Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

6. Cārittasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၂၉၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
သာကီဝင်မင်းသား အသျှင်ဥပနန္ဒ၏ အလုပ် အကျွေး ဒါယကာသည် သာကီဝင်မင်းသား အသျှင်ဥပနန္ဒကို ဆွမ်းစားပင့်၏။
တစ်ပါးသော ရဟန်းတို့ကို လည်း ဆွမ်းစားပင့်၏။
ထိုအခါ သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် ဆွမ်းမစားမီ ရှေးအဖို့၌ (အခြား) ဒါယကာအိမ်တို့သို့ ချဉ်းကပ်၏။
ထိုအခါ ထိုရဟန်းတို့သည် ထိုလူတို့ကို ''ဒါယကာတို့ ဆွမ်းကို လှူကုန်လော့''ဟု ဆိုကုန်၏။
အသျှင်ဘုရားတို့ အသျှင်ဥပနန္ဒ ကြွလာသည့်တိုင်အောင် ဆိုင်းငံ့တော်မူကုန်လော့ဟု (လျှောက်ကုန်၏)။
နှစ်ကြိမ်မြောက်လည်း ထိုရဟန်းတို့သည်။ပ။ သုံးကြိမ်မြောက်လည်း ထိုရဟန်းတို့သည် ထိုလူတို့ကို ''ဒါယကာတို့ ဆွမ်းလှူကုန်လော့ နံနက်ဆွမ်းစားချိန် ကုန်လွန်ပြီ''ဟု ဆိုကုန်၏။
အသျှင်ဘုရားတို့ အသျှင်ဥပနန္ဒ၏ အကြောင်းကြောင့် အကျွန်ုပ်တို့သည် ဆွမ်းကို ပြုစီရင်ကုန်၏၊
အသျှင်ဘုရားတို့ အသျှင် ဥပနန္ဒ ကြွလာသည့်တိုင်အောင် ဆိုင်းငံ့တော်မူပါကုန်လော့ဟု (လျှောက်ကုန်၏)။
ထိုအခါ သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် ဆွမ်းမစားမီ နံနက်အချိန်တွင် (အခြားသော) ဒါယကာအိမ်တို့သို့ ချဉ်းကပ်၍ နေမြင့်မှ ကြွလာ၏။
ရဟန်းတို့သည် စိတ်သဘောရှိတိုင်း မသုံးဆောင် ရကုန်။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် ဆွမ်းစား ပင့်ထားပြီးဖြစ်လျက် ဆွမ်းမစားမီ ရှေးအဖို့၌ (အခြား) ဒါယကာအိမ်တို့သို့ လှည့်လည်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ဥပနန္ဒ သင်သည် ဆွမ်းစားပင့်ထားပြီးဖြစ်လျက် ဆွမ်းမစားမီ ရှေးအဖို့၌ (အခြား) ဒါယကာအိမ် တို့သို့ လှည့်လည်သွားလာ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင်သည် အဘယ့်ကြောင့် ဆွမ်းစားပင့်ထားပြီးဖြစ်လျက် ဆွမ်းမစားမီ ရှေးအဖို့၌ (အခြား) ဒါယကာအိမ်တို့သို့ လှည့်လည်ဘိသနည်း''
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြု မိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(က) ''အကြင်ရဟန်းသည် ဆွမ်းစားပင့်ထား၍ ဆွမ်းထင်ရှား ရှိလျက် ဆွမ်း မစားမီ ရှေးအဖို့၌ (အခြား) ဒါယကာအိမ်တို့သို့ လှည့်လည်ငြားအံ့၊ (ထိုရဟန်း အား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၂၉၅။ ထိုအခါ သာကီဝင်မင်းသား အသျှင်ဥပနန္ဒ၏ အလုပ်အကျွေး ဒါယကာသည် သံဃာ၏ အလို့ငှါ ခဲဖွယ်ကို ''အသျှင်ဥပနန္ဒအား ပြ၍ သံဃာအား ပေးလှူလော့''ဟု ပို့စေ၏။
ထိုအခါ သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် ရွာသို့ ဆွမ်းခံဝင်နေခိုက် ဖြစ်၏။
