၂၂၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင် ပေါက်သော ကျောင်းကြီး၌ သီတင်းသုံး နေတော်မူသောအခါ
ဝေသာလီပြည်၌ မွန်မြတ်သော ဆွမ်းအလှည့် ကို တည်ထား၏။
ထိုအခါ အလုပ်သမား ဆင်းရဲသားတစ်ယောက်အား-
''အကြင်အမှတ်ဖြင့် ဤလူအပေါင်းတို့သည် ဆွမ်းကို ရိုသေစွာ ပြုပြင်ကုန်၏၊ ထိုအမှတ်ဖြင့် ဆွမ်းကို ရိုသေစွာ ပြုပြင်ခြင်းသည် မယုတ်ညံ့သည် ဖြစ်လတ္တံ့၊
ငါသည်လည်း ဆွမ်းကို ပြုပြင်ရမူ ကောင်းလေရာ၏''ဟု အကြံဖြစ်၏။
ထိုအခါ အလုပ်သမား ဆင်းရဲသားသည် 'ကိရပတိက' အမည်ရှိသူထံသို့ ချဉ်းကပ်ပြီးလျှင်
ထိုကိရပတိက အမည်ရှိသောသူအား
''အရှင့်သား အကျွန်ုပ်သည် ဘုရားအမှူးရှိသော ရဟန်းသံဃာအား ဆွမ်းကျွေးလို၏၊
အကျွန်ုပ်အား အခရိက္ခာကို ပေးပါလော့''ဟု ဆို၏။
ထိုကိရပတိက အမည်ရှိသော သူသည်လည်း သဒ္ဓါတရားရှိ၏၊ ကြည်ညိုတတ်၏၊
ထိုကိရပတိက အမည်ရှိသောသူသည် ထိုအလုပ်သမား ဆင်းရဲသားအား ပိုလွန်သော အခရိက္ခာကို ပေး၏။
ထိုအခါ ထိုအလုပ်သမား ဆင်းရဲသားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍
မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊
တစ်ခုသော နေရာ၌ ထိုင်ပြီးသော ထိုအလုပ်သမား ဆင်းရဲသားသည် မြတ်စွာဘုရားအား
''အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းသံဃာနှင့်အတူ နက်ဖြန် အဖို့ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါလော့''ဟု လျှောက်၏။
''ဒါယကာ ရဟန်းသံဃာသည် များလှ၏၊
စဉ်းစားဦးလော့''ဟု (မိန့်တော်မူ၏)။
''အသျှင်ဘုရား ရဟန်းသံဃာသည် များသည် ဖြစ်စေကာမူ
အကျွန်ုပ်သည် များစွာသော ဆီးယို တို့ကို စီရင်ထားပါကုန်၏၊ ဆီးယိုနှင့်ရောသော ခဲဖွယ်နှင့်တကွ သောက်ဖွယ်တို့သည် ပြည့်စုံပါကုန် လတ္တံ့''ဟု (လျှောက်၏)။
မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။
ထိုအခါ ထိုအလုပ်သမား ဆင်းရဲသားသည် မြတ်စွာဘုရား လက်ခံတော်မူသည်ကို သိ၍ နေရာမှ ထပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ ဖဲခွါသွားလေ၏။
''အလုပ်သမား ဆင်းရဲသားသည် နက်ဖြန်အလို့ငှါ ဘုရားအမှူးရှိသော ရဟန်းသံဃာကို ပင့်ဖိတ် ထားသတတ်၊ ဆီးယိုနှင့်ရောသော ခဲဖွယ်နှင့်တကွ သောက်ဖွယ်တို့သည် ပြည့်စုံကုန်လတ္တံ့''ဟု ရဟန်းတို့သည် ကြားကြသည်သာတည်း။
ထိုရဟန်းတို့သည် နံနက်စောစောကပင်လျှင် ဆွမ်းခံလှည့်လည်၍ ဆွမ်းကို သုံးဆောင်ကုန်၏။
''အလုပ်သမား ဆင်းရဲသားသည် မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာကို ဆွမ်းဖြင့် ပင့်ဖိတ်၏''ဟု လူအပေါင်းတို့သည် ကြားကြသည်သာတည်း။
ထိုလူအပေါင်းတို့သည် အလုပ်သမား ဆင်းရဲသားအထံသို့ များစွာသော ခဲဖွယ်ဘောဇဉ်ကို ပို့ဆောင် (ကူညီ)ကုန်၏။
ထိုအခါ ထိုအလုပ်သမား ဆင်းရဲသားသည် ထိုညဉ့်လွန်မြောက်ပြီးနောက် မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို စီရင်စေ၍ မြတ်စွာဘုရားအား
''အသျှင်ဘုရား အချိန်တန်ပါပြီ ဆွမ်းပြင်ပြီးပါပြီ''ဟု (အချိန်တန်ကြောင်းကို) လျှောက်စေ၏။
