Issues
ເລືອກເວີຊັນ
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

9. Ratanavaggo

ຜູ້ຂຽນ: my-tipitaka @ visuddhinanda

၄၉၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ပသေနဒီကောသလမင်းကြီးသည် ''အချင်း သွားချေ၊ ဥယျာဉ်ကို သုတ်သင် ရှင်းလင်းလေလော့၊ ဥယျာဉ်သို့ သွားကြအံ့''ဟု ဥယျာဉ်စောင့်ကို စေခိုင်း၏။
''ကောင်းပါပြီ အသျှင်မင်းကြီး''ဟု ထိုဥယျာဉ်စောင့်သည် ပသေနဒီကောသလမင်းကြီးအား ဝန်ခံပြီး လျှင် ဥယျာဉ်ကို သုတ်သင်သည်ရှိသော် တစ်ခုသော သစ်ပင်ရင်း၌ သီတင်းသုံးနေတော်မူသော မြတ်စွာ ဘုရားကို တွေ့မြင်သောကြောင့် ပသေနဒီကောသလမင်းကြီးထံသို့ ချဉ်းကပ်ပြီးလျှင်
''အသျှင်မင်းကြီး ဥယျာဉ်သည်ကား သန့်ရှင်းစင်ကြယ်ပါပြီ၊ သို့ရာတွင် မြတ်စွာဘုရားသည် ထိုဥယျာဉ်၌ နေတော်မူပါ၏''ဟု လျှောက်၏။
အချင်း ရှိပါစေ၊
ငါတို့သည် မြတ်စွာဘုရားကို ဆည်းကပ်ကုန်အံ့ဟု (ပြောဆို၏)။
ထိုအခါ ပသေနဒီကောသလမင်းကြီးသည် ဥယျာဉ်သို့ သွား၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။
ထိုစဉ်အခါ ဥပါသကာတစ်ယောက်သည် မြတ်စွာဘုရားကို ဆည်းကပ်၍ နေ၏၊
ပသေနဒီကောသလ မင်းကြီးသည် မြတ်စွာဘုရားကို ဆည်းကပ်၍နေသော ထိုဥပါသကာကို မြင်၍
ကြောက်ရွံ့သဖြင့် ရပ်နေ၏။
ထို့နောက် ပသေနဒီကောသလမင်းကြီးအား ''ဤယောက်ျားသည် မြတ်စွာဘုရားကို ဆည်းကပ်၍ နေသူတစ်ယောက်ဖြစ်ရကား ယုတ်ညံ့သူ မဖြစ်တန်ရာ''ဟု အကြံဖြစ်၍
မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီး လျှင် ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏။
ထိုအခါ ထိုဥပါသကာသည် မြတ်စွာဘုရားကို ရိုသေသောအားဖြင့် ပသေနဒီကောသလမင်းကြီးကို ရှိလည်း မခိုး၊ ခရီးဦးလည်း မကြိုဆိုဘဲ ရှိရကား
ပသေနဒီကောသလမင်းကြီးအား ''ဤယောက်ျားသည် ငါလာသောအခါ၌ အဘယ့်ကြောင့် ရှိမခိုးလေဘိသနည်း၊ ခရီးဦးလည်း မကြိုဆိုဘိသနည်း''ဟု နှလုံးမသာ ဖြစ်၏၊
ထိုအခါ မြတ်စွာဘုရားသည် ပသေနဒီကောသလမင်းကြီး နှလုံးမသာသည်ကို သိတော်မူ၍ ''မင်းကြီး ဤဥပါသကာသည် အကြားအမြင်လည်း များ၏၊ အာဂုံ (ပါဠိ) နှုတ်၌ လာပြီးသူလည်း ဖြစ်၏၊ ကာမဂုဏ်တို့၌ တပ်နှစ်သက်ခြင်းလည်း ကင်း၏''ဟု ပသေနဒီကောသလမင်းကြီးအား မိန့်တော်မူ၏။
ထိုအခါ ပသေနဒီကောသလမင်းကြီးအား ''ဤဥပါသကာသည် ယုတ်ညံ့သူ မဖြစ်တန်ရာ မြတ်စွာ ဘုရားသည်လည်း ဤဥပါသကာ၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းတော်မူ၏''ဟု အကြံဖြစ်၍
ထိုဥပါသကာကို ''ဥပါသကာ သင် အလိုရှိရာကို ပြောကြားလော့''ဟု ဆို၏။
ကောင်းလှပါပြီ အသျှင်မင်းကြီး၏ဟု (လျှောက်၏)။
ထိုအခါ မြတ်စွာဘုရားသည် ပသေနဒီကောသလမင်းကြီးကို တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးသော်
