဆောင်ကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၃၈၈။ ''အကြင်ရဟန်းသည် သိလျက် ပိုးရှိသော ရေကို သုံးဆောင်ငြား အံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၃၈၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
သိ၏ မည်သည် ကိုယ်တိုင်သော်လည်း သိ၏၊ အခြားသော သူတို့သော်လည်း ထိုရဟန်းအား ပြော ကြားကုန်၏။
ပိုးရှိ၏ဟု သိလျက် သုံးဆောင်ခြင်းကြောင့် သေကုန်လတ္တံ့ဟု သိလျက် သုံးဆောင်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
၃၉၀။ ပိုးရှိသော ရေကို ပိုးရှိ၏ဟု အမှတ်ရှိသည်ဖြစ်၍ သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
ပိုးရှိသော ရေ၌ ယုံမှားရှိသည်ဖြစ်၍ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပိုးရှိသော ရေ၌ ပိုးမရှိဟု အမှတ်ရှိသည်ဖြစ်၍ သုံးဆောင်အံ့၊ အာပတ် မသင့်။
ပိုးမရှိသော ရေ၌ ပိုးရှိ၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပိုးမရှိသော ရေ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပိုးမရှိသော ရေ၌ ပိုးမရှိဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၃၉၁။ ပိုးရှိ၏ဟု မသိ၍သော်လည်းကောင်း၊ ပိုးမရှိဟု သိ၍သော်လည်းကောင်း၊ သုံးဆောင်ခြင်း ကြောင့် သေလိမ့်မည်မဟုတ်ဟု သိ၍သော်လည်းကောင်း သုံးဆောင်အံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒုတိယ သပ္ပါဏကသိက္ခာပုဒ် ပြီး၏။