ထို့နောက် မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူလျက် ထိုအလုပ်သမား ဆင်းရဲသားအိမ်သို့ ချဉ်းကပ်တော်မူပြီးလျှင်
ခင်းထားအပ်သော နေရာ၌ ရဟန်းသံဃာနှင့်အတူ ထိုင်နေတော်မူ၏။
ထိုအခါ ထိုအလုပ်သမား ဆင်းရဲသားသည် ဆွမ်းစားရာ၌ ရဟန်းတို့ကို လုပ်ကျွေး၏။
ရဟန်းတို့သည် ''ဒါယကာ အနည်းငယ်သာ လှူလော့၊ အနည်းငယ်သာ လှူလော့''ဟု ဆိုကုန်၏။
အသျှင်ဘုရားတို့ အသျှင်တို့သည် ဤသူကား အလုပ်သမား ဆင်းရဲသားတည်းဟု (အောက်မေ့၍) အနည်းငယ် အနည်းငယ် မခံယူပါကုန်လင့်၊
အကျွန်ုပ်သည် များစွာသော ခဲဖွယ်ဘောဇဉ်ကို စီရင်ထားပါ၏၊
အသျှင်ဘုရားတို့ အလိုရှိတိုင်း ခံယူတော်မူပါကုန်လော့ဟု (လျှောက်၏)။
ဒါယကာ ဤအကြောင်းကြောင့် ငါတို့သည် အနည်းငယ် အနည်းငယ်သာ ခံယူကုန်သည် မဟုတ်၊
စင်စစ်သော်ကား ငါတို့သည် နံနက်စောစောကပင်လျှင် ဆွမ်းခံလှည့်လည်၍ သုံးဆောင်ခဲ့ကုန်ပြီ၊
ထို့ကြောင့် ငါတို့သည် အနည်းငယ် အနည်းငယ်သာ ခံယူကုန်၏ဟု (ဆိုကြကုန်၏)။
ထိုအခါ ထိုအလုပ်သမား ဆင်းရဲသားသည် ''အဘယ့်ကြောင့် အသျှင်ကောင်းတို့သည် ငါသည် ပင့်ဖိတ်ထားပါလျက် တစ်ပါးသော အရပ်၌ သုံးဆောင်ကုန်ဘိသနည်း၊ ငါသည် အလိုရှိတိုင်း ပေးလှူခြင်းငှါ စွမ်းနိုင်သည် မဟုတ်ပါလော''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။
ရဟန်းတို့သည် ထိုကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုသော ထိုအလုပ်သမား ဆင်းရဲသား၏ စကားကို ကြားကြသည်သာတည်း။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ရဟန်းတို့သည် တစ်ပါး သော အရပ်၌ ပင့်ဖိတ်ထားပါလျက် တစ်ပါးသော အရပ်၌ သုံးဆောင်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ရဟန်းတို့သည် တစ်ပါးသော အရပ်၌ ပင့်ဖိတ်ထားပါလျက် တစ်ပါးသော အရပ်၌ သုံးဆောင်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ ထို (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ယောက်ျားတို့သည် အဘယ့်ကြောင့် တစ်ပါးသော အရပ်၌ ပင့်ဖိတ်ထားပါလျက် တစ်ပါးသော အရပ်၌ သုံးဆောင်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(က) ''ပရမ္ပရဘောဇဉ်ကို စားခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၂၂၂။ ထိုအခါ ရဟန်းတစ်ပါးသည် နာဖျား၏။ ရဟန်းတစ်ပါးသည် ဆွမ်းကို ယူဆောင်၍ ထိုရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် ထိုရဟန်းအား ''ငါ့သျှင် သုံးဆောင်လော့''ဟု ဆို၏။
ငါ့သျှင် တန်ပြီ ငါ့အား ဆွမ်းကို ရနိုးခြင်း ရှိ၏ဟု ဆို၏။
ထိုရဟန်း၏ ဆွမ်းကို နေမြင့်မှ့ယူဆောင်ခဲ့၏၊
ထိုရဟန်းသည် စိတ်သဘောရှိတိုင်း မစားနိုင်။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို-
''ရဟန်းတို့ နာဖျားသော ရဟန်းသည် ပရမ္ပရဘောဇဉ်ကို သုံးဆောင်ခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(ခ) ''အချိန်အခါကို ကြဉ်၍ ပရမ္ပရဘောဇဉ်ကို စားခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။
