၁၈၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းမိန်းမတို့နှင့် အတူ တိုင်ပင်ညီညွတ်၍ 'ချိန်းဆို၍' တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးကို သွားကုန်၏။
လူတို့က ''ငါတို့သည် မယားနှင့်တကွ လှည့်လည်သွားလာကုန်သကဲ့သို့၊ ဤအတူပင်လျှင် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်ကုန်သော ဤရဟန်းတို့သည် ရဟန်းမိန်းမတို့နှင့်အတူ လှည့်လည်သွားလာကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြပြောဆိုကြသော ထိုလူတို့၏ စကားတို့ကို ကြားကြသည်သာ တည်း။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းမိန်းမတို့နှင့်အတူ တိုင်ပင်ညီညွတ်၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးကို သွားကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ သင်တို့သည် ရဟန်းမိန်းမတို့နှင့်အတူ တိုင်ပင်ညီညွတ်၍ တစ်ကြောင်းတည်း အဓွန့် ရှည်သော ခရီးသို့ သွားကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် ရဟန်းမိန်းမတို့နှင့် အတူ တိုင်ပင်ညီညွတ်၍ တစ်ကြောင်း တည်း အဓွန့်ရှည်သော ခရီးသို့ သွားကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(က) ''အကြင်ရဟန်းသည် ရဟန်းမိန်းမနှင့် အတူ တိုင်ပင်ညီညွတ်၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွားငြားအံ့၊ အယုတ်သဖြင့် ရွာတစ်ပါးသို့သော်လည်း သွားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၁၈၁။ တစ်ရံရောအခါ များစွာကုန်သော ရဟန်းယောက်ျား ရဟန်းမိန်းမတို့သည် သာကေတမြို့မှ သာဝတ္ထိပြည်သို့ အဓွန့်ရှည်သော ခရီးကို သွားကုန်၏။
ထိုအခါ ရဟန်းမိန်းမတို့သည် ထိုရဟန်း ယောက်ျားတို့ကို ''အကျွန်ုပ်တို့သည်လည်း အသျှင်ဘုရားတို့နှင့်အတူ သွားပါကုန်အံ့''ဟု ဆိုကုန်၏။
နှမတို့ ရဟန်းမိန်းမနှင့်အတူ တိုင်ပင်ညီညွတ်၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွားခြင်းငှါ မအပ်၊
သင်တို့သော်လည်း ရှေးဦးစွာ သွားကုန်လော့၊ ငါတို့သော်လည်း သွားကုန်အံ့ဟု (ဆိုကုန်၏)။
အသျှင်ဘုရားတို့ အသျှင်တို့သည် ယောက်ျားမြတ်တို့ပါတည်း
အသျှင်ဘုရားတို့သာလျှင် ရှေးဦးစွာ ကြွတော်မူပါကုန်လော့ဟု (ဆိုကုန်၏)။
ထိုအခါ နောက်မှ သွားကြကုန်သော ထိုရဟန်းမိန်းမတို့အား လမ်းခရီး၌ ခိုးသူတို့သည် လုလည်း လုယက်ကုန်၏၊ ဖျက်လည်း ဖျက်ဆီးကုန်၏။
ထိုအခါ ရဟန်းမိန်းမတို့သည် သာဝတ္ထိပြည်သို့ သွား၍ ရဟန်းမိန်းမတို့အား ဤအကြောင်းကို ပြောကြားကုန်၏။
ရဟန်းမိန်းမတို့သည် ရဟန်းယောက်ျားတို့အား ဤအကြောင်းကို လျှောက်ကုန်၏။
ရဟန်းယောက်ျားတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူ၍ ရဟန်းတို့ကို ''ရဟန်းတို့ အဖော်ကုန်သည်နှင့် သွားအပ်သော၊ ရွံရှာဖွယ် 'ယုံမှားတွေးတောဖွယ်' ရှိ၏ဟု သမုတ်အပ်သော၊ ဘေးဘျမ်းနှင့်တကွဖြစ်သော 'ဘေးအန္တရာယ်များသော' ခရီး၌ ရဟန်းမိန်းမနှင့်အတူ တိုင်ပင်ညီညွတ်၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွားခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၁၈၂။ ''အကြင်ရဟန်းသည် ရဟန်းမိန်းမနှင့် အတူ တိုင်ပင်ညီညွတ်၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ (သွားသင့်သော) အချိန်အခါကို ကြဉ်၍ သွားငြားအံ့၊ အယုတ်သဖြင့် ရွာတစ်ပါးသို့လည်း သွားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။
ထိုတိုင်ပင်ညီညွတ်၍ သွားရာ၌ ဤဆိုလတ္တံ့သည်ကား အချိန်အခါတည်း၊
