၃၇၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
သတ္တရသဝဂ္ဂီရဟန်းတို့သည် သင်္ကန်းစသော ပရိက္ခရာ 'အသုံးအဆောင်' တို့ကို မသိမ်းဆည်းကုန်။
ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီရဟန်းတို့၏ သပိတ် သင်္ကန်းတို့ကို ဝှက်ထားကုန်၏။
သတ္တရသဝဂ္ဂီရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို ''ငါ့သျှင်တို့ အကျွန်ုပ်တို့၏ သပိတ်သင်္ကန်းတို့ကို ပေးကုန်လော့''ဟု ဆိုကုန်၏၊
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရယ်ကုန်၏၊ ထိုသတ္တရသဝဂ္ဂီရဟန်းတို့သည် ငိုကုန်၏၊
ရဟန်းတို့သည် ''ငါ့သျှင်တို့ သင်တို့သည် အဘယ့်ကြောင့် ငိုကုန်ဘိသနည်း''ဟု မေးကုန်၏။
ငါ့သျှင်တို့ ဤဆဗ္ဗဂ္ဂီရဟန်းတို့သည် အကျွန်ုပ်တို့၏ သပိတ်သင်္ကန်းတို့ကို ဝှက်ထားကုန်၏ဟု ဖြေဆိုကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းတို့၏ သပိတ် သင်္ကန်းတို့ကို ဝှက်ထားကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ သင်တို့သည် ရဟန်းတို့၏ သပိတ်သင်္ကန်းကို ဝှက်ထားကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် ရဟန်းတို့၏ သပိတ် သင်္ကန်းတို့ကို ဝှက်ထားကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း''။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၃၇၈။ ''အကြင်ရဟန်းသည် ရဟန်း၏ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း၊ နိသီဒိုင်အခင်းကိုသော်လည်းကောင်း၊ အပ်ကျည် 'အပ်ဘူး'ကိုသော်လည်းကောင်း၊ ခါးပန်းကြိုးကိုသော်လည်းကောင်း ဝှက်မူလည်း ဝှက်ထားငြားအံ့၊ ဝှက်ထားစေ မူလည်း ဝှက်ထားစေငြားအံ့၊ အယုတ်သဖြင့် ရယ်မြူး လိုသည်ဖြစ်၍လည်း ဝှက်ထားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၁၀-စီဝရအပနိဓာနသိက္ခာပုဒ် အဖွင့်
၃၇၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်သည်။
ရဟန်း၏ဟူသည် တစ်ပါးသော ရဟန်း၏။
သပိတ် မည်သည် သံသပိတ်၊ မြေသပိတ်ဟူ၍ သပိတ်နှစ်မျိုးရှိ၏။
သင်္ကန်း မည်သည် သင်္ကန်းခြောက်ထည်တို့တွင် အယုတ်ဆုံး ဝိကပ္ပနာလောက်သော တစ်ထည် ထည်သော သင်္ကန်းတည်း။
နိသီဒိုင်အခင်း မည်သည် အမြိတ်အဆာရှိသော အခင်းကို ဆို၏။
အပ်ကျည် မည်သည် အပ်ရှိသော အပ်ကျည်၊ အပ် မရှိသော အပ်ကျည်တည်း။
ခါးပန်းကြိုး မည်သည် ပုဆိုးဖြင့် ပြုအပ်သော ခါးပန်းကြိုးပြား၊ ဝက်အူခါးပန်းကြိုးလုံးဟူ၍ ခါးပန်းကြိုး နှစ်မျိုးရှိ၏။
ဝှက်ထားငြားအံ့ဟူသည် ကိုယ်တိုင် ဝှက်ထားငြားအံ့၊ ပါစိတ်အာပတ် သင့်၏၊
ဝှက်ထားစေငြားအံ့ဟူသည် သူတစ်ပါးကို စေခိုင်းအံ့၊ ပါစိတ်အာပတ် သင့်၏၊
တစ်ကြိမ်သာ စေခိုင်းပါလျက် အကြိမ်များစွာ ဝှက်ထားအံ့၊ ပါစိတ်အာပတ် သင့်၏။
အယုတ်သဖြင့် ရယ်မြူးလိုသည် ဖြစ်၍လည်းဟူသည် မြူးတူးပျော်ပါး ကစားလို၍။
၃၈၀။ ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ သပိတ်သင်္ကန်း နိသီဒိုင်အခင်း အပ်ကျည် ခါးပန်းကြိုး (တစ်ခုခု) ကို အယုတ်သဖြင့် ရယ်မြူးလိုသည်ဖြစ်၍သော်လည်း ဝှက်ထားမူလည်း ဝှက်ထားအံ့၊ ဝှက်ထားစေမူလည်း ဝှက်ထားစေငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ယုံမှားသည် ဖြစ်၍။ပ။ ရဟန်း၌ ရဟန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ သပိတ်သင်္ကန်း နိသီဒိုင်အခင်း အပ်ကျည် ခါးပန်းကြိုး (တစ်ခုခု) ကို ရယ်မြူးလိုသည်ဖြစ်၍သော်လည်း ဝှက်ထားမူလည်း ဝှက်ထားအံ့၊ ဝှက်ထားစေမူလည်း ဝှက်ထားစေငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
အခြားသော ပရိက္ခရာ 'အသုံးအဆောင်'ကို အယုတ်သဖြင့် ရယ်မြူးလိုသည်ဖြစ်၍သော်လည်း ဝှက် ထားမူလည်း ဝှက်ထားအံ့၊ ဝှက်ထားစေမူလည်း ဝှက်ထားစေငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူ၏ သပိတ်ကိုဖြစ်စေ၊ သင်္ကန်းကိုဖြစ်စေ၊ အခြားပရိက္ခရာကိုဖြစ်စေ အယုတ်သဖြင့် ရယ်မြူးလိုသည်ဖြစ်၍သော်လည်း ဝှက်ထားမူလည်း ဝှက်ထားအံ့၊ ဝှက်ထားစေမူလည်း ဝှက်ထားစေငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူ၌ ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
ရဟန်းမဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
ရဟန်းမဟုတ်သူ၌ ရဟန်းမဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၃၈၁။ ရယ်မြူးလိုသော သဘောမရှိဘဲ သိမ်းဆည်းထားအံ့၊ မကောင်းသဖြင့် ထားသည်ကို သိမ်းဆည်းထားအံ့၊ ''တရားဟောပြီးမှ ပေးအံ့''ဟု နှလုံးပိုက်၍ သိမ်းဆည်းထားအံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒသမ စီဝရအပနိဓာနသိက္ခာပုဒ် ပြီး၏။
ဆဋ္ဌ သုရာပါနဝဂ် ပြီး၏။
သုရာပါနသိက္ခာပုဒ်၊ အဂုင်္လိပတောဒကသိက္ခာပုဒ်၊ ဥဒကဟသဓမ္မသိက္ခာပုဒ်၊ အနာ ဒရိယသိက္ခာပုဒ်၊ ဘိံသာပနသိက္ခာပုဒ်၊
ဇောတိသမာဒဟနသိက္ခာပုဒ်၊ နှာနသိက္ခာပုဒ်၊ ဒုဗ္ဗဏ္ဏကရဏ သိက္ခာပုဒ်၊ အပနိဓာနသိက္ခာပုဒ်နှင့် ကိုယ်တိုင်ဝိကပ္ပနာပြု၍ ပစ္စုဒ္ဓိုရ် မပြုဘဲ သုံးဆောင်သော သိက္ခာပုဒ်။
ဤကား အကျဉ်းချုပ်တည်း။