ထို ပရမ္ပရဘောဇဉ်ကို စားရာ၌ ဤဆိုလတ္တံ့သည်ကား အချိန်အခါတည်း၊
နာဖျားသောအခါ၊ ဤကား ထိုပရမ္ပရဘောဇဉ်ကို စားရာ၌ အချိန်အခါတည်း'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၂၂၃။ ထိုအခါ လူတို့သည် သင်္ကန်းလှူသောအခါ၌ သင်္ကန်းနှင့်တကွသော ဆွမ်းကို စီရင်စေ၍ ''ဆွမ်းကျွေးပြီးလျှင် သင်္ကန်းလှူဒါန်းကုန်အံ့''ဟု ရဟန်းတို့ကို ပင့်ဖိတ်ကုန်၏။
ရဟန်းတို့သည် ''ပရမ္ပရဘောဇဉ်စားခြင်းကို မြတ်စွာဘုရား ပယ်တော်မူသောကြောင့် မအပ်''ဟု တွေးတောမှု 'သံသယ ကုက္ကုစ္စ' ရှိသည်ဖြစ်၍ မခံယူကြကုန်။
သင်္ကန်းအရနည်းပါး၏၊
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ သင်္ကန်းလှူသောအခါ၌ ပရမ္ပရဘောဇဉ်ကို သုံးဆောင်ခြင်းငှါ ခွင့်ပြု တော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(ဂ) ''အချိန်အခါကို ကြဉ်၍ ပရမ္ပရဘောဇဉ်ကို စားခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။
ထို ပရမ္ပရဘောဇဉ်ကို စားရာ၌ ဤဆိုလတ္တံ့သည်ကား အချိန်အခါတည်း၊
နာဖျားသောအခါ, သင်္ကန်း လှူသောအခါ၊ ဤကား ထိုပရမ္ပရဘောဇဉ်ကို စားရာ၌ အချိန်အခါတည်း'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၂၂၄။ ထိုအခါ လူတို့သည် သင်္ကန်းချုပ်ကုန်သော ရဟန်းတို့ကို ဆွမ်းဖြင့် ဖိတ်ကုန်၏။
ရဟန်းတို့ သည် ''ပရမ္ပရဘောဇဉ်ကို မြတ်စွာဘုရား ပယ်တော်မူသောကြောင့် မအပ်''ဟု တွေးတောမှု 'သံသယ ကုက္ကုစ္စ' ရှိသည် ဖြစ်၍ မခံယူကြကုန်။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ သင်္ကန်းချုပ်သော အခါ၌ ပရမ္ပရဘောဇဉ်ကို သုံးဆောင်ခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော် မူ၏။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၂၂၅။ ''အချိန်အခါကို ကြဉ်၍ ပရမ္ပရဘောဇဉ်ကို စားခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။
ထိုပရမ္ပရဘောဇဉ်ကို စားရာ၌ ဤဆိုလတ္တံ့သည်ကား အချိန်အခါတည်း၊
နာဖျားသောအခါ, သင်္ကန်းလှူသောအခါ, သင်္ကန်းချုပ်သောအခါ၊ ဤကား ထိုပရမ္ပရဘောဇဉ်ကို စားရာ၌ အချိန်အခါ တည်း'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၂၂၆။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် နောက်ပါရဟန်းဖြစ်သော အသျှင်အာနန္ဒာနှင့်အတူ တစ်ဦးသော ဒါယကာအိမ်သို့ ချဉ်းကပ်၍
ခင်းထား အပ်သော နေရာ၌ ထိုင်နေတော်မူ၏။
ထိုအခါ ထိုလူတို့သည် မြတ်စွာဘုရားအားလည်းကောင်း၊ အသျှင်အာနန္ဒာအားလည်းကောင်း ဘောဇဉ်ကို လှူဒါန်းကုန်၏။
အသျှင်အာနန္ဒာသည် မအပ်ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိသည်ဖြစ်၍ မခံယူချေ၊
မြတ်စွာ့ဘုရားသည် အာနန္ဒာ ခံယူလော့ဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရား တန်ပါပြီ အကျွန်ုပ်အား ဆွမ်းကို ရနိုးခြင်းသည် ရှိပါ၏ဟု (လျှောက်၏)။
အာနန္ဒာ သို့ဖြစ်လျှင် ဝိကပ္ပနာပြု၍ ခံယူလော့ဟု (မိန့်တော်မူ၏)။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို-