လမ်းခရီးသည် အဖော်ကုန်သည်နှင့်အတူ သွားအပ်၏၊ ရွံရှာဖွယ် 'ယုံမှားတွေးတောဖွယ်' ရှိ၏ဟု သမုတ်အပ်၏၊ ဘေးဘျမ်းနှင့် တကွ ဖြစ်၏ 'ဘေးရန်အန္တရာယ် ရှိ၏'၊ ဤကား ထိုတိုင်ပင်ညီညွတ်၍ သွားရာ၌့အချိန်အခါတည်း'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၁၈၃။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။ပ။
ရဟန်းမိန်းမ မည်သည် ဥဘတောသံဃာ၌ ပဉ္စင်းဖြစ်သော ရဟန်းမိန်းမတည်း။
အတူဟူသည် တစ်ပေါင်းတည်း။
တိုင်ပင်ညီညွှတ်၍ဟူသည်
''နှမ သွားကုန်အံ့၊ အသျှင်ဘုရား သွားပါကုန်အံ့။
အသျှင်ဘုရား သွားကြကုန်အံ့၊ နှမ သွားကုန်အံ့။
ယနေ့သော်လည်းကောင်း၊ နက်ဖြန်သော်လည်းကောင်း၊ သန်ဘက်သော် လည်းကောင်း သွားကုန်အံ့''ဟု တိုင်ပင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အယုတ်သဖြင့် ရွာတစ်ပါးသို့လည်းဟူသည် ကြက်ပျံတစ်ကျဝေးသော ရွာ၌ ရွာတစ်ပါးတိုင်း ရွာတစ်ပါးတိုင်း 'တခြားရွာတိုင်း တခြားရွာတိုင်း' ပါစိတ်အာပတ် သင့်၏။
ရွာမဟုတ်သော တော၌ ယူဇနာခွဲတိုင်း ယူဇနာခွဲတိုင်း ပါစိတ်အာပတ် သင့်၏။
အချိန်အခါကို ကြဉ်၍ဟူသည် အချိန်အခါကာလကို ကြဉ်၍။
အဖော်ကုန်သည်နှင့်သွားအပ်သော ခရီး မည်သည် လမ်းခရီးသည် အဖော်ကုန်သည်နှင့် ကင်း၍ သွားခြင်းငှါ မတတ်ကောင်း။
ရွံရှာဖွယ် 'ယုံမှားတွေးတောဖွယ်' ရှိ၏ မည်သည် ထိုခရီးလမ်း၌ ခိုးသူတို့၏ ဝင်ရာ အရပ်သည် ထင်၏၊ စားရာအရပ်သည် ထင်၏၊ တည်ရာအရပ်သည် ထင်၏၊ နေရာအရပ်သည် ထင်၏၊ အိပ်ရာ အရပ် သည် ထင်၏။
ဘေးဘျမ်းနှင့်တကွ ဖြစ်၏ 'ဘေးရန်အန္တရာယ် ရှိ၏' မည်သည် ထိုခရီးလမ်း၌ ခိုးသူတို့သည် လူတို့ကို သတ်သည်တို့ကို မြင်ကုန်၏၊ လုယက်သည်တို့ကို မြင်ကုန်၏၊ ရိုက်ပုတ်သည်တို့ကို မြင်ကုန်၏၊ ဘေးရန်ရှိသော လမ်းခရီးကို အတူသွား၍ ဘေးရန်မရှိသော လမ်ခရီးကို ပြ၍ ''နှမတို့ သွားကုန် လော့''ဟု (ဆို၍) လွှတ်အပ်ကုန်၏။
၁၈၄။ တိုင်ပင်ရာ၌ တိုင်ပင်၏ဟု အမှတ်ရှိသည်ဖြစ်၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးကို သွားငြားအံ့၊ အယုတ်သဖြင့် အချိန်အခါကို ကြဉ်၍ ရွာတစ်ပါးသို့သော်လည်း သွားငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
တိုင်ပင်ရာ၌ ယုံမှားရှိသည်ဖြစ်၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးကို သွားငြားအံ့၊ အယုတ် သဖြင့် အချိန်အခါကို ကြဉ်၍ ရွာတစ်ပါးသို့သော်လည်း သွားငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
တိုင်ပင်ရာ၌ မတိုင်ပင်ဟု အမှတ်ရှိသည်ဖြစ်၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးကို သွားငြားအံ့၊ အယုတ်သဖြင့် အချိန်အခါကို ကြဉ်၍ ရွာတစ်ပါးသို့သော်လည်း သွားငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်းယောက်ျားသည် တိုင်ပင်၏၊ ရဟန်းမိန်းမသည် မတိုင်ပင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မတိုင်ပင်ရာ၌ တိုင်ပင်၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မတိုင်ပင်ရာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
မတိုင်ပင်ရာ၌ မတိုင်ပင်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၈၅။ အချိန်အခါ၌ (သွားအံ့)၊ မတိုင်ပင်မူ၍ သွားအံ့၊ ရဟန်းမိန်းမသည် တိုင်ပင်၏၊ ရဟန်းယောက်ျားသည် မတိုင်ပင်အံ့၊ ချိန်းဆိုမှု ချွတ်ယွင်း၍ သွားကုန်အံ့၊ ဘေးရန်တို့ကြောင့် သွားအံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
သတ္တမ သံဝိဓာနသိက္ခာပုဒ် ပြီး၏။