ပသေနဒီကောသလမင်းကြီးသည် နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ဖဲခွါ သွားလေ၏။
၄၉၅။ ထိုအခါ ပသေနဒီကောသလမင်းကြီးသည် မြတ်သော ပြာသာဒ်ထက်၌ စံနေစဉ်
လမ်းခရီး၌ ထီးကိုင်စွဲလျက် သွားနေသော ထိုဥပါသကာကို
မြင်၍ ခေါ်စေပြီးလျှင်
''ဥပါသကာ သင်သည် အကြား အမြင်များစွာ ရှိသတတ်၊ အာဂုံ (ပါဠိ) နှုတ်၌ လာပြီးသူ ဖြစ်သတတ်၊
ဥပါသကာ တောင်းပန်ပါ၏၊ ငါတို့၏ မောင်းမအပေါင်းအား တရားတော်ကို ပို့ချ သင်ပြပါလော့''ဟု ဆို၏။
အသျှင်မင်းကြီး အကျွန်ုပ် သည် အသျှင်ကောင်းတို့၏ အကြောင်းကြောင့် တရားတော်ကို သိပါ၏၊ ထိုတရားတော်ကို အသျှင်ကောင်းတို့သည်သာလျှင် အသျှင်မင်းကြီး၏ မောင်းမအပေါင်းကို သင်ပြပို့ချစေကုန်လတ္တံ့ဟု (ပြောဆို၏)။
ထိုအခါ ပသေနဒီကောသလမင်းကြီးသည်
''ဥပါသကာသည်ကား အမှန်ကို ပြောဆိုပေ၏''ဟု (နှလုံးသွင်း၍) မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်
ရိုသေစွာ ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေကာ
''အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်တို့၏ မောင်းမအပေါင်းတို့အား တရား တော်ကို သင်ပြပို့ချနိုင်မည့် ရဟန်းတစ်ပါးကို စေလွှတ်တော်မူပါ''ဟု မြတ်စွာဘုရားအား လျှောက်၏။
ထိုအခါ မြတ်စွာဘုရားသည် ပသေနဒီကောသလမင်းကြီးကို တရားစကားဖြင့် (အကျိုးစီးပွါး) ကို သိမြင်စေ၏။ပ။ ပသေနဒီကောသလမင်းကြီးသည်။ပ။ အရိုအသေပြုကာ ဖဲခွါသွား၏။
ထို့နောက် မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို
''အာနန္ဒာ တိုက်တွန်း၏၊ မင်းကြီး၏ မောင်းမ မိဿံအပေါင်းအား တရားတော်ကို သင်ပြပို့ချချေလော့''ဟု မိန့်တော်မူ၏။
''ကောင်းပါပြီ အသျှင်ဘုရား''ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံလျက် အခါကာလအားလျော်စွာ နန်းတော်တွင်းသို့ ဝင်၍ မင်းကြီး၏ မောင်းမမိဿံအပေါင်းအား တရားတော်ကို သင်ပြပို့ချလေ၏။
ထိုအခါ အသျှင်အာနန္ဒာသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ပသေနဒီကောသလမင်းကြီး၏ နန်းတော်သို့ ချဉ်းကပ်၏။
၄၉၆။ ထိုအခါ ပသေနဒီကောသလမင်းကြီးသည် မလ္လိကာမိဖုရားကြီးနှင့်အတူ အိပ်ရာတိုက်ခန်း၌ စံနေ၏၊
မလ္လိကာမိဖုရားကြီးသည် အဝေးကပင်လျှင် အသျှင်အာနန္ဒာ လာနေသည်ကို မြင်၍ အဆော တလျင် ထ၏၊
ဝါဝင်းချောမွေ့သော အဝတ်သည် လျှောကျ၏၊
