Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

1. Surāpānasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၃၂၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် စေတီယတိုင်း၌ ဒေသစာရီ လှည့်လည်သည် ရှိသော် ဘဒ္ဒဝတိကာရွာသို့ ရောက်တော်မူ၏။
နွားကျောင်းသား ဆိတ်ကျောင်းသား လယ်ထွန်သမား ခရီးသွား သော သူတို့သည် အဝေးကပင်လျှင် မြတ်စွာဘုရား ကြွလာတော်မူသည်ကို မြင်၍
''အသျှင်ဘုရား သရက်ပင်ဆိပ်သို့ ကြွတော်မမူပါလင့်၊ သရက်ပင်ဆိပ်ရသေ့၏ ကျောင်းသင်္ခမ်း၌ လျင်သော ကြမ်းသော အဆိပ်ရှိသည့် တန်ခိုးနှင့် ပြည့်စုံသော နဂါးသည် နေပါ၏ဘုရား၊ ထိုနဂါးသည် မြတ်စွာဘုရားကို မညှဉ်း ဆဲပါစေလင့်''ဟု လျှောက်ကုန်၏၊
ဤသို့ လျှောက်သည် ရှိသော် မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေတော် မူ၏။
နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း နွားကျောင်းသား ဆိတ်ကျောင်းသား လယ်ထွန် သမား ခရီးသွားသော သူတို့သည် မြတ်စွာဘုရားကို ''အသျှင်ဘုရား သရက်ပင်ဆိပ်သို့ ကြွတော်မမူ ပါလင့်၊ အသျှင်ဘုရား သရက်ပင်ဆိပ် ရသေ့၏ ကျောင်းသင်္ခမ်း၌ လျင်သော ကြမ်းသော အဆိပ်ရှိသည့် တန်ခိုးနှင့် ပြည့်စုံသော နဂါးသည် နေပါ၏ဘုရား၊ ထိုနဂါးသည် မြတ်စွာဘုရားကို မညှဉ်းဆဲပါစေလင့်''ဟု လျှောက်ကုန်၏။
သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် အစဉ်အတိုင်း ဒေသစာရီ လှည့်လည်သည်ရှိသော် ဘဒ္ဒဝတိကာရွာသို့ ဆိုက်ရောက်တော်မူ၍
ထိုဘဒ္ဒဝတိကာရွာ၌ပင် သီတင်းသုံးနေတော်မူ၏။
ထိုအခါ အသျှင်သာဂတသည် သရက်ပင်ဆိပ်ရသေ့ ကျောင်းသင်္ခမ်းသို့ ချဉ်းကပ်လျက်
မီးတင်း ကုတ်သို့ ဝင်၍ မြက်ဖျာကို ခင်းပြီးလျှင် ထက်ဝယ်ဖွဲ့ခွေနေကာ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ကမ္မဋ္ဌာန်းသို့ ရှေးရှုသတိကို ဖြစ်စေ၍ ထိုင်၏။
ထိုအခါ နဂါးသည် အသျှင်သာဂတ ဝင်လာသည်ကို မြင်၍
နှလုံးမသာယာသဖြင့် အခိုးလွှတ်၏၊
အသျှင်သာဂတသည်လည်း အခိုးလွှတ်၏၊
ထိုအခါ နဂါးသည် အမျက်ဒေါသကို သည်းမခံနိုင်၍ အလျှံ လွှတ်၏၊
အသျှင်သာဂတသည်လည်း တေဇောကသိုဏ်းကို ဝင်စား၍ အလျှံလွှတ်၏၊
ထိုအခါ အသျှင် သာဂတသည် နဂါး၏ တန်ခိုးကို (မိမိ၏) တန်ခိုးဖြင့် ကုန်စေ၍ ဘဒ္ဒဝတိကာရွာသို့ ချဉ်းကပ်၏။
ထိုအခါ မြတ်စွာဘုရားသည် ဘဒ္ဒဝတိကာရွာ၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံးနေတော်မူပြီးလျှင် ကောသမ္ဗီပြည်သို့ ဒေသစာရီ လှည့်လည်ကြွသွားတော်မူ၏။