ထိုအခါ လူတို့သည် အရံသို့ သွား၍ ရဟန်းတို့ကို ''အသျှင်ဘုရားတို့ အသျှင်ဥပနန္ဒသည် အဘယ်မှာနည်း''ဟု မေးကုန်၏။
ဒါယကာတို့ သာကီဝင်မင်းသား ထိုအသျှင်ဥပနန္ဒသည် ရွာသို့ ဆွမ်းခံဝင်နေ၏ဟု ဆိုကုန်၏။
အသျှင်ဘုရားတို့ ဤခဲဖွယ်ကို အသျှင် ဥပနန္ဒအား ပြ၍ သံဃာအား လှူလိုက်ပါဟု (လျှောက်ကုန်၏)။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို-
''ရဟန်းတို့ သို့ဖြစ်လျှင် အကပ်ခံ၍ ဥပနန္ဒလာသည့်တိုင်အောင် ထားကုန်လော့''ဟု မိန့်တော်မူ၏။
ထိုအခါ သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည်
''ဆွမ်းမစားမီ ရှေးအဖို့၌ (အခြား) ဒါယကာ အိမ်တို့သို့ လှည့်လည်ခြင်းကို မြတ်စွာဘုရားသည် ပယ်တော်မူ၏''ဟု (နှလုံးသွင်း၍) ဆွမ်းစားပြီးနောက်မှ (အခြား) ဒါယကာအိမ်တို့သို့ သွား၍ နေမြင့်မှ ပြန်လာ၏၊ ခဲဖွယ်ကို (အိမ်သို့) တစ်ဖန် ပြန်၍ ဆောင်ယူရကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် ဆွမ်းစားပြီးနောက်မှ (အခြား) ဒါယကာအိမ်တို့သို့ လှည့်လည်နေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ဥပနန္ဒ သင်သည် ဆွမ်းစားပြီးနောက်မှ (အခြား) ဒါယကာအိမ်တို့သို့ လှည့်လည်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား အဘယ့်ကြောင့် သင်သည် ဆွမ်းစားပြီးနောက်မှ (အခြား) ဒါယကာအိမ်တို့သို့ လှည့်လည်ဘိသနည်း''
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(ခ) ''အကြင်ရဟန်းသည် ဆွမ်းစားပင့်ထား၍ ဆွမ်းထင်ရှားရှိလျက် ဆွမ်းမစားမီ ရှေးအဖို့၌ သော်လည်းကောင်း၊ ဆွမ်းစားပြီးသည့်နောက်၌သော်လည်းကောင်း (အခြား) ဒါယကာအိမ်တို့သို့ လှည့်လည်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၂၉၆။ ထိုအခါ ရဟန်းတို့သည် သင်္ကန်းလှူသောအခါ၌ မအပ်ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိသည်ဖြစ်၍ (အခြား) ဒါယကာအိမ်တို့သို့ မချဉ်းကပ်ကုန်၊
သင်္ကန်းအရ နည်းပါး၏၊
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ သင်္ကန်းလှူသောအခါ၌ (အခြား) ဒါယကာအိမ်တို့သို့ ချဉ်းကပ်ခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(ဂ) ''အကြင်ရဟန်းသည် ဆွမ်းစားပင့်ထား၍ ဆွမ်းထင်ရှားရှိလျက် ဆွမ်းမစားမီ ရှေးအဖို့၌သော်လည်းကောင်း၊ ဆွမ်းစားပြီးသည့်နောက်၌သော်လည်းကောင်း (အခြား) ဒါယကာအိမ်တို့သို့ အချိန်အခါကို ကြဉ်၍ လှည့်လည်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။
ထိုအိမ်တစ်ပါးသို့ သွားရာ၌ ဤဆိုလတ္တံ့သည်ကား အချိန်အခါတည်း၊
သင်္ကန်းလှူသောအခါ၊ ဤကား ထိုအိမ်တစ်ပါးသို့ သွားရာ၌ အချိန်အခါတည်း'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၂၉၇။ ထိုအခါ ရဟန်းတို့သည် သင်္ကန်းချုပ်ကြသောကြောင့် အပ်ချည် ဓားငယ်တို့ကို အလိုရှိကုန်၏။
