၄၇၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် မကျင့်ထိုက်သော အကျင့်ကို ကျင့်၍ ကံပြုခံရသည်ရှိသော် အချင်းချင်းအတွက် တားမြစ်ကြကုန်၏။
ထိုအခါ သံဃာသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် စည်းဝေး၏၊
ဆဗ္ဗဂ္ဂီရဟန်းတို့သည် သင်္ကန်းချုပ်နေဆဲ ဖြစ်၍ ရဟန်းတစ်ပါးအား ဆန္ဒ 'အလိုတူမှု' ပေးလိုက်ကြကုန်၏။
ထိုအခါ သံဃာသည်
''ငါ့သျှင်တို့ ဤဆဗ္ဗဂ္ဂီရဟန်းသည် တစ်ပါးတည်းလာ၏၊ ယခုအခါ ငါတို့သည် ထိုရဟန်းအား ကံကို ပြုကြကုန်အံ့''ဟု ဆို၍ ထိုရဟန်းအား ကံပြု၏။
ထိုအခါ ထိုရဟန်းသည် ဆဗ္ဗဂ္ဂီရဟန်းတို့ထံသို့ ချဉ်းကပ်၏၊
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုရဟန်းကို ''ငါ့သျှင် သံဃာသည် အဘယ်ကို ပြုလုပ်သနည်း''ဟု မေးကုန်၏၊
ငါ့သျှင်တို့ သံဃာသည် အကျွန်ုပ်အား ကံပြု၏ဟု (ပြောဆို၏)၊
ငါ့သျှင် ငါတို့သည် ''သင့်အား ကံပြုလတ္တံ့''ဟု (နှလုံးသွင်း၍) ထိုကံပြုခြင်း အကျိုးငှါ ဆန္ဒပေးသည် မဟုတ်ကုန်၊
ငါတို့သည် ''သင့်အား ကံပြုလတ္တံ့''ဟု အကယ်၍ သိကုန်အံ့၊ ဆန္ဒ မပေးကုန်ရာဟု ပြောဆိုကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် တရားနှင့်လျော်သော ကံတို့အား ဆန္ဒပေးပြီးနောက် ကဲ့ရဲ့ ရှုတ်ချခြင်းသဘောသို့ ရောက်ကုန်ဘိသနည်''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ သင်တို့သည် တရားနှင့်လျော်သော ကံတို့အား ဆန္ဒပေးပြီးနောက် ကဲ့ရဲ့ ရှုတ်ချခြင်းသဘောသို့ ရောက်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် တရားနှင့်လျော်သော ကံကို ဆန္ဒပေးပြီးနောက် ကဲ့ရဲ့ ရှုတ်ချ ခြင်းသဘောသို့ ရောက်ကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၄၇၅။ ''အကြင်ရဟန်းသည် တရားနှင့်လျော်သော ကံတို့အား ဆန္ဒ ပေးပြီးနောက် ကဲ့ရဲ့ရှုတ်ချခြင်းသဘောသို့ ရောက်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၄၇၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
တရားနှင့်လျော်သော ကံ မည်သည်ဟုတ်မှန်သောသဘောဖြင့်, ဝိနည်းဖြင့်, မြတ်စွာဘုရား အဆုံး အမဖြင့် ပြုအပ်သော အပလောကနကံ၊ ဉတ္တိကံ၊ ဉတ္တိဒုတိယကံ၊ ဉတ္တိစတုတ္ထကံသည် တရားနှင့် လျော်သော ကံ မည်၏။
ဆန္ဒပေးပြီးမှ ကဲ့ရဲ့ ရှုတ်ချအံ့၊ ပါစိတ်အာပတ် သင့်၏။
၄၇၇။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ဆန္ဒပေးပြီးမှ ကဲ့ရဲ့ ရှုတ်ချအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ ဆန္ဒပေးပြီးမှ ကဲ့ရဲ့ ရှုတ်ချအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည် ဖြစ်၍ ဆန္ဒပေးပြီးမှ ကဲ့ရဲ့ ရှုတ်ချအံ့၊ အာပတ် မသင့်။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၄၇၈။ ''မဟုတ်မမှန်သဖြင့်လည်းကောင်း၊ ဝဂ် 'တစ်သိမ်တည်း၌ တစ်စုစီ' ဖြစ်သဖြင့်လည်းကောင်း၊ ကံမထိုက်သော ရဟန်းအားလည်းကောင်း ကံပြုသည်''ဟု သိသောကြောင့် ကဲ့ရဲ့ ရှုတ်ချအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
နဝမ ကမ္မပဋိဗာဟနသိက္ခာပုဒ် ပြီး၏။