问题
选择版本
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

3. Mohanasikkhāpadaṃ

作者: my-tipitaka @ visuddhinanda

၄၄၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် မကျင့်ထိုက်သော အကျင့်ကို ကျင့်ပြီးလျှင် ''မသိခြင်းကြောင့် အာပတ် သင့်ကုန်၏''ဟု သိစေလို၍ ပါတိမောက်ပြသည်ရှိသော် ''ငါတို့ သည် ယခုမှသာလျှင် သိကုန်၏၊ ဤတရားသည်လည်း ပါတိမောက်၌ လာသတတ်၊ ပါတိမောက်၌ အကျုံး ဝင်သတတ်၊ လခွဲတိုင်း လခွဲတိုင်း အကျဉ်းပြခြင်းသို့ ရောက်သတတ်''ဟု ဆိုကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ပါတိမောက်ကို ပြသည် ရှိသော် ငါတို့သည် ယခုမှသာလျှင် သိကုန်၏၊ ဤတရားသည်လည်း ပါတိမောက်၌ လာသတတ်၊ ပါတိမောက်၌ အကျုံးဝင်သတတ်၊ လခွဲတိုင်း လခွဲတိုင်း အကျဉ်းပြခြင်းသို့ ရောက်သတတ်ဟူ၍ ဆိုကြ ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် ပါတိမောက်ကို ပြသည်ရှိသော် 'ငါတို့သည် ယခုမှသာလျှင် သိကုန်၏၊ ဤတရားသည်လည်း ပါတိမောက်၌ လာသတတ်၊ ပါတိမောက်၌ အကျုံးဝင်သတတ်၊ လခွဲတိုင်း လခွဲတိုင်း အကျဉ်းပြခြင်းသို့ ရောက်သတတ်'ဟူ၍ ဆိုကြကုန်၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ အဘယ့်ကြောင့် သင်တို့သည် ပါတိမောက်ကို ပြသည်ရှိသော် ငါတို့သည် ယခုမှသာလျှင် သိကုန်၏၊ ဤတရားသည်လည်း ပါတိမောက်၌ လာသတတ်၊ ပါတိမောက်၌ အကျုံးဝင်သတတ်၊ လခွဲတိုင်း လခွဲတိုင်း အကျဉ်းပြခြင်းသို့ ရောက်သတတ်ဟူ၍ ဆိုကုန်ဘိသနည်း''။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၄၄၄။ ''အကြင်ရဟန်းသည် လခွဲတိုင်း လခွဲတိုင်း ပါတိမောက် ပြသည်ရှိသော် 'ငါသည် ယခုမှသာလျှင် သိ၏၊ ဤတရားသည်လည်း ပါတိမောက်၌ လာသတတ်၊ ပါတိမောက်၌ အကျုံးဝင်သတတ်၊ လခွဲတိုင်း လခွဲတိုင်း အကျဉ်းပြခြင်း သို့ ရောက်သတတ်'ဟု ဆိုငြားအံ့၊
ဤရဟန်းသည် နှစ်ကြိမ် သုံးကြိမ် ပါတိမောက် ပြရာ၌ နေဖူး၏ဟူ၍ ထိုရဟန်းကို တစ်ပါးသော ရဟန်းတို့က သိငြားအံ့၊ ထို့ထက်အလွန် နေဖူးသည်ကိုကား ဆိုဖွယ်ရာမရှိ၊ ထိုရဟန်းအား မသိယောင်ဆောင် သဖြင့် အာပတ်မှ မလွတ်နိုင်၊ ထိုမသိယောင်ဆောင်ခြင်းကြောင့် သင့်သော အာပတ် ကိုလည်း တရားအားလျော်စွာ ဆုံးဖြတ်ရမည်၊ ထို့ထက် အလွန်လည်း ထိုရဟန်းအား မိုက်မဲတွေဝေသော အဖြစ်သို့ (ဉတ္တိဒုတိယကံဖြင့်) တင်ရမည်၊
'ငါ့သျှင် အကြင် သင်သည် ပါတိမောက်ကို ပြသည်ရှိသော် ကောင်းကောင်းမွန်မွန် ရိုရိုသေသေ နှလုံးမသွင်း၊ ထိုသင့်အား ရဟန်း၏အဖြစ်ကို အရမတော်၊ ထိုသင်သည် ရဟန်းဘဝကို မကောင်းသဖြင့် ရအပ်၏'ဟု (ကဲ့ရဲ့၍ မိုက်မဲတွေဝေသော အဖြစ်သို့ တင်ရမည်)၊
မိုက်မဲတွေဝေသော အဖြစ်သို့ တင်ပြီးသည် ရှိသော် ထိုမသိယောင်ဆောင်သော ရဟန်း၌ ဤပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော် မူ၏)။
၄၄၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
လခွဲတိုင်း လခွဲတိုင်းဟူသည် (လပြည့် လကွယ်) ဥပုသ်နေ့တိုင်း ဥပုသ်နေ့တိုင်း။
ပါတိမောက်ကို ပြသည်ရှိသော်ဟူသည် ပြနေစဉ်။
