၂၀၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
အသင်းတစ်ခုသည် သာဝတ္ထိပြည်အနီး၌ လာလာသမျှ ဧည့်သည်တို့ တည်းခိုရန် ဇရပ်ဆောက်၍ ဧည့်သည်တို့အား ထမင်း ဟင်း စသည်တို့ဖြင့် ကြိုဆို ဧည့်ခံ၍ နေ၏။
ဆဗ္ဗဂ္ဂီရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် သာဝတ္ထိ ပြည်သို့ ဆွမ်းခံဝင်သည် ရှိသော် ဆွမ်းမရသောကြောင့် လာလာသမျှ ဧည့်သည်တို့တည်းခိုရန် ဇရပ်သို့သွားကုန်၏။
''အသျှင်ကောင်းတို့သည် ကြာမြင့်မှလည်း ကြွလာကုန်၏''ဟု လူတို့သည် ရိုသေစွာ လုပ်ကျွေးကုန်၏။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဒုတိယနေ့၌လည်း။ပ။ တတိယနေ့၌လည်း နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်သည် ရှိသော် ဆွမ်းမရသောကြောင့် လာလာသမျှ ဧည့်သည်တို့ တည်းခိုရန် ဇရပ်သို့ သွား၍ သုံးဆောင်ကုန်၏။
ထိုအခါ ဆဗ္ဗဂ္ဂီ ရဟန်းတို့အား ''ငါတို့သည် ကျောင်းအရံသို့ ပြန်သွားသဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ နက်ဖြန်လည်း ဤဇရပ်သို့ပင် လာသင့်၏''ဟု အကြံ ဖြစ်၍ ထိုဇရပ်၌ပင် နေ့တိုင်း နေ့တိုင်း နေ၍ လာလာသမျှ ဧည့်သည်တို့ တည်းခိုရန် ဇရပ်၌ ဆွမ်းကို သုံးဆောင်ကုန်၏။
တိတ္ထိတို့သည် ဆုတ်ခွါ ဖဲသွားကုန်၏။
လူတို့သည်- ''အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရားအနွယ်တော် ဖြစ်ကုန်သော ရဟန်းတို့သည် နေ့တိုင်း နေ့တိုင်း နေ၍ လာလာသမျှ ဧည့်သည်တို့ တည်းခိုရန် ဇရပ်၌ ဆွမ်းကို သုံးဆောင် ကုန်ဘိသနည်း၊ ဤရဟန်းတို့ အလို့ငှါသာလျှင် ဧည့်သည်တို့ တည်းခိုရန် ဇရပ်၌ ဆွမ်းဝတ်တည်ထား သည် မဟုတ်၊ ခပ်သိမ်းသော သူတို့ အလို့ငှါသာလျှင် ဧည့်သည်တို့ တည်းခိုရန် ဇရပ်၌ ဆွမ်းဝတ် တည်ထား၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည်သာတည်း။
အလိုနည်းသော ရဟန်းတို့ သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် နေ့တိုင်း နေ့တိုင်း နေ၍ လာလာသမျှ ဧည့်သည်တို့ တည်းခိုရန် ဇရပ်၌ ဆွမ်းကို သုံးဆောင်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် နေ့တိုင်း နေ့တိုင်း နေ၍ လာလာသမျှ ဧည့်သည်တို့တည်းခိုရန် ဇရပ်၌ ဆွမ်းကို သုံးဆောင်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် နေ့တိုင်း နေ့တိုင်း နေ၍ လာလာသမျှ ဧည့်သည်တို့ တည်းခိုရန် ဇရပ်၌ ဆွမ်းကို သုံးဆောင်ကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(က) ''တစ်ကြိမ်သာလျှင် လာလာသမျှ ဧည့်သည်တို့တည်းခိုရန် ဇရပ်၌ ဆွမ်းကို သုံးဆောင်အပ်၏၊
ထိုတစ်ကြိမ်ထက် အလွန် အကယ်၍ သုံးဆောင်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၂၀၄။ ထိုအခါ အသျှင်သာရိပုတြာသည် သာဝတ္ထိပြည်သို့ သွားသော် ကောသလတိုင်း ဇနပုဒ်၌ လာလာသမျှ ဧည့်သည်တို့ တည်းခိုရန် ဇရပ်တစ်ခုသို့ ချဉ်းကပ်၏၊ ''မထေရ်သည် ကြာမြင့်မှလည်း လာ၏''ဟု လူတို့သည် ရိုသေစွာ လုပ်ကျွေးကုန်၏။
ထိုအခါ ဆွမ်းစားပြီးသော အသျှင်သာရိပုတြာအား ကြမ်းတမ်းသော အနာရောဂါ၁ ဖြစ်ပေါ်လာ၏၊ လာလာသမျှ ဧည့်သည်တို့ တည်းခိုရန်ဖြစ်သော ထိုဇရပ်မှ ဖဲသွားခြင်းငှါ မတတ်နိုင်။
ထိုအခါ ထိုလူတို့သည် ဒုတိယနေ့၌လည်း အသျှင်သာရိပုတြာအား ''အသျှင်ဘုရား သုံးဆောင်တော်မူပါကုန်လော့''ဟု လျှောက်ကုန်၏။
