Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

11. Dubbalasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၄၈၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာ့ဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် သံဃာအား ကျောင်းအိပ်ရာနေရာကို ခင်း၏၊ ဆွမ်းတို့ကိုလည်း ညွှန်း၏။
ထိုအသျှင်ဒဗ္ဗသည်ကား ညစ်နွမ်းသော သင်္ကန်းရှိ၏။
ထိုအခါ သံဃာအား သင်္ကန်းတစ်ထည် ဖြစ်ပေါ်၏။
ထိုအခါ သံဃာသည် ထိုသင်္ကန်းကို မလ္လမင်း၏သား အသျှင်ဒဗ္ဗအား ပေးလှူ၏။
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ''အကြင် အကြင် ချစ်ကျွမ်းဝင်သူအား ရဟန်းတို့သည် သံဃိကဖြစ်သော လာဘ်ကို ညွှတ်စေကုန်ဘိ၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ညီညွတ်သော သံဃာက သင်္ကန်းကို ပေးပြီးနောက် ရှုတ်ချခြင်းသဘောသို့ ရောက်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် ညီညွတ်သော သံဃာက သင်္ကန်းကို ပေးပြီးနောက် ရှုတ်ချခြင်း သဘောသို့ ရောက်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် ညီညွတ်သော သံဃာက သင်္ကန်းကို ပေးပြီးနောက် ရှုတ်ချ ခြင်းသဘောသို့ ရောက်ကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၄၈၅။ ''အကြင်ရဟန်းသည် ညီညွတ်သော သံဃာက သင်္ကန်းကို ပေးပြီးနောက် 'ရဟန်းတို့သည် ချစ်ကျွမ်းဝင်သည်အားလျော်စွာ သံဃိကဖြစ်သော လာဘ်ကို ညွှတ်စေကုန်၏'ဟု နောက်မှ ရှုတ်ချခြင်းသဘောသို့ ရောက်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၄၈၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ညီညွတ်သောသံဃာ မည်သည် တူသော ပေါင်းဖော်ခြင်းရှိသော, သိမ်တစ်ခုတည်း၌ တည်သော သံဃာတည်း။
သင်္ကန်း မည်သည် သင်္ကန်းခြောက်ထည်တို့တွင် အယုတ်ဆုံးအားဖြင့် ဝိကပ္ပနာလောက်သော တစ်ထည်ထည်သော သင်္ကန်းတည်း။
ပေးပြီးနောက်ဟူသည် ကိုယ်တိုင် ပေးပြီး၍။
ချစ်ကျွမ်းဝင်သည်အားလျော်စွာ မည်သည် အဆွေခင်ပွန်း၏အဖြစ်၊ မြင်ဖူးကာမျှသော အဆွေ ခင်ပွန်း၏အဖြစ်၊ သုံးဆောင်စားသောက်ဖက်ဖြစ်သော အဆွေခင်ပွန်း၏အဖြစ်နှင့်တကွ ဥပဇ္ဈာယ်တူသော သူ၏အဖြစ်၊ ဆရာတူသော သူ၏ အဖြစ်တည်း။
သံဃိကဖြစ်သော မည်သည် သံဃာအား လှူအပ် စွန့်အပ်သော ဝတ္ထုတည်း။
လာဘ် မည်သည် သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာ၏ အထောက်အပံ့ ဆေးအသုံး အဆောင်တို့တည်း၊ အယုတ်အားဖြင့် အမှုန့်ခဲ 'ဆပ်ပြာခဲ' သည်လည်းကောင်း၊ ဒန်ပူသည်လည်းကောင်း၊ မြိတ်ဆာချည်မျှင်သည်လည်းကောင်း (လာဘ် မည်၏)။
နောက်မှ ရှုတ်ချခြင်းသဘောသို့ ရောက်ငြားအံ့ဟူသည် သံဃာသည် သမုတ်အပ်သော နေရာခင်းသော ရဟန်းအားသော်လည်းကောင်း၊ ဆွမ်းညွှန်းသော ရဟန်းအားသော်လည်းကောင်း၊ ယာဂု ဝေငှသော ရဟန်းအားသော်လည်းကောင်း၊ သစ်သီးဝေငှသော ရဟန်းအားသော်လည်းကောင်း၊ ခဲဖွယ် ဝေငှသော ရဟန်းအားသော်လည်းကောင်း၊ အနည်းငယ်မျှကို စွန့် 'ဝေငှ'သော ရဟန်းအားသော်လည်းကောင်း သင်္ကန်း ကို ပေးလှူသည် ရှိသော် ရှုတ်ချအံ့၊ ပါစိတ်အာပတ် သင့်၏။
၄၈၇။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ သင်္ကန်းပေးလှူသည် ရှိသော် ရှုတ်ချအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ သင်္ကန်းပေးလှူသည် ရှိသော် ရှုတ်ချအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည် ဖြစ်၍ သင်္ကန်းပေးလှူသည် ရှိသော် ရှုတ်ချအံ့၊ ပါစိတ်အာပတ် သင့်၏။
တစ်ပါးသော ပရိက္ခရာကို ပေးလှူသည် ရှိသော် ရှုတ်ချအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နေရာခင်း ဆွမ်းညွှန်း ယာဂုဝေ သစ်သီးဝေ ခဲဖွယ်ဝေ အနည်းငယ်မျှကို စွန့်သော၊ သံဃာသည် မသမုတ်အပ်သော ရဟန်းအား သင်္ကန်းကိုသော်လည်းကောင်း၊ အခြားသော ပရိက္ခရာကိုသော်လည်း ကောင်း ပေးလှူသည် ရှိသော် ရှုတ်ချအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နေရာခင်း ဆွမ်းညွှန်း ယာဂုဝေ သစ်သီးဝေ ခဲဖွယ်ဝေ အနည်းငယ်မျှကို စွန့်သော၊ သံဃာသည် သမုတ်အပ်သော ရဟန်းမဟုတ်သူအားသော်လည်းကောင်း၊ မသမုတ်အပ်သော ရဟန်းမဟုတ်သူအားသော် လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း၊ အခြားပရိက္ခရာကိုသော်လည်းကောင်း ပေးလှူသည် ရှိသော် ရှုတ်ချအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၄၈၈။ ပကတိသဘောအားဖြင့် ချစ်ခြင်းကြောင့် မုန်းခြင်းကြောင့် တွေဝေခြင်းကြောင့် ကြောက်ခြင်း ကြောင့် ပြုသည်ကို ''ထိုရဟန်းအား ပေးလှူသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရသော်လည်း ဖျက်ဆီး လတ္တံ့၊ ကောင်းစွာ မဆောင်လတ္တံ့''ဟု ရှုတ်ချအံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဧကာဒသမ ဒုဗ္ဗလသိက္ခာပုဒ် ပြီး၏။