ဟု ဆိုငြားအံ့ဟူသည် မကျင့်ထိုက်သော အကျင့်ကို ကျင့်ပြီးလျှင်
''မသိခြင်းကြောင့် အာပတ် သင့်၏''ဟု သိစေလို၍ ပါတိမောက်ပြရာ၌ ''ငါသည် ယခုမှသာလျှင် သိ၏၊ ဤတရားသည်လည်း ပါတိမောက်၌ လာသတတ်၊ ပါတိမောက်၌ အကျုံးဝင်သတတ်၊ လခွဲတိုင်း လခွဲတိုင်း အကျဉ်းပြခြင်းသို့ ရောက်သတတ်''ဟု ဆိုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဤရဟန်းကား နှစ်ကြိမ် သုံးကြိမ် ပါတိမောက်ပြရာ၌ နေဖူး၏ဟု ထိုရဟန်းကို တစ်ပါးသော ရဟန်းတို့က သိငြားအံ့၊ ထို့ထက်အလွန် နေဖူးရာ၌ကား ဆိုဖွယ်ရာမရှိ၊ ထိုရဟန်းအား မသိယောင် ဆောင်ခြင်းဖြင့် အာပတ်မှ မလွတ်နိုင်၊ ထိုမသိယောင်ဆောင်ခြင်းကြောင့် သင့်သော အာပတ်ကိုလည်း တရားအားလျော်စွာ ဆုံးဖြတ်ရမည်၊ ထို့ထက်အလွန်လည်း ထိုရဟန်းအား မိုက်မဲတွေဝေသော အဖြစ်သို့ တင်ရမည်၊
ရဟန်းတို့ ဤသို့လျှင် (မိုက်မဲတွေဝေသော အဖြစ်သို့) တင်ရမည်၊
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်။
၄၄၆။ ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော ရဟန်းသည် ပါတိမောက်ကို ပြသည်ရှိသော် ကောင်းကောင်းမွန်မွန် ရိုရိုသေသေ နှလုံးမသွင်း၊
သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော ရဟန်းအား မိုက်မဲတွေဝေသော အဖြစ်သို့ တင်ရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော ရဟန်းသည် ပါတိမောက်ကို ပြသည်ရှိသော် ကောင်းကောင်းမွန်မွန် ရိုရိုသေသေ နှလုံးမသွင်း၊
သံဃာသည် ဤမည်သော ရဟန်းအား မိုက်မဲတွေဝေသော အဖြစ်သို့ တင်၏၊
ဤမည်သော ရဟန်းအား မိုက်မဲတွေဝေသော အဖြစ်သို့ တင်ခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊
အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။
သံဃာသည် ဤမည်သော ရဟန်းအား မိုက်မဲတွေဝေသော အဖြစ်သို့ တင်အပ်ပြီ၊
သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤ နှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။
မိုက်မဲတွေဝေခြင်းသို့ မတင်မီ မိုက်ယောင်မူအံ့ 'မသိယောင်ဆောင်အံ့'၊ ဒုက္ကဋ်အာပတ် သင့်၏။
မိုက်မဲတွေဝေခြင်းသို့ တင်ပြီးမှ မိုက်ယောင်မူအံ့ 'မသိယောင်ဆောင်အံ့'၊ ပါစိတ်အာပတ် သင့်၏။
၄၄၇။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည် ဖြစ်၍ မိုက်ယောင်မူအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ မိုက်ယောင်မူအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည် ဖြစ်၍ မိုက်ယောင်မူအံ့၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ မိုက်ယောင်မူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ မိုက်ယောင်မူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
၄၄၈။ အကျယ်အားဖြင့် မကြားနာဖူးမူ အာပတ် မသင့်၊ နှစ်ကြိမ် သုံးကြိမ်အောက် ယုတ်လျော့၍ အကျယ်အားဖြင့် ကြားနာဖူးမူ အာပတ် မသင့်။ မိုက်ယောင်မူခြင်းကို အလိုမရှိသော ရဟန်း၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
တတိယ မောဟနသိက္ခာပုဒ် ပြီး၏။