Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

10. Uyyodhikasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၃၂၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် နှစ်ညဉ့် သုံးညဉ့်ပတ်လုံး စစ်တပ်၌ နေကုန်လျက် စစ်ထိုးပွဲသို့လည်းကောင်း၊ စစ်သည်စစ်ဆေးပွဲသို့လည်းကောင်း၊ စစ်ဆင်ပွဲသို့ လည်းကောင်း၊ စစ်အင်ကျင်းပွဲသို့လည်းကောင်း သွားကုန်၏။
ဆဗ္ဗဂ္ဂီရဟန်းတစ်ပါးသည်လည်း စစ်ထိုးပွဲ သို့ သွားသောကြောင့် မြားမှန်၏။
လူတို့သည် ထိုရဟန်းကို ''အသျှင်ဘုရား အဘယ်သို့ပါနည်း ကောင်းစွာ စစ်ထိုးရပါ၏လော၊ အသျှင်သည် အဘယ်မျှသော အဖိုးအခတို့ကို ရပါသနည်း''ဟု ပြက်ရယ်ပြုကုန်၏။
ထိုရဟန်းသည် ထိုလူတို့က ပြက်ရယ်ပြုသောကြောင့် နှလုံးမသာ ဖြစ်၏၊
လူတို့သည် ''အဘယ့်ကြောင့် သာကီဝင် မင်းသား ဘုရားအနွယ်တော်ဖြစ်ကုန်သော ရဟန်းတို့သည် စစ်ထိုးပွဲကို ကြည့်ရှုခြင်းငှါ လာကုန်ဘိသ နည်း၊ အကြင်ငါတို့သည် အသက်မွေးမှုဟူသော အကြောင်းကြောင့် သားမယား (မွေးမှု)ဟူသော အကြောင်း ကြောင့် စစ်ထိုးပွဲသို့ လာရကုန်၏၊ ထိုငါတို့အားလည်း လူ့အဖြစ်ကို အရတော်သည်မဟုတ်၊ ထိုငါတို့သည် ဤလူ့အဖြစ်ကို မကောင်းသဖြင့် ရအပ်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း၊
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် စစ်ထိုးပွဲကို ကြည့် ရှုခြင်းငှါ သွားကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် စစ်ထိုးပွဲကို ကြည့်ရှုခြင်းငှါ သွားကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ်ကြောင့် စစ်ထိုးပွဲကို ကြည့်ရှုခြင်းငှါ သွားကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၃၂၃။ ''နှစ်ညဉ့် သုံးညဉ့်ပတ်လုံး စစ်တပ်၌ နေသော ရဟန်းသည် စစ်ထိုးပွဲသို့လည်းကောင်း၊ စစ်သည်စစ်ဆေးပွဲသို့လည်းကောင်း၊ စစ်ဆင်ပွဲသို့ လည်းကောင်း၊ စစ်အင်ကျင်းပွဲသို့ လည်းကောင်း သွားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤုသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၃၂၄။ နှစ်ညဉ့်သုံး ညဉ့်ပတ်လုံး စစ်တပ်၌ နေသော ရဟန်းဟူသည် နှစ်ညဉ့် သုံးညဉ့်တို့ ပတ်လုံး နေသော ရဟန်းတည်း။
စစ်ထိုးပွဲ မည်သည် ထိုးပစ် တိုက်ခိုက်ရာ အရပ်တည်း။
စစ်သည်စစ်ဆေးပွဲ မည်သည် ဆင်တို့သည် ဤမျှ ရှိကုန်၏၊ မြင်းတို့သည် ဤမျှ ရှိကုန်၏၊ ရထားတို့သည် ဤမျှ ရှိကုန်၏၊ ခြေသည်သူရဲတို့သည် ဤမျှ ရှိကုန်၏ဟု ရေတွက်ခြင်းတည်း။
စစ်ဆင်ပွဲ မည်သည် ဤအရပ်မှ ဆင်တို့နေစေကုန်၊ ဤအရပ်မှ မြင်းတို့နေစေကုန်၊ ဤအရပ်မှ ရထားတို့ နေစေကုန်၊ ဤအရပ်မှ ခြေသည်သူရဲတို့ နေစေကုန်ဟု ခင်းကျင်းစီစဉ်ခြင်းတည်း။
စစ်အင်္ဂါ မည်သည် ဆင်အပေါင်း မြင်းအပေါင်း ရထားအပေါင်း ခြေသည်သူရဲအပေါင်းတည်း။
သုံးစီးသော ဆင်တို့သည် အယုတ်ဆုံး ဆင်တပ် မည်၏၊ သုံးစီးသော မြင်းတို့သည် အယုတ်ဆုံး မြင်းတပ် မည်၏၊ သုံးစီးသော ရထားတို့သည် အယုတ်ဆုံး ရထားတပ် မည်၏၊ မြားလက်စွဲသော ယောက်ျားလေးယောက်တို့သည် အယုတ်ဆုံး ခြေလျင်တပ် မည်၏။
ကြည့်ရှုခြင်းငှါ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အကြင်မြင်လောက်သော အရပ်၌ ရပ်၍ ကြည့်အံ့၊ ပါစိတ်အာပတ် သင့်၏၊
မြင်လောက်သော ဥပစာကို စွန့်၍ အဖန်တလဲလဲကြည့်အံ့၊ ပါစိတ်အာပတ် သင့်၏။
တစ်ခုတစ်ခုသော စစ်အင်္ဂါကို ကြည့်ခြင်းငါှ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အကြင်မြင်လောက်သော အရပ်၌ ရပ်၍ ကြည့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မြင်လောက်သော ဥပစာကို စွန့်၍ အဖန်တလဲလဲကြည့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၃၂၅။ အရံ၌ ရပ်တည်လျက် ကြည့်အံ့၊ ရဟန်း၏ ရပ်သော နေရာသို့သော်လည်းကောင်း၊ ထိုင်သောနေရာသို့သော်လည်းကောင်း၊ အိပ်သောနေရာသို့လည်းကောင်း လာရောက်၍ စစ်ထိုးသည်ကို ကြည့်အံ့၊ ခရီးရင်ဆိုင်သွားစဉ် တွေ့မြင်အံ့၊ ပြုဖွယ်ကိစ္စ ရှိ၍ သွားရာ တွေ့မြင်အံ့၊ ဘေးရန်ရှိသောအခါ တို့၌ တွေ့မြင်အံ့၊ အာပတ် မသင့်။ ရူးသောရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒသမ ဥယျောဓိကသိက္ခာပုဒ် ပြီး၏။
ပဉ္စမ အစေလကဝဂ် ပြီး၏။
မုန့်ပေးသောသိက္ခာပုဒ်၊ ဥပနန္ဒ၏စကားနှင့်စပ်ဆိုင်သော သိက္ခာပုဒ်၊ သုံးပါးသော သိက္ခာပုဒ်၊ အလုပ်အကျွေးနှင့်စပ်သော သိက္ခာပုဒ်၊
မဟာနာမသိက္ခာပုဒ်၊ ပသေနဒီ သိက္ခာပုဒ်၊ စစ်တပ်၌ နေသော သိက္ခာပုဒ်၊ မြားမှန်သော သိက္ခာပုဒ်၊ ဤဆယ်ပါးတို့ တည်း။
ဤကား အကျဉ်းချုပ်တည်း။