၅၀၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ရဟန်းတစ်ပါးသည် အစိရဝတီမြစ်၌ ရေချိုး၏။
ပုဏ္ဏားတစ်ယောက်သည်လည်း (အသပြာ) ငါးရာအိတ်ကို ကုန်းပေါ်၌ ချထား၍ အစိရဝတီမြစ်၌ ရေချိုးပြီး သော် မေ့လျော့ကာ ဖဲသွား၏။
ထိုအခါ ထိုရဟန်းသည် ''ဤပုဏ္ဏား၏ ဥစ္စာအိတ်သည် ဤနေရာ၌ မပျောက်ပါစေလင့်''ဟု နှလုံး သွင်း၍ ယူထားလေ၏။
ထိုအခါ ထိုပုဏ္ဏားသည် သတိရ၍ အဆောတလျင် ပြေးလာပြီးလျှင် ထိုရဟန်းကို ''ရဟန်း အကျွန်ုပ်၏ အိတ်ကို မြင်ပါသလော''ဟု မေး၏။
''ပုဏ္ဏား ယူလော့''ဟု ဆို၍ ပေးလိုက်၏။ ထိုအခါ ထိုပုဏ္ဏားသည် ''ငါသည် အဘယ်သို့သော အကြောင်းဖြင့် ဤရဟန်းအား ဆုလာဘ်မပေးဘဲ နေရအံ့နည်း''ဟု ကြံ၍
''ရဟန်း အကျွန်ုပ်၏ ဥစ္စာသည် ငါးရာမဟုတ်၊ အကျွန်ုပ်၏ ဥစ္စာသည် တစ်ထောင်ပါတည်း''ဟု ဆိုကာ နှောင့်ယှက်၍ လွှတ်လိုက်၏။
ထိုအခါ ထိုရဟန်းသည် ကျောင်းအရံသို့ သွား၍ ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ရဟန်းသည် ရတနာကို ကောက်ယူထားဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်း သင်သည် ရတနာကို ကောက်ယူထား၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်း တော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင်သည် အဘယ့်ကြောင့် ရတနာကို ကောက်ယူထားဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်း ငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(က) ''အကြင်ရဟန်းသည် ရတနာကိုလည်းကောင်း၊ ရတနာဟု သမုတ်အပ်သော ဝတ္ထုကို လည်းကောင်း ကောက်ယူမူလည်း ကောက်ယူငြားအံ့၊ ကောက်ယူစေမူလည်း ကောက်ယူစေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၅၀၃။ ထိုအခါ သာဝတ္ထိပြည်၌ ပွဲသဘင် ဖြစ်၏၊
လူတို့သည် တန်ဆာဆင်ကုန်လျက် ဥယျာဉ်သို့ သွားကုန်၏၊
မိဂါရမာတာမည်သော ဝိသာခါသည်လည်း တန်ဆာဆင်၍ ''ဥယျာဉ်သို့ သွားအံ့''ဟု ရွာမှ ထွက်သည် ရှိသော်
''ငါသည် ဥယျာဉ်သို့ သွား၍ အသို့ပြုရအံ့နည်း၊ ငါသည် မြတ်စွာဘုရားကို ဆည်းကပ်ရပါမူကား ကောင်းလိမ့်မည်''ဟု ကြံ၍ (မဟလ္လတာ) တန်ဆာကို ချွတ်၍ အပေါ်ရုံဖြင့် အထုပ် ထုပ်၍ ကျွန်မအား
''ဟယ် ကျွန်မ ဤတန်ဆာထုပ်ကို ယခု ယူခဲ့လော့''ဟု ဆို၍ ပေးလိုက်၏။
ထိုအခါ မိဂါရမာတာမည်သော ဝိသာခါသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်
