၄၁၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ရဟန်းတစ်ပါးသည် ကောသလတိုင်း ဇနပုဒ်တို့၌ သာဝတ္ထိပြည်သို့ သွားသည်ရှိသော် မထင်ရှားသော ရွာတံခါးကို လွန်သွားလေ၏။
မိန်းမတစ်ယောက်သည်လည်း လင်နှင့် ခိုက်ရန်ဖြစ်၍ ရွာမှ ထွက်လာရာ ထိုရဟန်းကို မြင်၍
''အသျှင်ဘုရား အသျှင်သည် အဘယ်အရပ်သို့ သွားမည်နည်း''ဟု လျှောက်၏။
''နှမ ငါသည် သာဝတ္ထိပြည်သို့ သွားအံ့''ဟု ဆိုသည် ရှိသော်
အကျွန်ုပ်သည် အသျှင်နှင့်အတူ လိုက်လိုပါ၏ဟု (လျှောက်၏)။
''နှမ (လိုက်ခဲ့) သွားမည်''ဟု (ပြောဆို၍ သွားလေ၏)။
ထိုအခါ ထိုမိန်းမ၏ လင်သည် ရွာမှ ထွက်၍ လူတို့ကို
''အမောင်တို့ ဤသို့သဘောရှိသော မိန်းမကို့မြင်ကြပါသလော''ဟု မေး၏။
အမောင် ဤမိန်းမသည် ရဟန်းနှင့်အတူ သွား၏ဟု (ဆိုကုန်၏)။
ထိုယောက်ျားသည် အစဉ်လိုက်၍ ထိုရဟန်းကို ဖမ်းပြီးလျှင် ထောင်းထု၍ လွှတ်လိုက်၏။
ထိုအခါ ထိုရဟန်းသည် တစ်ခုသော သစ်ပင်ရင်း၌ ကြံမှိုင်လျက် ထိုင်နေ၏။
ထိုအခါ ထိုမိန်းမသည် ထိုယောက်ျား ကို
''အမောင် ထိုရဟန်းသည် အကျွန်ုပ်ကို ခေါ်၍ မသွားပေ၊
စင်စစ်မူကား ငါသာလျှင် ထိုရဟန်းနှင့်အတူ သွား၏၊
ထိုရဟန်းအား အပြစ်မရှိပေ၊
သွားချေ၊ ထိုရဟန်းကို ဝန်ချတောင်းပန်ချေလော့''ဟု ပြောဆို လေ၏။
ထိုအခါ ထိုယောက်ျားသည် ထိုရဟန်းကို ဝန်ချတောင်းပန်၏ 'သည်းခံစေ၏'။
ထိုအခါ ထိုရဟန်းသည် သာဝထ္ထိပြည်သို့ သွား၍ ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ရဟန်းသည် မာတုဂါမနှင့်အတူ တိုင်ပင်၍ တစ်ကြောင်း တည်း အဓွန့်ရှည်သော ခရီးသို့ သွားဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်း သင်သည် မာတုဂါမနှင့်အတူ တိုင်ပင်၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွား၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင်သည် အဘယ့်ကြောင့် မာတုဂါမနှင့်အတူ တိုင်ပင်၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွားဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤ သိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၄၁၃။ ''အကြင်ရဟန်းသည် မာတုဂါမနှင့်အတူ တိုင်ပင်၍ တစ်ကြောင်း တည်း အဓွန့်ရှည်သော ခရီးသို့ သွားငြားအံ့ အယုတ်သဖြင့် ရွာတစ်ပါးသို့ သော်လည်း သွားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၄၁၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏၊
မာတုဂါမ မည်သည် ဘီလူးမ မဟုတ်၊ ပြိတ္တာမ မဟုတ်၊ တိရစ္ဆာန်မ မဟုတ်၊ ကောင်းစွာ ဆိုသောစကား မကောင်းသဖြင့် ဆိုသောစကားကိုလည်းကောင်း၊ ရုန့်ရင်းသောစကား မရုန့်ရင်းသော စကားကိုလည်းကောင်း သိခြင်းငှါ စွမ်းနိုင်သော လူမိန်းမတည်း။
အတူဟူသည် အတူတကွတည်း။
တိုင်ပင်၍ဟူသည်
''နှမ သွားကုန်အံ့၊ အသျှင်ဘုရား သွားပါကုန်အံ့။ အသျှင်ဘုရား သွားကုန်အံ့၊ နှမ သွားကုန်အံ့။ ယနေ့သော်လည်းကောင်း၊ နက်ဖြန်သော်လည်းကောင်း၊ သန်ဘက်ခါသော်လည်းကောင်း သွားကုန်အံ့''ဟု တိုင်ပင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အယုတ်သဖြင့် ရွာတစ်ပါးသို့သော်လည်းဟူသည် ကြက်ပျံတစ်ကျဖြစ်သော ရွာ၌ ရွာအကြား တိုင်း ရွာအကြားတိုင်း ပါစိတ်အာပတ် သင့်၏။
ရွာမရှိသော တောလမ်းခရီးဖြစ်မူကား ယူဇနာခွဲတိုင်း ယူဇနာ ခွဲတိုင်း ပါစိတ်အာပတ် သင့်၏။
၄၁၅။ မာတုဂါမ၌ မာတုဂါမဟု အမှတ်ရှိသည်ဖြစ်၍ တိုင်ပင်လျက် တစ်ကြောင်းတည်း အဓွန့်ရှည် သော ခရီးသို့ သွားအံ့၊ အယုတ်သဖြင့် ရွာတစ်ပါးသို့သော်လည်း သွားအံ့၊ ပါစိတ်အာပတ် သင့်၏။
မာတုဂါမ၌ ယုံမှားရှိသည်ဖြစ်၍ တိုင်ပင်လျက် တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွားအံ့၊ အယုတ်သဖြင့် ရွာတစ်ပါးသို့သော်လည်း သွားအံ့၊ ပါစိတ်အာပတ် သင့်၏။
မာတုဂါမ၌ မာတုဂါမ မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ တိုင်ပင်လျက် တစ်ကြောင်းတည်း အဓွန့်ရှည် သော ခရီးသို့ သွားအံ့၊ အယုတ်သဖြင့် ရွာတစ်ပါးသို့သော်လည်း သွားအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် တိုင်ပင်၏၊ မာတုဂါမသည် မတိုင်ပင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘီလူးမနှင့်သော် လည်းကောင်း၊ ပြိတ္တာမနှင့်သော်လည်းကောင်း၊ ပဏ္ဍုက်နှင့်သော်လည်းကောင်း၊ လူယောင်ဆောင်သော တိရစ္ဆာန်မနှင့်သော်လည်းကောင်း အတူတိုင်ပင်၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မာတုဂါမ မဟုတ်သည်၌ မာတုဂါမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မာတုဂါမ မဟုတ်သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မာတုဂါမ မဟုတ်သည်၌ မာတုဂါမ မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၄၁၆။ မတိုင်ပင်ဘဲ သွားအံ့၊ မာတုဂါမသည် တိုင်ပင်၍ ရဟန်းက မတိုင်ပင် အံ့၊ အချိန်းအချက် လွဲသဖြင့် သွားအံ့၊ ဘေးရန်တို့ကြောင့် သွားအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
သတ္တမ သံဝိဓာနသိက္ခာပုဒ် ပြီး၏။