''ရဟန်းတို့ ဝိကပ္ပနာပြု၍ ပရမ္ပရဘောဇဉ်ကို သုံးဆောင်ခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဝိကပ္ပနာ၁ ပြုအပ်၏။
''ငါ၏ ရနိုးသော ဆွမ်းကို ဤမည်သော ရဟန်းအား လှူဒါန်းပါ၏''ဟု (ဝိကပ္ပနာ ပြုအပ်၏)။
၂၂၇။ ပရမ္ပရဘောဇဉ် မည်သည် ဘောဇဉ်ငါးပါးတို့တွင် တစ်ပါးပါးသော ဘောဇဉ်တို့ဖြင့် ပင့်ဖိတ်လတ်သော် ထိုဘောဇဉ်ကို ထား၍ အခြားသော ဘောဇဉ်ငါးပါးတို့တွင် တစ်ပါးပါးသော ဘောဇဉ် ကို စားငြားအံ့၊ ဤဘောဇဉ်သည် ပရမ္ပရဘောဇဉ် မည်၏။
အချိန်အခါကို ကြဉ်၍ဟူသည် အခါကာလကို ကြဉ်ထား၍။
နာဖျားသောအခါ မည်သည် နေရာတစ်ခုတည်း၌ နေလျက် အလိုရှိတိုင်း သုံးဆောင် စားသောက်ခြင်းငှါ မစွမ်းနိုင်အံ့၊
နာဖျားသောအခါဟူ၍ သုံးဆောင်အပ်၏။
သင်္ကန်းလှူသောအခါ မည်သည် ကထိန်မခင်းသော် မိုးဥတု၏ နောက်ဆုံးလပတ်လုံးလည်းကောင်း၊ ကထိန်ခင်းသော် ငါးလတို့ပတ်လုံးလည်းကောင်း
သင်္ကန်းလှူသောအခါဟူ၍ သုံးဆောင်အပ်၏။
သင်္ကန်းချုပ်သောအခါ မည်သည် သင်္ကန်းကို ချုပ်သော်
သင်္ကန်းချုပ်သောအခါဟူ၍ သုံးဆောင် အပ်၏။
အချိန်အခါကို ကြဉ်၍ သုံးဆောင်အံ့ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ် သင့်၏။
၂၂၈။ အချိန်အခါကို ကြဉ်၍ ပရမ္ပရဘောဇဉ်၌ ပရမ္ပရဘောဇဉ်ဟု အမှတ်ရှိသည်ဖြစ်၍ သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
အချိန်အခါကို ကြဉ်၍ ပရမ္ပရဘောဇဉ်၌ ယုံမှားရှိသည်ဖြစ်၍ သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
အချိန်အခါကို ကြဉ်၍ ပရမ္ပရဘောဇဉ်၌ ပရမ္ပရဘောဇဉ်မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
ပရမ္ပရဘောဇဉ် မဟုတ်ရာ၌ ပရမ္ပရဘောဇဉ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပရမ္ပရဘောဇဉ် မဟုတ်ရာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပရမ္ပရဘောဇဉ် မဟုတ်ရာ၌ ပရမ္ပရဘောဇဉ်မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၂၂၉။ အခါကာလ၌ သုံးဆောင်အံ့၊ ဝိကပ္ပနာပြု၍ သုံးဆောင်အံ့၊ နှစ်ဦး သုံးဦး ပင့်ဖိတ်ရာ၌ တစ်ပေါင်းတည်း အတူသုံးဆောင်အံ့၊ ပင့်ဖိတ်အပ်သော အစဉ်ဖြင့် သုံးဆောင်အံ့၊ အလုံးစုံသောရွာ 'ရွာသူအားလုံး' သည် ပင့်ဖိတ်လတ်သော် ထိုရွာဝယ် အမှတ်မရှိသော အိမ်၌ သုံးဆောင်အံ့၊ အလုံးစုံသော အသင်း 'အသင်းဝင်အားလုံး' သည် ပင့်ဖိတ်လတ်သော် ထိုအသင်းတွင် အမှတ်မရှိသော အိမ်၌ သုံးဆောင် အံ့၊ (ဆွမ်းဖြင့်) ပင့်ဖိတ်လတ်သော် ဆွမ်းကို ခံယူအံ့ဟူ၍ ဆိုအံ့၊ အာပတ် မသင့်။
အမြဲလှူသော ဆွမ်း၌ လည်းကောင်၊ စာရေးတံဆွမ်း၌လည်းကောင်း၊ လဆန်း လဆုတ်ပက္ခဝယ် လှူသော ဆွမ်း၌လည်းကောင်း၊ ဥပုသ်နေ့လှူသော ဆွမ်း၌လည်းကောင်း၊ အထွက်တစ်ရက်နေ့လှူသော ဆွမ်း၌လည်းကောင်း သုံးဆောင်အံ့၊ အာပတ် မသင့်။ ဘောဇဉ်ငါးပါးတို့ကို ထား၍ (ခဲဖွယ်စသည်) အလုံးစုံ၌ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
တတိယ ပရမ္ပရဘောဇနသိက္ခာပုဒ် ပြီး၏။
၁။ ဆွမ်းစားရန် ကိုယ်စားထည့်ခြင်းကို ဆိုသည်။