၁၁၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
သတ္တရသဝဂ္ဂီရဟန်းတို့သည် အဆွေခင်ပွန်း ဖြစ်ကုန် ၏။
ထိုရဟန်းတို့သည် နေသောအခါလည်း အတူသာလျှင် နေကုန်၏၊ ဖဲသွားသောအခါလည်း အတူသာ့လျှင် ဖဲသွားကုန်၏၊
ထိုရဟန်းတို့သည် မထင်ရှားသော သံဃိကကျောင်းတစ်ကျောင်း၌ အိပ်ရာနေရာကို ခင်း၍ ဖဲသွားကုန်သော် ထိုအိပ်ရာနေရာကို မသိမ်းကုန်၊ မသိမ်းစေကုန်၊ မပန်ကြားမူ၍သော်လည်း ဖဲသွားကုန်၏၊
အိပ်ရာနေရာကို ခြတို့သည် ကိုက်ခဲကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''သတ္တရသဝဂ္ဂီရဟန်းတို့သည် သံဃိကကျောင်း၌ အိပ်ရာနေရာကို ခင်း၍ ဖဲသွားကုန်သော် ထိုအိပ်ရာနေရာကို အဘယ့်ကြောင့် မသိမ်းကုန်ဘိသနည်း၊ မသိမ်းစေကုန်ဘိသနည်း၊ မပန်ကြားမူ၍သော်လည်း ဖဲသွားကုန်ဘိသနည်း၊ အိပ်ရာနေရာကို ခြတို့သည် ကိုက်ခဲကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ထိုအခါ ထိုရဟန်းတို့သည် သတ္တရသဝဂ္ဂီရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင် ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။
''ရဟန်းတို့ သတ္တရသဝဂ္ဂီရဟန်းတို့သည် သံဃိကကျောင်း၌ အိပ်ရာနေရာကို ခင်း၍ ဖဲသွားကုန် သော် ထိုအိပ်ရာနေရာကို မသိမ်းကုန် မသိမ်းစေကုန် မပန်ကြားမူ၍သော်လည်း ဖဲသွားကုန်၏၊ အိပ်ရာ နေရာကို ခြတို့သည် ကိုက်ခဲကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။
ရဟန်းတို့ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့သည် သံဃိကကျောင်း၌ အိပ်ရာ နေရာကို ခင်း၍ ဖဲသွားကုန်သော် ထိုအိပ်ရာနေရာကို အဘယ့်ကြောင့် မသိမ်းကုန်ဘိသနည်း၊ မသိမ်းစေ ကုန်ဘိသနည်း၊ မပန်ကြားမူ၍သော်လည်း ဖဲသွားကုန်ဘိသနည်း၊ အိပ်ရာနေရာကို ခြတို့သည် ကိုက်ခဲကုန်၏။
ရဟန်းတို့ ဤ (သင်တို့ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေ ခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၁၁၅။ ''အကြင်ရဟန်းသည် သံဃိကကျောင်း၌ အိပ်ရာနေရာကို ခင်း၍ သော်လည်းကောင်း၊ ခင်းစေ၍သော်လည်းကောင်း ဖဲသွားသော် ထိုအိပ်ရာနေရာကို မသိမ်းငြားအံ့၊ မသိမ်းစေ ငြားအံ့၊ မပန်ကြားမူ၍သော်လည်း ဖဲသွားငြားအံ့၊ (ထို ရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
သံဃိကကျောင်း မည်သည် သံဃာအား ပေးလှူအပ် စွန့်လှူအပ်သော ကျောင်းတည်း။
အိပ်ရာနေရာ မည်သည် ဘုံလျှို ပုဆိုးအခင်း အပေါ်လွှမ်းအခင်း မြေအခင်း ဖျာကြမ်းအခင်း သားရေပိုင်းအခင်း နေရာထိုင် နိသီဒိုင်အခင်း အိပ်ရာအခင်း မြက်အခင်း သစ်ရွက်အခင်းတည်း။
ခင်း၍ဟူသည် ကိုယ်တိုင် ခင်း၍။
ခင်းစေ၍ဟူသည် သူတစ်ပါးကို ခင်းစေ၍။
ဖဲသွားသော် ထိုအိပ်ရာ နေရာကို မသိမ်းငြားအံ့ဟူသည် ကိုယ်တိုင် မသိမ်းငြားအံ့။
မသိမ်းစေငြားအံ့ဟူသည် သူတစ်ပါးကို မသိမ်းစေငြားအံ့။
မပန်ကြားမူ၍သော်လည်း ဖဲသွားငြားအံ့ဟူသည် ရဟန်းကိုသော်လည်းကောင်း၊ သာမဏေ ကိုသော်လည်းကောင်း၊ အရံစောင့်ကိုသော်လည်းကောင်း မပန်ကြားမူ၍ ဝင်းခြံရှိသော ကျောင်းအရံ၌ ဝင်းခြံကို လွန်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