ထိုအခါ အသျှင်အာနန္ဒာသည် ထိုအရပ်မှ သာလျှင် ပြန်လှည့်ကာ အရံသို့ သွား၍ ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် အသျှင်အာနန္ဒာသည် လာသော အကြောင်းကို ရှေးဦးစွာ မသိစေဘဲ မင်း၏ နန်းတော်တွင်းသို့ ဝင်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''အာနန္ဒာ သင်သည် လာသော အကြောင်းကို ရှေးဦးစွာ မသိစေဘဲ မင်း၏ နန်းတော်တွင်းသို့ ဝင်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ အာနန္ဒာ သင်သည် အဘယ့်ကြောင့် လာသော အကြောင်းကို ရှေးဦးစွာ မသိစေဘဲ နန်းတော်တွင်းသို့ ဝင်ဘိသနည်း။ အာနန္ဒာ ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ကဲ့ရဲ့တော်မူ၍ တရားစကားကို ဟောကြားတော်မူပြီးလျှင် ရဟန်းတို့ကို မိန့်တော်မူ၏။
၄၉၇။ ရဟန်းတို့ နန်းတော်သို့ ဝင်ခြင်း၌ အပြစ်တို့သည် ဤဆယ်ပါးတို့တည်း၊
အဘယ် ဆယ်ပါး တို့နည်းဟူမူ-
(၁) ရဟန်းတို့ မင်းနှင့်မိဖုရား အတူနေရာသို့ ရဟန်းဝင်သောအခါ
မိဖုရားကသော်လည်း ရဟန်းကို မြင်၍ ပြုံးရယ်မိတတ်၏၊
ရဟန်းကသော်လည်း မိဖုရားကို မြင်၍ ပြုံးရယ်မိတတ်၏၊
ထိုသို့ ပြုံးရယ်မိရာ၌ မင်းကြီးအား ''ဤရဟန်းနှင့် မိဖုရားတို့သည် လွန်ကျူးပြီးသော် လည်းကောင်း၊ လွန်ကျူးလတ္တံ့သော်လည်းကောင်း မချွတ်ဖြစ်ရာ၏''ဟု အထင်မှားခြင်း ဖြစ်တတ်၏၊
ရဟန်းတို့ ဤသည်ကား နန်းတော်သို့ ဝင်ခြင်း၌ ပဌမအပြစ်တည်း။
(၂) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း မင်းမည်သည်ကား များသော ကိစ္စ ရှိ၏၊ များသော ပြုဖွယ် ရှိ၏၊
မိန်းမ 'မိဖုရားငယ်' တစ်ယောက်ကို သွားလာပြီးနောက် အမှတ်မရ၊
ထိုမိန်းမသည် ထိုမင်းသွားလာခြင်းကြောင့် ကိုယ်ဝန်စွဲယူရာ၌
''ဤအရပ်၌ ရဟန်းမှတစ်ပါး အခြားသူ တစ်စုံ တစ်ယောက်မျှ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော''ဟု မင်းအား အထင်မှားခြင်း ဖြစ်တတ်၏၊
ရဟန်းတို့ ဤသည်ကား နန်းတော်သို့ ဝင်ခြင်း၌ ဒုတိယအပြစ်တည်း။
(၃) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း နန်းတော်တွင်း၌ တစ်စုံတစ်ခုသော ရတနာပျောက် သောအခါ
''ဤအရပ်၌ ရဟန်းမှတစ်ပါး အခြားသူ တစ်စုံတစ်ယောက်မျှ မဝင်၊ ရဟန်း၏ အမှု ပင် ဖြစ်လေ သလော''ဟု မင်းအား အထင်မှားခြင်း ဖြစ်တတ်၏၊
ရဟန်းတို့ ဤသည်ကား နန်းတော်သို့ ဝင်ခြင်း၌ တတိယအပြစ်တည်း။
(၄) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း နန်းတော်တွင်း၌ လျို့ဝှက်ထားသော တိုင်ပင်ချက် နန်းတွင်းရေးသည် အပြင်ဘက်တွင် ပျံ့နှံ့သောအခါ
''ဤအရပ်၌ ရဟန်းမှတစ်ပါး အခြားသူ တစ်စုံ တစ်ယောက်မျှ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေ သလော''ဟု မင်းအား အထင်မှားခြင်း ဖြစ်တတ်၏၊
ရဟန်းတို့ ဤသည်ကား နန်းတော်သို့ ဝင်ခြင်း၌ စတုတ္ထအပြစ်တည်း။
(၅) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း နန်းတော်တွင်း၌ သားကသော်လည်း အဖကို (သတ်ခြင်းငှါ) အလိုရှိတတ်၏၊ အဖကသော်လည်း သားကို (သတ်ခြင်းငှါ) အလိုရှိတတ်၏၊
''ဤအရပ်၌ ရဟန်းမှတစ်ပါး အခြားသူ တစ်စုံတစ်ယောက်မျှ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော''ဟု ထိုသူတို့အား အထင်မှားခြင်း ဖြစ်တတ်၏၊
