Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

8. Dubbaṇṇakaraṇasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၃၆၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသော အခါ
များစွာကုန်သော ရဟန်းတို့သည်လည်းကောင်း၊ ပရိဗိုဇ်တို့သည်လည်းကောင်း သာကေတမြို့မှ သာဝတ္ထိပြည်သို့ ခရီးရှည် သွားကြကုန်၏။
ခရီးအကြား၌ ခိုးသူတို့သည် ထွက်၍ ထိုရဟန်းနှင့် ပရိဗိုဇ်တို့ကို လုယက်ကုန်၏။
သာဝတ္ထိပြည်မှ မင်းမှုထမ်းတို့သည် ထွက်လာ၍ ထိုခိုးသူတို့ကို ပစ္စည်းနှင့်တကွ ဖမ်းယူပြီးလျှင် ရဟန်းတို့အထံသို့ ''အသျှင်တို့သည် ကြွလာ ကုန်လော့၊ မိမိ မိမိတို့၏ သင်္ကန်းကို မှတ်သား၍ (မမှားအောင် ရွေးချယ်၍်) ယူကြကုန်လော့''ဟု တမန် ကို စေလွှတ်လိုက်ကုန်၏။
ရဟန်းတို့သည်ကား (ရွေးချယ်ဖို့ရန်) ကောင်းစွာ မမှတ်မိကုန်။
ထိုသူတို့သည် ''အဘယ့်ကြောင့် အသျှင်တို့သည် မိမိ မိမိတို့၏ သင်္ကန်းတို့ကို မသိကုန်ကြ ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည်သာတည်း။
ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းအပေါင်းကို စည်းဝေးစေ၍ ရဟန်းတို့အား ထိုအမှုနှင့် လျောက်ပတ်သော ထိုအမှုနှင့်လျော်သော တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို -
''ရဟန်းတို့ သို့ဖြစ်လျှင် သံဃာတော်၏ ကောင်းပါပြီဟု ဝန်ခံကျင့်သုံးရန် သံဃာတော်များ ချမ်းသာစေရန်။ပ။ သူတော်ကောင်းတရား 'သာသနာသုံးရပ်' တည်တံ့ရန် ဝိနည်း 'စည်းမျဉ်းဥပဒေ' ကို ချီးမြှောက်ရန်ဟူသော အကျိုးထူးဆယ်ပါးတို့ကို အစွဲပြု၍ ရဟန်းတို့အား သိက္ခာပုဒ်ကို ပညတ်တော် မူမည်''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၃၆၈။ ''သင်္ကန်းအသစ်ကို ရသော ရဟန်းသည် ညိုသော အဆင်းကို သော်လည်းကောင်း၊ ညွန်အဆင်းကိုသော်လည်းကောင်း၊ မည်းနက်သော အဆင်းကို သော်လည်းကောင်း၊ (ဤ) အဆင်းပျက်အောင် ပြုခြင်းသုံးမျိုးတို့တွင် တစ်ခုခုသော အဆင်းပျက်အောင် ပြုခြင်းကို ယူအပ်၏၊
အကယ်၍ ရဟန်းသည် အဆင်းပျက်အောင် ပြုခြင်းသုံးမျိုးတို့တွင် တစ်ခုခုသော အဆင်းပျက်အောင် ပြုခြင်းကို မယူမူ၍ သင်္ကန်းအသစ်ကို ဝတ်ရုံသုံးဆောင်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၃၆၉။ အသစ်ဟူသည် ကပ္ပဗိန္ဒု မထိုးရသေးသော သင်္ကန်းကို ဆို၏။
သင်္ကန်း မည်သည် သင်္ကန်းခြောက်ထည်တို့တွင် တစ်ထည်ထည်သော သင်္ကန်းတည်း။
အဆင်းပျက်အောင် ပြုခြင်း သုံးမျိုးတို့တွင် တစ်ခုခုသော အဆင်းပျက်အောင် ပြုခြင်းကို ယူအပ်၏ဟူသည် အယုတ်သဖြင့် သမန်းမြက်ဖျားမျှဖြင့်သော်လည်း (အဆင်းပျက်အောင် ပြုခြင်းကို) ယူအပ်၏။
ညိုသောအဆင်း မည်သည် ကြေးညိုအဆင်း သစ်ရွက်ညိုအဆင်းဟူ၍ ညိုသော အဆင်း နှစ်မျိုး ရှိ၏။
ညွန်အဆင်း မည်သည် ရေနှင့်ရောသော ညွန်ကို ဆို၏။
မည်းနက်သော အဆင်း မည်သည် အမှတ်မရှိ တစ်စုံတစ်ခု အမည်းအရွှေရောသော အဆင်းတည်း။
အကယ်၍ ရဟန်းသည် အဆင်းပျက်အောင် ပြုခြင်းသုံးမျိုးတို့တွင် တစ်ခုခုသော အဆင်းပျက်အောင် ပြုခြင်းကို မယူမူ၍ဟူသည် အဆင်းပျက်အောင် ပြုခြင်းသုံးမျိုးတို့တွင် တစ်ခုခုသော အဆင်းပျက် အောင်ပြုခြင်းကို အယုတ်သဖြင့် သမန်းမြက်ဖျားမျှဖြင့်သော်လည်း (အဆင်းပျက်အောင်ပြုခြင်းကို) မယူမူ၍ သင်္ကန်းအသစ်ကို ဝတ်ရုံသုံးဆောင်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
၃၇၀။ မယူအပ်သေးသည်၌ မယူအပ်သေး 'ကပ္ပဗိန္ဒု၁ မထိုးအပ်သေးသည်၌ မထိုးအပ်သေး'ဟု အမှတ်ရှိသည်ဖြစ်၍ သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
မယူအပ်သေးသည်၌ ယုံမှားရှိသည်ဖြစ်၍ သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
မယူအပ်သေးသည်၌ ယူအပ်ပြီးဟု အမှတ်ရှိသည် ဖြစ်၍ သုံးဆောင် အံ့၊ ပါစိတ်အာပတ် သင့်၏။
ယူအပ်ပြီးသည်၌ မယူအပ်သေး 'ကပ္ပဗိန္ဒု ထိုးအပ်ပြီးသည်၌ မထိုးအပ်သေး'ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ယူအပ်ပြီးသည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ယူအပ်ပြီးသည်၌ ယူအပ်ပြီးဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၃၇၁။ ယူပြီး၍ 'ကပ္ပဗိန္ဒုထိုး၍' သုံးဆောင်အံ့၊ ကပ္ပဗိန္ဒုသည် ပျက်အံ့၊ ကပ္ပဗိန္ဒုထိုးရာ အရပ်သည် ဆွေးမြေ့အံ့၊ ကပ္ပဗိန္ဒုထိုးပြီးသော သင်္ကန်းနှင့် ကပ္ပဗိန္ဒုမထိုးသေးသော သင်္ကန်းကို စပ်၍ ချုပ်အံ့၊ အပေါ်လွှာ၌လည်းကောင်း၊ အလျားအနားပတ်၌လည်းကောင်း၊ အနံအနားပတ်၌လည်းကောင်း ကပ္ပဗိန္ဒု ထိုးအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
အဋ္ဌမ ဒုဗ္ဗဏ္ဏကရဏသိက္ခာပုဒ် ပြီး၏။ ၁။ အပ်စပ်အောင်ပြုသော အမှတ်အသား အပြောက်။