မြတ်စွာဘုရားကို ရှိခိုးပြီး၍ တစ်ခုသော အရပ်၌ ထိုင်၏၊
တစ်ခုသော အရပ်၌ ထိုင်ပြီးသော မိဂါရမာတာ မည်သော ဝိသာခါကို မြတ်စွာဘုရားသည် တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေ၍ (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးသော်
မိဂါရမာတာမည်သော ဝိသာခါ သည် နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ ဖဲခွါသွား၏။
ထိုအခါ ကျွန်မသည် ဥစ္စာထုပ်ကို သတိမေ့လျော့၍ ဖဲသွား၏။
ရဟန်းတို့ မြင်၍ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏၊
''ရဟန်းတို့ သို့ဖြစ်လျှင် ကောက်ယူ၍ သိမ်းထားကုန်လော့''ဟု (မိန့်တော်မူ၏)။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို-
''ရဟန်းတို့ ရတနာကိုသော်လည်းကောင်း၊ ရတနာဟု သမုတ်အပ်သော ဝတ္ထုကိုသော်လည်းကောင်း၊ ကျောင်းအရံတွင်း၌ ကောက်ယူ၍သော်လည်းကောင်း၊ ကောက်ယူစေ၍သော်လည်းကောင်း
'ဥစ္စာရှင်သည် ယူလတ္တံ့'ဟု နှလုံးပိုက်၍ သိမ်းထားခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(ခ) ''အကြင်ရဟန်းသည် ရတနာကိုသော်လည်းကောင်း၊ ရတနာဟု သမုတ်အပ်သော ဝတ္ထုကို သော်လည်းကောင်း ကျောင်းအရံတွင်းကို ဖယ်ထား၍ ကောက်ယူမူလည်း ကောက်ယူငြားအံ့၊ ကောက်ယူစေမူလည်း ကောက်ယူစေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၅၀၄။ ထိုအခါ ကာသိတိုင်း ဇနပုဒ်တို့၌ အနာထပိဏ်သူဌေး၏ အလုပ်သမားရွာ ရှိ၏၊
ထိုသူဌေး သည် ''အကယ်၍ အသျှင်ကောင်းတို့ လာကုန်အံ့၊ ဆွမ်းလုပ်ကျွေးလော့''ဟု တပည့်ကို စေခိုင်း၏။
ထိုအခါ များစွာသော ရဟန်းတို့သည် ကာသိတိုင်း ဇနပုဒ်တို့၌ ဒေသစာရီလှည့်လည်သောအခါ အနာထပိဏ် သူဌေး၏ အလုပ်သမားရွာသို့ ချဉ်းကပ်ကုန်၏၊
ထိုယောက်ျားသည် အဝေးမှ ကြွလာကုန်သော ထိုရဟန်း တို့ကို မြင်၍
ထိုရဟန်းတို့အထံသို့ ချဉ်းကပ်ပြီးလျှင်
ရှိခိုးလျက် ''အသျှင်ဘုရားတို့ အသျှင်တို့သည် နက်ဖြန်အလို့ငှါ သူဌေး၏ ဆွမ်းကို ခံယူတော်မူပါကုန်လော့''ဟု လျှောက်၏။
ထိုရဟန်းတို့သည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံကုန်၏။
ထိုအခါ ထိုယောက်ျားသည် ထိုညဉ့်လွန်သောအခါ၌ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ကို စီရင်စေပြီးနောက် အချိန်ကာလကို ကြားလျှောက်စေ၍ လက်စွပ်ကို ချွတ်ကာ ထိုရဟန်းတို့အား ဆွမ်းလုပ်ကျွေးပြီးလျှင်