ကောသမ္ဗီပြည်သား ဥပါသကာတို့သည် ''သရက်ပင်ဆိပ်၌ နေသော နဂါးနှင့်အတူ အသျှင်သာဂတသည် စစ်ထိုးသတက်''ဟု ကြားကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် အစဉ်အတိုင်း ဒေသစာရီ လှည့်လည်တော်မူသည် ရှိသော် ကောသမ္ဗီ ပြည်သို့ ရောက်တော်မူ၏၊
ထိုအခါ ကောသမ္ဗီပြည်သား ဥပါသကာတို့သည် မြတ်စွာဘုရားအား ခရီးဦးကြိုဆို၍ အသျှင်သာဂတထံသို့ ချဉ်းကပ်ပြီးနောက်
အသျှင်သာဂတကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်ကုန်လျက်
''အသျှင်ဘုရား အသျှင်ဘုရားတို့အား အဘယ်ဝတ္ထုပစ္စည်းသည် ရခဲပါသနည်း၊ နှစ်ခြိုက်ဖွယ်လည်း ဖြစ်ပါသနည်း၊ အဘယ်ဝတ္ထုပစ္စည်းကို စီရင်ရပါကုန်အံ့နည်း''ဟု လျှောက်ကုန်၏။
ဤသို့ လျှောက်သည် ရှိသော် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ကောသမ္ဗီပြည်သား ဥပါသကာတို့ကို ''ဒါယကာတို့ ကာပေါတိက အမည်ရှိသော 'ခိုခြေအဆင်းနှင့်တူသည့် နီသော အဆင်းရှိသော' ကြည်လင် သော သေအရက်သည် ရဟန်းတို့အား ရလည်း ရခဲ၏၊ နှစ်ခြိုက်ဖွယ်လည်း ဖြစ်၏၊ ထိုသေအရက်ကို စီရင်ကုန်လော့''ဟု ပြောဆိုကုန်၏။
ထိုအခါ ကောသမ္ဗီပြည်သား ဥပါသကာတို့သည် အိမ်တိုင်း အိမ်တိုင်း၌ ကာပေါတိကမည်သော ကြည်လင်သော သေအရက်ကို စီရင်ပြီးလျှင် ဆွမ်းခံဝင်လာသော အသျှင်သာဂတကို မြင်၍
''အသျှင်ဘုရား အသျှင်သာဂတသည် ကာပေါတိကမည်သော ကြည်လင်သော သေအရက်ကို သောက်တော်မူပါလော့၊ အသျှင်ဘုရား အသျှင်သာဂတသည် ကာပေါတိကမည်သော ကြည်လင်သော သေအရက်ကို သောက်တော် မူပါလော့''ဟု အသျှင်သာဂတကို လျှောက်ကုန်၏၊
ထိုအခါ အသျှင်သာဂတသည် အိမ်တိုင်း အိမ်တိုင်း၌ ကာပေါတိကမည်သော ကြည်လင်သော သေအရက်ကို သောက်၍ မြို့မှ ထွက်လာသည် ရှိသော် မြို့တံခါး ဝ၌ လဲကျ 'တိမ်းလဲ' လေ၏။
ထိုအခါ မြတ်စွာဘုရားသည် များစွာသော ရဟန်းတို့နှင့်အတူ မြို့မှ ထွက်ကြွလာသည် ရှိသော် မြို့တံခါးဝ၌ လဲနေသော အသျှင်သာဂတကို မြင်၍
ရဟန်းတို့ကို ''ရဟန်းတို့ သာဂတကို ယူဆောင်ခဲ့ကုန့်လော့''ဟု မိန့်တော်မူ၏။
ထိုရဟန်းတို့သည် ''ကောင်းပါပြီ အသျှင်ဘုရား''ဟု မြတ်စွာဘုရားအား ဝန်ခံပြီးကြလျှင် အသျှင်သာဂတကို ကျောင်းအရံသို့ ဆောင်ယူခဲ့၍ မြတ်စွာဘုရား ရှိတော်မူရာ အရပ်သို့ ခေါင်းပြုလျက် အိပ်စေကုန်၏။
ထိုအခါ အသျှင်သာဂတသည် ပြန်လှန်၍ မြတ်စွာဘုရား ရှိတော်မူရာ အရပ်ကို ခြေရင်းပြုလျက် အိပ်လေ၏။
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့ ရှေးအခါ၌ သာဂတသည် ငါဘုရား၌ ရိုသေခြင်း တုံ့ဝပ်ခြင်းရှိသည် မဟုတ်ပါလော''ဟု မေးတော်မူ၏။
အသျှင်ဘုရား ရိုသေခြင်း တုံ့ဝပ်ခြင်း ရှိသည် မှန်ပါ၏ဟု (လျှောက်ကုန်၏)။
ရဟန်းတို့ သာဂတသည် ယခုအခါ ငါဘုရား၌ ရိုသေခြင်း တုံ့ဝပ်ခြင် ရှိသေး၏လောဟု (မေးတော်မူ၏)။