ရဟန်းတို့ ဤသည်ကား နန်းတော်သို့ ဝင်ခြင်း၌ ပဉ္စမအပြစ်တည်း။
(၆) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း မင်းသည် နိမ့်သော ရာထူး ရှိသူကို မြင့်သော ရာထူး၌ ထားသောအခါ
''မင်းသည် ရဟန်းနှင့် ရောနှော၏၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော''ဟု ထို (ရာထူး ပြောင်းလွှဲခြင်းကို မနှစ်သက်) သူတို့အား အထင်မှားခြင်း ဖြစ်တတ်၏၊
ရဟန်းတို့ ဤသည်ကား နန်းတော်သို့ ဝင်ခြင်း၌ ဆဋ္ဌအပြစ်တည်း။
(၇) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း မင်းသည် မြင့်သော ရာထူး ရှိသူ 'ရာထူးကြီးသူ' ကို နိမ့်သော ရာထူး၌ ထားသောအခါ
''မင်းသည် ရဟန်းနှင့် ရောနှော၏၊ ရဟန်း၏ အမှုပင် ဖြစ်လေ သလော''ဟု ထို (ရာထူးပြောင်းလွှဲခြင်းကို မနှစ်သက်) သူတို့အား အထင်မှားခြင်း ဖြစ်တတ်၏၊
ရဟန်းတို့ ဤသည်ကား နန်းတော်သို့ ဝင်ခြင်း၌ သတ္တမအပြစ်တည်း။
(၈) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း မင်းသည် အခါမဟုတ်သည်၌ စစ်တပ်ကို လွှတ်လိုက် သောအခါ
''မင်းသည် ရဟန်းနှင့် ရောနှော၏၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော''ဟု ထို (အခါမဲ့ စစ်တပ်လွှတ်ခြင်းကို မနှစ်သက်) သူတို့အား အထင်မှားခြင်း ဖြစ်တတ်၏၊
ရဟန်းတို့ ဤသည်ကား နန်းတော်သို့ ဝင်ခြင်း၌ အဋ္ဌမအပြစ်တည်း။
(၉) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း မင်းသည် လွှတ်သင့်သောအခါ၌ စစ်တပ်ကို လွှတ်လိုက် ပြီးနောက် ခရီးအကြားမှ တစ်ဖန် ပြန်လာစေသောအခါ
''မင်းသည် ရဟန်းနှင့် ရောနှော၏၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော''ဟု ထို (စစ်ပြန်ခြင်းကို မနှစ်သက်) သူတို့အား အထင်မှားခြင်း ဖြစ်တတ်၏၊
ရဟန်းတို့ ဤသည်ကား နန်းတော်သို့ ဝင်ခြင်း၌ နဝမအပြစ်တည်း။
(၁၀) ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း မင်း၏ နန်းတော်သည် ဆင် မြင်း ရထားတို့ဖြင့် ကျဉ်းမြောင်း ကြပ်တည်း၏၊ တပ်နှစ်သက်ဖွယ်ဖြစ်သော ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ လည်း ရှိကုန်၏၊ ယင်းအာရုံတို့သည် ရဟန်းအား မလျောက်ပတ်ကုန်၊
ရဟန်းတို့ ဤသည်ကား နန်းတော်သို့ ဝင်ခြင်း၌ ဒသမအပြစ်တည်း။
ရဟန်းတို့ နန်းတော်သို့ ဝင်ခြင်း၌ အပြစ်တို့သည် ဤဆယ်ပါးတို့တည်းဟု (မိန့်တော်မူ၏)။
ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင် တော်မူပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၄၉၈။ ''အကြင်ရဟန်းသည် ဦးထိပ်၌ အဘိသိက်သွန်းအပ်ပြီးသော မင်းမျိုးဖြစ်သော မင်း၏ မင်းနှင့်မိဖုရားရတနာ မထွက်သေးသော အိပ်ရာ တိုက်ခန်း၌ (မိမိလာကြောင်းကို) ရှေးက တင်ကြို၍ အသိမပေးဘဲ တံခါးခုံကို လွန်စေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၄၉၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