''အသျှင်ကောင်းတို့သည် ဆွမ်းစားပြီးသော် ကြွတော်မူပါကုန်၊ အကျွန်ုပ်သည်လည်း အလုပ်ခွင်သို့ သွားပါအံ့''ဟု လျှောက်ကာ လက်စွပ်ကို မေ့လျော့၍ ဖဲခွါသွား၏။
ရဟန်းတို့ မြင်လေလျှင်
''ဤလက်စွပ်သည် ငါတို့သွားလျှင် ပျောက်လတ္တံ့''ဟု နှလုံးသွင်း၍ ထိုအရပ်၌့သာလျှင် နေကုန်၏။
ထိုအခါ ထိုယောက်ျားသည် အလုပ်ခွင်မှ ပြန်လာသောအခါ ထိုရဟန်း တို့ကို မြင်၍ ''အသျှင်ဘုရားတို့ အသျှင်တို့သည် အဘယ့်ကြောင့် ဤအရပ်၌ နေကုန်ဘိသနည်း''ဟု လျှောက်လေသော်
ရဟန်းတို့သည် ထိုယောက်ျားအား ဤအကြောင်းကို ပြောကြားပြီးနောက် သာဝတ္ထိပြည် သို့ သွား၍ ရဟန်းတို့အားလည်း ဤအကြောင်းကိုပင် ပြောကြားကုန်၏။
ရဟန်းတို့သည်လည်း မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူ၍ ရဟန်းတို့ ကို-
''ရဟန်းတို့ ရတနာကိုသော်လည်းကောင်း၊ ရတနာဟု သမုတ်အပ်သော ဝတ္ထုကိုသော်လည်းကောင်း၊ အရံတွင်း၌ဖြစ်စေ တည်းခိုရာ အိမ်တွင်း၌ဖြစ်စေ ကောက်ယူ၍သော်လည်းကောင်း၊ ကောက်ယူစေ၍သော် လည်းကောင်း 'ဥစ္စာရှင်သည် ဆောင်ယူလတ္တံ့'ဟု နှလုံးသွင်း၍ သိမ်းထားခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၅၀၅။ ''အကြင်ရဟန်းသည် ရတနာကိုသော်လည်းကောင်း၊ ရတနာဟု သမုတ်အပ်သော ဝတ္ထုကိုသော်လည်းကောင်း၊ အရံအတွင်းနှင့် တည်းခိုရာ ဌာနအတွင်းမှတစ်ပါး (အခြားနေရာတို့၌) ကောက်ယူမူလည်း ကောက်ယူငြားအံ့၊ ကောက်ယူစေမူလည်း ကောက်ယူစေ ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏၊
ရဟန်းသည် ရတနာကိုသော်လည်းကောင်း၊ ရတနာဟု သမုတ်အပ်သော ဝတ္ထုကိုသော် လည်းကောင်း၊ အရံအတွင်းနှင့် တည်းခိုရာဌာနအတွင်း၌ ကောက်ယူ၍သော် လည်းကောင်း၊ ကောက်ယူစေ၍သော်လည်းကောင်း
'ဥစ္စာရှင်သည် ဆောင်ယူ လတ္တံ့'ဟု နှလုံးသွင်း၍ သိမ်းထားရမည်၊ ဤကား ထိုဥစ္စာကို မေ့ကျန်ရာ၌ ပြုရာသော ဝတ်တည်း''
ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၅၀၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ရတနာ မည်သည် ပုလဲ မြ ကျောက်မျက်ရွဲ ခရုသင်း ကျောက်သလင်း သန္တာ ငွေ ရွှေ ပတ္တမြားနီ ပတ္တမြားပြောက်တည်း။
ရတနာဟု သမုတ်အပ်သောဝတ္ထု မည်သည် လူတို့၏ အတွင်းအသုံးအဆောင် အပအသုံးအဆောင် တည်း၊ ဤကား ရတနာဟု သမုတ်အပ်သော ဝတ္ထုမည်၏။