အသျှင်ဘုရား ရိုသေခြင်း တုံ့ဝပ်ခြင်း မရှိတော့ပါဟု (လျှောက်ကုန်၏)။
ရဟန်းတို့ သာဂတသည် သရက်ပင်ဆိပ်၌ နေသော နဂါးနှင့်အတူ စစ်ထိုးသည် မဟုတ်ပါလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား ဤသို့ စစ်ထိုးသည် မှန်ပါ၏ဟု (လျှောက်ကုန်၏)။
ရဟန်းတို့ ယခုအခါ သာဂတ သည် နဂါးနှင့်အတူ စစ်ထိုးခြင်းငှါ စွမ်းနိုင်ပါဦးမည်လောဟု (မေးတော်မူ၏)။
အသျှင်ဘုရား မစွမ်းနိုင်တော့ပါဟု (လျှောက်ကုန်၏)။
ရဟန်းတို့ အကြင်သေအရက်ကို သောက်၍ (မူးယစ်သောကြောင့်) အမှတ်သညာ ကင်းရာ၏ 'မိန်းမော တွေဝေရာ၏'၊ ထိုသေအရက်ကို သောက်သင့်ပါ၏လောဟု (မေးတော်မူ၏)။
အသျှင်ဘုရား မသောက်သင့်ပါဟု (လျှောက်ကုန်၏)။
ရဟန်းတို့ သာဂတအား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းတို့၏ အပြုအမူမဟုတ်၊ မအပ်၊ မပြုသင့်။
ရဟန်းတို့ အဘယ်ကြောင့် သာဂတသည် သေအရက်ကို သောက်ဘိသနည်း။
ရဟန်း တို့ ဤ (သာဂတပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၃၂၇။ ''သေအရက်ကို သောက်ခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၃၂၈။ သေ မည်သည် မုန့်ညက်ဖြင့်ပြုသောသေ မုန့်ဖြင့်ပြုသောသေ ထမင်းဖြင့်ပြုသောသေ တဆေး ခပ်၍ ပြုသောသေ အထူးထူးသော အရာဝတ္ထုတို့နှင့်ယှဉ်စေ၍ ပြုသော သေတည်း။
အရက် မည်သည် အပွင့်ဖြင့်ပြုသောအရက် အသီးဖြင့်ပြုသောအရက် ပျားရည်ဖြင့်ပြုသောအရက် ထန်းလျက် တင်လဲဖြင့်ပြုသောအရက် အထူးထူးသော အရာဝတ္ထုတို့နှင့်ယှဉ်စေ၍ ပြုသော အရက်တည်း။
သောက်ငြားအံ့ဟူသည် အယုတ်သဖြင့် သမန်းမြက်ဖျားဖြင့်သော်လည်း သောက်အံ့၊ ပါစိတ်အာပတ် သင့်၏။
သေအရက်၌ သေအရက်ဟု အမှတ်ရှိသည်ဖြစ်၍ သောက်အံ့၊ ပါစိတ်အာပတ်သင့်၏၊
သေအရက်၌ ယုံမှားရှိသည်ဖြစ်၍ သောက်အံ့၊ ပါစိတ်အာပတ် သင့်၏။
သေအရက်၌ သေအရက် မဟုတ်ဟု အမှတ်ရှိ သည် ဖြစ်၍ သောက်အံ့၊ ပါစိတ်အာပတ် သင့်၏။
သေအရက်မဟုတ်သည်၌ သေအရက်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
သေအရက် မဟုတ် သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
သေအရက်မဟုတ်သည်၌ သေအရက်မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၃၂၉။ သေအရက်မဟုတ်ဘဲ သေအရက်၏ အဆင်း သေအရက်၏ အနံ့ သေအရက်၏ အရသာ ရှိသော အဖျော်ကို သောက်အံ့၊ ဟင်းချက်ရာ၌လည်းကောင်း၊ စမဲဟင်းလျာချက်ရာ၌လည်းကောင်း၊ ဆီချက့်ရာ၌လည်းကောင်း၊ သျှိသျှား (ဖန်ခါး) တင်လဲ၌လည်းကောင်း (အနံ့ကောင်းစိမ့်သောငှါ သေအရက် အနည်းငယ် ထည့်ချက်၍ စားအံ့)၊ သေအရက်မဟုတ်သော အရိဋ္ဌမည်သော (ဆေးနက်ရေ) အဖျော်ကို သောက်အံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပဌမ သုရာပါနသိက္ခာပုဒ် ပြီး၏။