Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

4. Anādariyasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၃၄၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်း သုံးနေတော်မူသောအခါ
အသျှင်ဆန္နသည် မကျင့်အပ်သော အကျင့်ကို ပြုကျင့်၏၊
ရဟန်းတို့သည် ''ငါ့သျှင်ဆန္န္ဒ ဤသို့သဘောရှိသော အမှုကို မပြုပါလင့်၊ ဤအမှုသည် ရဟန်းတို့အား မအပ်''ဟု ပြောဆိုကုန်၏။
ထိုအသျှင်ဆန္နသည် မရိုသေခြင်းကို စွဲ၍ ပြုကျင့်မြဲ ပြုကျင့်သည်သာလျှင်တည်း။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် အသျှင်ဆန္နသည် မရိုသေခြင်းကို ပြုဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ဆန္န သင်သည် မရိုသေခြင်းကို ပြု၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင်သည် အဘယ့်ကြောင့် မရိုသေခြင်းကို ပြုဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၃၄၁။ ''မရိုသေခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြ ကုန်လော့ဟု မိန့်တော်မူ၏)။
၃၄၂။ မရိုသေခြင်း မည်သည် ပုဂ္ဂိုလ်၌ မရိုသေခြင်း၊ တရားတော်၌ မရိုသေခြင်းဟူ၍ မရိုသေခြင်း နှစ်မျိုး ရှိ၏။
ပုဂ္ဂိုလ်၌ မရိုသေခြင်း မည်သည် ရဟန်းတစ်ပါးက ပညတ်တော်ဖြင့် ပြောဆိုလာသည် ရှိသော် (အပြောခံရသော ရဟန်းက) ''ဤ (ပြောဆိုလာသူ) ရဟန်းသည် နှင်ထုတ်အပ်သူတည်း၊ ရှုတ်ချအပ်သူ တည်း၊ ကဲ့ရဲ့အပ်သူတည်း၊ ဤ (ပြောဆိုလာသူ) ရဟန်း၏ စကားကို လိုက်နာသင့်သည် မဟုတ်''ဟု မရိုသေခြင်းကို ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။
တရားတော်၌ မရိုသေခြင်း မည်သည် ရဟန်းတစ်ပါးက ပညတ်တော်ဖြင့် ပြောဆိုလာသည် ရှိသော် ဤတရားသည် အဘယ်သု့ိလျှင် ပျောက်မူလည်း ပျောက်ရာအံ့နည်း ပျက်စီးမူလည်း ပျက်စီးရာအံ့နည်း ကွယ်မူလည်း ကွယ်ရာအံ့နည်းဟုသော်လည်းကောင်း၊ ထိုပညတ်တော်ကို မကျင့်လို၍ သော်လည်းကောင်း မရိုသေခြင်းကို ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။
၃၄၃။ ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ မရိုသေခြင်းကို ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ယုံမှားရှိသည် ဖြစ်၍ မရိုသေခြင်းကို ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ရဟန်းမဟုတ်ဟု အမှတ်ရှိသည် ဖြစ်၍ မရိုသေခြင်းကို ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။
ပညတ်တော် မဟုတ်သော စကားဖြင့် ပြောဆိုလာသည် ရှိသော်
''ဤစကားသည် ခေါင်းပါးခြင်းငှါ မဖြစ်၊ ကိလေသာကို ခါထုတ်ခြင်းငှါ မဖြစ်၊ ကြည်ညိုဖွယ်ကို ဆောင်ခြင်းငှါ မဖြစ်၊ ကိလေသာကို ဖျက်ဆီးခြင်းငှါ မဖြစ်၊ လုံ့လကို အားထုတ်ခြင်းငှါ မဖြစ်''ဟု မရိုသေခြင်းကို ပြုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သောသူသည် ပညတ်တော်ဖြင့်သော်လည်းကောင်း၊ ပညတ်တော်မဟုတ်သော စကား ဖြင့်သော်လည်းကောင်း ပြောဆိုလာသည် ရှိသော်
''ဤစကားသည် ခေါင်းပါးခြင်းငှါ မဖြစ်၊ ကိလေသာကို ခါထုတ်ခြင်းငှါ မဖြစ်၊ ကြည်ညိုဖွယ်ကို ဆောင်ခြင်းငှါ မဖြစ်၊ ကိလေသာကို ဖျက်ဆီးခြင်းငှါ မဖြစ်၊ လုံ့လကို အားထုတ်ခြင်းငှါ မဖြစ်''ဟု မရိုသေခြင်းကို ပြုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သောသူ၌ ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
ရဟန်းမဟုတ်သောသူ၌ ရဟန်း မဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၃၄၄။ ''ငါတို့ ဆရာများ၏ ပါဠိသင်ခြင်းသည် ဤသို့ ဖြစ်၏၊ အဋ္ဌကထာသင်ခြင်းသည် ဤသို့ ဖြစ်၏''ဟု ဆိုအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
စတုတ္ထ အနာဒရိယသိက္ခာပုဒ် ပြီး၏။