ထိုအခါ အသျှင်သာရိပုတြာသည် ''နေ့တိုင်း နေ့တိုင်း နေ၍ လာလာသမျှ ဧည့်သည်တို့ တည်းခိုရန် ဇရပ်၌ ဆွမ်းသုံးဆောင်ခြင်းကို မြတ်စွာဘုရားသည် ပယ်တော်မူသောကြောင့် မအပ်''ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိသည်ဖြစ်၍ မခံယူသဖြင့် ဆွမ်းပြတ်၏ 'ဆွမ်းမစားရချေ'။
ထိုအခါ အသျှင်သာရိပုတြာသည် သာဝတ္ထိပြည်သို့ သွား၍ ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏။
ရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤသို့သော အကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို-
''ရဟန်းတို့ နာဖျားသော ရဟန်းသည် နေ့တိုင်း နေ့တိုင်း နေ၍ လာလာသမျှ ဧည့်သည်တို့ တည်းခိုရန် ဇရပ်၌ ဆွမ်းကို သုံးဆောင်ခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၂၀၅။ ''မနာမဖျားသော ရဟန်းသည် တစ်ကြိမ်သာလျှင် လာလာသမျှ ဧည့်သည်တို့ တည်းခိုရန်ဇရပ်၌ ဆွမ်းကို သုံးဆောင်အပ်၏၊
ထိုတစ်ကြိမ်ထက် အလွန် အကယ်၍ သုံးဆောင်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)၊
၂၀၆။ မနာမဖျားသော ရဟန်း မည်သည် ထိုလာလာသမျှ ဧည့်သည်တို့ တည်းခိုရန် ဇရပ်မှ ဖဲသွားခြင်းငှါ စွမ်းဆောင်နိုင်သော ရဟန်းတည်း။
နာဖျားသော ရဟန်း မည်သည် ထိုလာလာသမျှ ဧည့်သည်တို့ တည်းခိုရန် ဇရပ်မှ ဖဲသွားခြင်းငှါ မစွမ်းနိုင်သော ရဟန်းတည်း။
လာလာသမျှ ဧည့်သည်တို့ တည်းခိုရန် ဇရပ်၌ ဆွမ်း မည်သည် ဘောဇဉ်ငါးပါးတို့တွင် တစ်ပါး ပါးသော ဘောဇဉ်ကို ဇရပ်၌သော်လည်းကောင်း၊ မဏ္ဍပ်၌သော်လည်းကောင်း၊ သစ်ပင်ရင်း၌သော်လည်းကောင်း၊ လွင်ပြင်၌သော်လည်းကောင်း မရည်ညွှန်းမူ၍ အလိုရှိတိုင်း ဝတ်တည်ထားအပ်သော ဆွမ်းတည်း။
မနာမဖျားသော ရဟန်းသည် တစ်ကြိမ် သုံးဆောင်အပ်၏၊
ထိုတစ်ကြိမ်ထက် အလွန် သုံးဆောင်အံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ် သင့်၏။
၂၀၇။ မနာမဖျားဘဲ မနာမဖျားဟု အမှတ်မရှိသည်ဖြစ်၍ ထိုတစ်ကြိမ်ထက် အလွန် လာလာသမျှ ဧည့်သည်တို့ တည်းခိုရန် ဇရပ်၌ ဆွမ်းကို သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏၊
မနာမဖျားဘဲ ယုံမှားရှိသည် ဖြစ်၍ ထိုတစ်ကြိမ်ထက် အလွန် လာလာသမျှ ဧည့်သည်တို့ တည်းခိုရန် ဇရပ်၌ ဆွမ်းကို သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
မနာမဖျားဘဲ နာဖျား၏ဟု အမှတ်ရှိသည်ဖြစ်၍ ထိုတစ်ကြိမ်ထက် အလွန် လာလာသမျှ ဧည့်သည်တို့ တည်းခိုရန် ဇရပ်၌ ဆွမ်းကို သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
နာဖျားလျက် မနာမဖျားဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နာဖျားလျက် ယုံမှားရှိအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
နာဖျားလျက် နာဖျား၏ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၂၀၈။ နာဖျားသော ရဟန်းအား အာပတ် မသင့်၊ မနာမဖျားဘဲ တစ်ကြိမ်သာ သုံးဆောင်အံ့၊ သွား လျက်လည်းကောင်း၊ လာလျက်လည်းကောင်း သုံးဆောင်အံ့၊ ဥစ္စာရှင်တို့သည် ပင့်ဖိတ်၍ ကျွေးမွေး ကုန်အံ့၊ (ရဟန်းတို့အားသာလျှင်) ရည်ညွှန်း၍ ဝတ်တည်ထားအံ့၊ အလိုရှိတိုင်း ဝတ်တည်ထားသည် မဟုတ်အံ့၊ အာပတ် မသင့်၊ ဘောဇဉ်ငါးပါးတို့ကို ထား၍ အလုံးစုံသော ခဲဖွယ်တို့၌ အာပတ် မသင့်။
ရူးသော ရဟန်း။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပဌမ အာဝသထပိဏ္ဍသိက္ခာပုဒ် ပြီး၏။
၁။ အသျှင်သာရိပုတြာအား ပြင်းထန်သောလေနာရောဂါ ခဏခဏ ဖြစ်လေ့ရှိသောကြောင့် ဤနေရာ၌လည်း လေရောဂါဟု ယူဆသင့်၏။