Issues
ເລືອກເວີຊັນ
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

8. Kaṇḍuppaṭicchādisikkhāpadaṃ

ຜູ້ຂຽນ: my-tipitaka @ visuddhinanda

၅၃၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
မြတ်စွာဘုရားသည် ရဟန်းတို့အား အမာလွှမ်း 'အနာဖုံးလွှမ်းသော' သင်္ကန်းကို ခွင့်ပြုတော်မူ၏။
ဆဗ္ဗဂ္ဂီရဟန်းတို့သည်
''အမာလွှမ်း သင်္ကန်းကို မြတ်စွာ ဘုရား ခွင့်ပြုအပ်ပြီ''ဟု အတိုင်းအရှည်ပမာဏ မရှိသော အမာလွှမ်း သင်္ကန်းတို့ကို ဆောင်ကုန်၏၊
ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း (တရွတ်တိုက်) ဆွဲငင်ကုန်လျက် လှည့်လည်ကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် အတိုင်းအရှည်ပမာဏမ ရှိသော အမာလွှမ်း သင်္ကန်းတို့ကို ဆောင်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် အတိုင်းအရှည်ပမာဏ မရှိသော အမာလွှမ်း သင်္ကန်းတို့ကို ဆောင်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် အတိုင်းအရှည်ပမာဏမ ရှိသော အမာလွှမ်း သင်္ကန်းတို့ကို ဆောင်ကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၅၃၈။ ''အမာလွှမ်းသင်္ကန်းကို ပြုလုပ်လိုသော ရဟန်းသည် အတိုင်းအရှည် ပမာဏနှင့် ယှဉ်သော အမာလွှမ်းသင်္ကန်းကို ပြုလုပ်ရမည်၊
ထိုအမာလွှမ်းသင်္ကန်း၌ ဤဆိုလတ္တံ့သည်ကား ပမာဏတည်း၊ မြတ်စွာဘုရား အထွာတော်ဖြင့် အလျား လေးထွာ၊ အနံ နှစ်ထွာတို့တည်း။
ထိုပမာဏကို လွန်စေသော ရဟန်းအား ဖြတ်ခြင်း ရှေးရှိသော ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၅၃၉။ အမာလွှမ်းသင်္ကန်း မည်သည် အကြင်ရဟန်း၏ ချက်မှအောက် ပုဆစ်ဒူးဝန်းမှ အထက်၌ ရှိသော ဝဲနာ အိုင်းအနာ အရိယိုသောအနာ ဝဲကြီးနာတို့ကို ဖုံးလွှမ်းခြင်းငှါ ပြုလုပ်ထားသော သင်္ကန်း တည်း။
ပြုလုပ်လိုသောရဟန်းဟူသည် ပြုသော်လည်းကောင်း၊ ပြုစေသော်လည်းကောင်း
အတိုင်းအရှည် ပမာဏနှင့်ယှဉ်သော အမာလွှမ်းသင်္ကန်းကို ပြုလုပ်ရမည်။
ထိုအမာလွှမ်းသင်္ကန်း၌ ဤဆိုလတ္တံ့သည်ကား အတိုင်းအရှည် ပမာဏတည်း၊ မြတ်စွာဘုရား၏ အထွာတော်ဖြင့် အလျားလေးထွာ၊
အနံနှစ်ထွာတို့ တည်း၊
ထိုအတိုင်းအရှည်ကို လွန်စေ၍ ပြုလုပ်မူလည်း ပြုလုပ်အံ့၊ ပြုလုပ်စေမူလည်း ပြုလုပ်စေအံ့၊ ပယောဂတိုင်း ပယောဂတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
ရခြင်းကြောင့် (ပမာဏထက် လွန်သည်ကို) ဖြတ်၍ ပါစိတ်အာပတ်ကို ဒေသနာကြားအပ်၏။
၅၄၀။ မိမိပြုလုပ်၍ မပြီးသေးသော အမာလွှမ်းသင်္ကန်းကို မိမိသည်ပင် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
မိမိပြုလုပ်၍ မပြီးသေးသော အမာလွှမ်းသင်္ကန်းကို သူတစ်ပါးတို့ကို ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော အမာလွှမ်းသင်္ကန်းကို မိမိသည် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော အမာလွှမ်းသင်္ကန်းကို သူတစ်ပါး တို့ကိုပင် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
သူတစ်ပါးအကျိုးငှါ ပြုလုပ်သော်လည်းကောင်း၊ ပြုလုပ်စေသော်လည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။
သူတစ်ပါးပြုလုပ်ပြီးသော အမာလွှမ်းသင်္ကန်းကို ရ၍ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၅၄၁။ အတိုင်းအရှည်ပမာဏနှင့် ယှဉ်သော အမာလွှမ်းသင်္ကန်းကို ပြုလုပ်အံ့၊ အတိုင်းအရှည် ပမာဏအောက် ယုတ်လျော့သော အမာလွှမ်းသင်္ကန်းကို ပြုလုပ်အံ့၊ သူတစ်ပါးပြုလုပ်သော ပမာဏထက် ပိုလွန်သော အမာလွှမ်း သင်္ကန်းကို ရသော် ဖြတ်၍ သုံးဆောင်အံ့၊ ဗိတာန်မျက်နှာကြက်ကိုလည်းကောင်း၊ မြေအခင်းကိုလည်းကောင်း၊ တင်းတိမ်အကာအရံကိုလည်းကောင်း၊ ဘုံလျိုကိုလည်းကောင်း၊ ခေါင်းအုံး ကိုလည်းကောင်း ပြုလုပ်အံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့ အားလည်း အာပတ် မသင့်။
အဋ္ဌမ ကဏ္ဍုပ္ပဋိ စ္ဆာဒိသိက္ခာပုဒ် ပြီး၏။