ဝင်းခြံမရှိသော ကျောင်းအရံ၌ ကျောင်းဥပစာကို လွန်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
သံဃိကပစ္စည်း၌ သံဃိကပစ္စည်းဟု အမှတ်ရှိသည်ဖြစ်၍ အိပ်ရာနေရာကိုခင်း၍သော်လည်းကောင်း၊ ခင်းစေ၍သော်လည်းကောင်း ဖဲသွားသော် ထိုအိပ်ရာနေရာကို မသိမ်းငြားအံ့၊ မသိမ်းစေငြားအံ့၊ မပန်ကြား မူ၍သော်လည်း ဖဲသွားအံ့၊ ပါစိတ်အာပတ် သင့်၏။
သံဃိကပစ္စည်း၌ ယုံမှားရှိသည်ဖြစ်၍ အိပ်ရာနေရာကို ကိုယ်တိုင်ခင်း၍သော်လည်းကောင်း၊ သူတစ်ပါးကို ခင်းစေ၍သော်လည်းကောင်း ဖဲသွားသော် ထိုအိပ်ရာနေရာကို မသိမ်းငြားအံ့၊ မသိမ်းစေငြား အံ့၊ မပန်ကြားမူ၍သော်လည်း ဖဲသွားအံ့၊ ပါစိတ်အာပတ် သင့်၏။
သံဃိကပစ္စည်း၌ ပုဂ္ဂလိကပစ္စည်းဟု အမှတ်ရှိသည် ဖြစ်၍ အိပ်ရာနေရာကို ကိုယ်တိုင်ခင်း၍သော် လည်းကောင်း၊ သူတစ်ပါးကို ခင်းစေ၍သော်လည်းကောင်း ဖဲသွားသော် ထိုအိပ်ရာနေရာကို မသိမ်း ငြားအံ့၊ မသိမ်းစေငြားအံ့၊ မပန်ကြားမူ၍သော်လည်း ဖဲသွားအံ့၊ ပါစိတ်အာပတ် သင့်၏။
၁၁၇။ ကျောင်း၏ ဥပစာ၌သော်လည်းကောင်း၊ စည်းဝေးရာ ဇရပ်၌သော်လည်းကောင်း၊ မဏ္ဍပ်၌ သော်လည်းကောင်း၊ သစ်ပင်ရင်း၌သော်လည်းကောင်း၊ အိပ်ရာနေရာကို ခင်း၍သော်လည်းကောင်း၊ ခင်းစေ၍သော်လည်းကောင်း ဖဲသွားသော် ထိုအိပ်ရာ နေရာကို မသိမ်းငြားအံ့၊ မသိမ်းစေငြားအံ့၊ မပန်ကြားမူ၍သော်လည်း ဖဲသွားအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
ကျောင်း၌သော်လည်းကောင်း၊ ကျောင်း၏ ဥပစာ၌သော်လည်းကောင်း၊ စည်းဝေးရာ ဇရပ်၌သော် လည်းကောင်း၊ မဏ္ဍပ်၌သော်လည်းကောင်း၊ သစ်ပင်ရင်း၌သော်လည်းကောင်း၊ ညောင်စောင်း အင်းပျဉ်ကို ခင်း၍သော်လည်းကောင်း၊ ခင်းစေ၍သော်လည်းကောင်း ဖဲသွားသော် ထိုညောင်စောင်း အင်းပျဉ်ကို မသိမ်း ငြားအံ့၊ မသိမ်းစေငြားအံ့၊ မပန်ကြားမူ၍သော်လည်း ဖဲသွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပုဂ္ဂလိကပစ္စည်း၌ သံဃိကပစ္စည်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပုဂ္ဂလိကပစ္စည်း၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပုဂ္ဂလိကပစ္စည်းကို ပုဂ္ဂလိကပစ္စည်းဟု အမှတ်ရှိရာ၌ သူတစ်ပါး၏ ပုဂ္ဂလိက 'သူတစ်ပါးပိုင်' ပစ္စည်း ဖြစ်မူ ဒုက္ကဋ်အာပတ် သင့်၏။
မိမိ၏ ပုဂ္ဂလိက 'ကိုယ်ပိုင်' ပစ္စည်းဖြစ်မူ အာပတ် မသင့်။
၁၁၈။ သိမ်းဆည်း၍ ဖဲသွားအံ့၊ သိမ်းဆည်းစေ၍ ဖဲသွားအံ့၊ ပန်ကြား၍ ဖဲသွားအံ့၊ တစ်စုံတစ်ခုသော ဘေးရန်အနှောက်အယှက် ရှိအံ့၊ (ယနေ့လာပြီး သိမ်းဆည်းအံ့ဟု) ငဲ့ကွက်ခြင်းဖြင့် သွား၍ ထိုရောက်ရာ အရပ်၌ (ခရီးဆက်လိုပြန်သဖြင့်) ရပ်လျက် (တစ်စုံတစ်ယောက်ကို စေလွှတ်၍) ပန်ကြားအံ့၊ တစ်စုံ တစ်ရာသော ဘေးဥပဒ် အနှောင့်အယှက် ရှိအံ့ 'ပြန်မလာနိုင်အံ့'၊ ဘေးရန်ဥပဒ်ဖြစ်ပေါ်လာသဖြင့် မရုပ်သိမ်းဘဲ သွားအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အား လည်း အာပတ် မသင့်။
ပဉ္စမ ဒုတိယသေနာသနသိက္ခာပုဒ် ပြီး၏။