အရံအတွင်းနှင့် တည်းခိုရာဌာနအတွင်းမှ တစ်ပါးဟူသည် အရံတွင်းကို တည်းခိုရာ အိမ်တွင်းကို ချန်ထား၍။
အရံတွင်း မည်သည် အရံအတားရှိလျှင် ကျောင်း၏ အရံတွင်းတည်း၊ အရံမရှိလျှင် (ကျောင်း၏) ဥပစာတည်း။
တည်းခိုရာဌာနအတွင်း မည်သည် အရံရှိလျှင် တည်းခိုရာအိမ်၏ အရံတွင်းတည်း၊ အရံအတားမ ရှိလျှင် (တည်းခိုရာအိမ်၏) ဥပစာတည်း။
ကောက်ယူငြားအံ့ဟူသည် ကိုယ်တိုင် ကောက်ယူငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
ကောက်ယူစေငြားအံ့ဟူသည် အခြားသူကို ကောက်ယူစေငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရတနာကိုသော်လည်းကောင်း၊ ရတနာဟု သမုတ်အပ်သော ဝတ္ထုကိုသော်လည်းကောင်း၊ အရံအတွင်းနှင့် တည်းခိုရာဌာနအတွင်း၌ ကောက်ယူ၍သော် လည်းကောင်း၊ ကောက်ယူစေ၍သော်လည်းကောင်း သိမ်းထားရမည်ဟူသည် အဆင်းဖြင့်သော် လည်းကောင်း၊ အမှတ်အသားဖြင့်သော်လည်း ကောင်း အမှတ်ပြု၍ သိမ်းထားပြီးလျှင် ''ဥစ္စာပျောက်သော သူသည် လာစေသတည်း''ဟု ပြောကြားရ မည်။
ထိုအရပ်သို့ အကယ်၍ လာအံ့၊ ထိုသူကို ''ဒါယကာ သင်၏ ဥစ္စာသည် အဘယ်သို့ သဘော ရှိသနည်း''ဟု မေးမြန်းရမည်။
အဆင်းနှင့်သော်လည်းကောင်း၊ အမှတ်အသားနှင့်သော်လည်းကောင်း အကယ်၍ ညီညွတ်ပြည့်စုံအံ့၊ ပေးရမည်။ အကယ်၍ မညီညွတ် မပြည့်စုံအံ့၊ ''ဒါယကာ ရှာပါဦးလော့''ဟု ပြောဆိုရမည်။
ထိုကျောင်းမှ ဖဲသွားလိုသော ရဟန်းသည် ထိုကျောင်း၌ သင့်လျော်သော ရဟန်းတို့၏ လက်၌ ထား၍ ဖဲသွားရမည်။
သင့်လျော်သော ရဟန်းတို့ အကယ်၍ မရှိမူ ထိုကျောင်း၌ သင့်လျော်သော လူတို့၏ လက်၌ ထား၍ ဖဲသွားရမည်။
ဤကား ထိုဥစ္စာကို မေ့ကျန်ရစ်ရာ၌ ပြုရာသော ဝတ်တည်းဟူသည် ဤသို့ သိမ်းထားခြင်းသည် ထိုဥစ္စာကို မေ့ကျန်ရစ်ရာ၌ တရားနှင့်လျော်သော အကျင့်တည်း။
၅၀၇။ ရတနာ (ဆယ်ပါး) ကိုသော်လည်းကောင်း၊ ရတနာဟု သမုတ်အပ်သော ဝတ္ထုကိုသော်လည်း ကောင်း၊ အရံတွင်းနှင့်တည်းခိုရာဌာနအတွင်း၌ ကောက်ယူ၍သော်လည်းကောင်း၊ ကောက်ယူစေ၍သော်လည်းကောင်း ''ဥစ္စာရှင်သည် လာ၍ ဆောင်ယူလတ္တံ့''ဟု (နှလုံးသွင်း၍) သိမ်းထားအံ့၊ အာပတ် မသင့်။
ရတနာဟု သမုတ်အပ်သော အသုံးအဆောင်ကို အကျွမ်းဝင်၍ ကောက်ယူထားအံ့၊ အာပတ် မသင့်၊ ခေတ္တခဏယူထားအံ့၊ အာပတ် မသင့်။ ပံ့သကူဟု အမှတ်ရှိသော ရဟန်း၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒုတိယ ရတနသိက္ခာပုဒ် ပြီး၏။