ရဟန်းတို့သည် မအပ်ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိသည်ဖြစ်၍ (အခြား) ဒါယကာ အိမ်တို့သို့ မချဉ်းကပ်ကုန်၊
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ သင်္ကန်းချုပ်သော အခါ၌ (အခြား) ဒါယကာအိမ်တို့သို့ ချဉ်းကပ်ခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(ဃ) ''အကြင်ရဟန်းသည် ဆွမ်းစားပင့်ထား၍ ဆွမ်းထင်ရှားရှိလျက် ဆွမ်းမစားမီ ရှေးအဖို့၌သော်လည်းကောင်း၊ ဆွမ်းစားပြီးသည့်နောက်၌သော်လည်းကောင်း (အခြား) ဒါယကာအိမ်တို့သို့ အချိန်အခါကို ကြဉ်၍ လှည့်လည်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။
ထိုအိမ်တစ်ပါးသို့ သွားရာ၌ ဤဆိုလတ္တံ့သည်ကား အချိန် အခါတည်း၊
သင်္ကန်းလှူသောအခါ, သင်္ကန်းချုပ်သောအခါ ဤကား ထိုအိမ်တစ်ပါးသို့ သွားရာ၌ အချိန်အခါတည်း'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၂၉၈။ ထိုအခါ ရဟန်းတို့သည် နာဖျားကြသောကြောင့် ဆေးတို့ကို အလိုရှိကုန်၏။
ရဟန်းတို့သည် မအပ်ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိသည်ဖြစ်၍ (အခြား) ဒါယကာအိမ်တို့သို့ မချဉ်းကပ်ကုန်၊
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ ထင်ရှားရှိသော ရဟန်းကို ပန်ကြား၍ (အခြား) ဒါယကာအိမ်တို့သို့ ချဉ်းကပ်ခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၂၉၉။ ''အကြင်ရဟန်းသည် ဆွမ်းစားပင့်ထား၍ ဆွမ်းထင်ရှား ရှိလျက် ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍ ဆွမ်းမစားမီ ရှေးအဖို့၌ သော်လည်းကောင်း၊ ဆွမ်းစားပြီးသည့် နောက်၌သော်လည်းကောင်း (အခြား) ဒါယကာအိမ်တို့သို့ အချိန်အခါကို ကြဉ်၍ လှည့်လည်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။
ထိုအိမ်တစ်ပါးသို့ သွားရာ၌ ဤဆိုလတ္တံ့သည်ကား အချိန် အခါတည်း၊
သင်္ကန်းလှူသောအခါ, သင်္ကန်းချုပ်သောအခါ, နာဖျားသောအခါ၊ ဤကား ထိုအိမ်တစ်ပါးသို့ သွားရာ၌ အချိန်အခါတည်း'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၃၀၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ဆွမ်းစားပင့်ထား၍ မည်သည် ဘောဇဉ်ငါးပါးတို့တွင် တစ်ပါးပါးသော ဘောဇဉ်ဖြင့် ဆွမ်းစားပင့် ထားပြီးဖြစ်၏။
ဆွမ်းထင်ရှားရှိ မည်သည် ပင့်ဖိတ်ထားအပ်သော ဆွမ်းဖြင့် ဆွမ်းထင်ရှားရှိ၏။
ထင်ရှားရှိသော မည်သည် ရဟန်းကို ပန်ကြား၍ ဝင်ခြင်းငှါ စွမ်းနိုင်၏။
ထင်ရှားမရှိ မည်သည် ရဟန်းကို ပန်ကြား၍ ဝင်ခြင်းငှါ မစွမ်းနိုင်။
ဆွမ်းမစားမီ ရှေ့အဖို့ မည်သည် ပင့်ဖိတ်ထားသော ဆွမ်းကို မစားရသေးမီ။
ဆွမ်းစားပြီးသည့်နောက် မည်သည် ပင့်ဖိတ်ထားသော ဆွမ်းကို အယုတ်သဖြင့် သမန်းမြက်ဖျား မျှဖြင့်သော်လည်း စားပြီးဖြစ်၏။