မင်းမျိုး မည်သည် အမိဘက် အဖဘက် နှစ်ဖက်လုံးတို့မှ ကောင်းသော ဇာတ် ရှိ၏၊ ဘိုးဘေး ခုနစ်ဆက် တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်း ရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံခဲ့ရ, အကဲ့ရဲ့မခံခဲ့ရသောသူတည်း။
ဦးထိပ်၌ အဘိသိက်သွန်းအပ်ပြီးသော မည်သည် မင်း၏ အဘိသိက်ဖြင့် ဦးထိပ်၌ သွန်းအပ်ပြီး ဖြစ်၏။
မင်းမထွက်သေးဟူသည် မင်းသည် အိပ်ရာ တိုက်ခန်းမှ မထွက်သေးသည်ပင် ဖြစ်၏။
မိဖုရားရတနာ မထွက်သေးဟူသည် မိဖုရားသည် အိပ်ရာ တိုက်ခန်းမှ မထွက်သေးသည်ပင် ဖြစ်၏၊ နှစ်ယောက်လုံးတို့သော်လည်း မထွက်ကြသေးကုန်။
(မိမိလာကြောင်းကို) ရှေးက တင်ကြို၍ အသိမပေးဘဲဟူသည် ရှေးဦးစွာ မပန်ကြားမူ၍ 'အကြောင်းမကြားမူ၍'။
တံခါးခုံ မည်သည် အိပ်ရာ တိုက်ခန်း၏ တံခါးခုံကို ဆို၏။
အိပ်ရာတိုက်ခန်း မည်သည် တစ်စုံတစ်ခုသော နေရာ၌ မင်း၏ အိပ်ရာကို ခင်းထား၏၊ အယုတ် သဖြင့် တင်းတိမ် 'ကန့်လန့်ကာ' ကို ကာရံထားသော နေရာသည်လည်း အိပ်ရာတိုက်ခန်း မည်၏။
တံခါးခုံကို လွန်စေငြားအံ့ဟူသည် ပဌမခြေလှမ်းကို တံခါးခုံကို လွန်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
ဒုတိယခြေလှမ်းကို လွန်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
၅၀၀။ (မိမိလာကြောင်းကို) အသိမပေးသည်၌ အသိမပေးဟု အမှတ်ရှိသည်ဖြစ်၍ တံခါးခုံကို လွန်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
အသိမပေးသည်၌ ယုံမှားရှိသည်ဖြစ်၍ တံခါးခုံကို လွန်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
အသိမပေးသည်၌ အသိပေးပြီးဟု အမှတ်ရှိသည်ဖြစ်၍ တံခါးခုံကို လွန်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
အသိပေးပြီးသည်၌ အသိမပေးသေးဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အသိပေးပြီးသည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အသိပေးပြီးသည်၌ အသိပေးပြီးပြီဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၅၀၁။ အသိပေးပြီးသည် ရှိသော် အာပတ် မသင့်၊ မင်းမျိုး မဟုတ်အံ့၊ မင်း၏ အဘိသိက်ဖြင့် မသွန်းလောင်းအပ်သေးသူ ဖြစ်အံ့၊ မင်းသည် အိပ်ရာတိုက်ခန်းမှ ထွက်အံ့၊ မိဖုရားသည် အိပ်ရာ တိုက်ခန်းမှ ထွက်အံ့၊ မင်းမိဖုရား နှစ်ပါးလုံးတို့သော်လည်း အိပ်ရာတိုက်ခန်းမှ ထွက်ကုန်အံ့၊ အိပ်ရာ တိုက်ခန်း၌ မဟုတ်အံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အား လည်း အာပတ် မသင့်။
ပဌမ အန္တေပုရသိက္ခာပုဒ် ပြီး၏။