ဒါယကာအိမ် မည်သည် မင်းမျိုးအိမ်၊ ပုဏ္ဏားမျိုးအိမ်၊ ကုန်သည်မျိုးအိမ်၊ သူဆင်းရဲမျိုးအိမ်ဟူ၍ ဒါယကာအိမ်တို့သည် လေးမျိုးတို့တည်း။
(အခြား) ဒါယကာအိမ်တို့သို့ လှည့်လည်ငြားအံ့ဟူသည် သူတစ်ပါး၏ အိမ်ဥပစာသို့ သက်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။
ပဌမခြေလှမ်းသည် တံခါးခုံကို လွန်ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဒုတိယခြေလှမ်းသည် လွန်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
အချိန်အခါကို ကြဉ်၍ဟူသည် အခါကာလကို ဖယ်ထား၍။
သင်္ကန်းလှူသောအခါ မည်သည် ကထိန်မခင်းသည် ရှိသော် မိုးလတို့၏ အဆုံးဖြစ်သော လတို့ ပတ်လုံးလည်းကောင်း၊ ကထိန်ခင်းသည် ရှိသော် ငါးလတို့ပတ်လုံးလည်းကောင်းတည်း။
သင်္ကန်းချုပ်သောအခါ မည်သည် သင်္ကန်းကို ချုပ်သည် ရှိသော်။
၃၀၁။ ပင့်ဖိတ်ထားသည်၌ ပင့်ဖိတ်ထားသည်ဟု အမှတ်ရှိသည်ဖြစ်၍ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဆွမ်းမစားမီ ရှေးအဖို့၌သော်လည်းကောင်း၊ ဆွမ်းစားပြီးသည့် နောက်၌သော်လည်းကောင်း အချိန်အခါကို ကြဉ်၍ (အခြား) ဒါယကာအိမ်တို့သို့ လှည့်လည်ငြားအံ့ ပါစိတ်အာပတ် သင့်၏။
ပင့်ဖိတ်ထားသည်၌ ယုံမှားရှိသည်ဖြစ်၍ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဆွမ်းမစားမီ ရှေးအဖို့၌သော်လည်းကောင်း၊ ဆွမ်းစားပြီးသည့်နောက်၌သော်လည်းကောင်း အချိန်အခါကို ကြဉ်၍ (အခြား) ဒါယကာအိမ်တို့သို့ လှည့်လည်ငြားအံ့ ပါစိတ်အာပတ် သင့်၏။
ပင့်ဖိတ်ထားသည်၌ မပင့်ဖိတ်ဟု အမှတ်ရှိသည်ဖြစ်၍ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဆွမ်းမစားမီ ရှေးအဖို့၌သော်လည်းကောင်း၊ ဆွမ်းစားပြီးသည့် နောက်၌သော်လည်းကောင်း အချိန်အခါကို ကြဉ်၍ (အခြား) ဒါယကာအိမ်တို့သို့ လှည့်လည်ငြားအံ့ ပါစိတ်အာပတ် သင့်၏။
မပင့်ဖိတ်သည်၌ ပင့်ဖိတ်၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မပင့်ဖိတ်သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မပင့်ဖိတ်သည်၌ မပင့်ဖိတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၃၀၂။ အချိန်အခါ၌ အာပတ် မသင့်၊ ထင်ရှားရှိသော ရဟန်းကို ပန်ကြား၍ ဝင်အံ့၊ ထင်ရှားမရှိသော ရဟန်းကို မပန်ကြားဘဲ ဝင်အံ့၊ သူတစ်ပါး၏ ဖြတ်သန်းသွားရသော လမ်းဖြစ်အံ့၊ အိမ်ဥပစာဖြင့် ဖြတ်သန်းသွားရသော လမ်းဖြစ်အံ့၊ ရွာတွင်းကျောင်းသို့ သွားအံ့၊ ရဟန်းမိန်းမကျောင်းသို့ သွားအံ့၊ တိတ္ထိတို့ (နေရာ) ကျောင်းသို့ သွားအံ့၊ ဆွမ်းစားဇရပ်သို့ သွားအံ့၊ ဆွမ်းချက်ရာ စဖိုအိမ်သို့ သွားအံ့၊ ဘေးရန်ရှိသောကြောင့် သွားအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌ စာရိတ္တသိက္ခာပုဒ် ပြီး၏။