Issues
ເລືອກເວີຊັນ
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

7. Nahānasikkhāpadaṃ

ຜູ້ຂຽນ: my-tipitaka @ visuddhinanda

၃၅၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ရဟန်းတို့သည် တပေါဒါမြစ်၌ ရေချိုးကြကုန်၏။
ထိုအခါ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းသည် ''ဦးခေါင်းနှင့်တကွ ရေချိုးအံ့ 'ခေါင်းဆေးမင်္ဂလာပြုအံ့'''ဟု တပေါဒါမြစ်သို့ သွား၍
''အသျှင်တို့သည် ရေချိုး၍ မပြီးကုန်သေး''ဟု တစ်ခုသော အရပ်၌ ငံ့လင့်၍ နေ၏၊
ရဟန်းတို့သည် မိုးချုပ်သည်တိုင်အောင် ရေချိုးနေကုန်၏။
ထိုအခါ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းသည် အခါမဲ့ 'မိုးချုပ်မှ' ဦးခေါင်းနှင့်တကွ ရေချိုး 'ခေါင်းဆေးမင်္ဂလာ' ပြုပြီးလျှင် မြို့တံခါး ပိတ်ထားနှင့်သောကြောင့် မြို့၏ အပ၌ နေ၍ လိမ်းကျံ့ထားသော နံ့သာပျောင်း မပျက်သေးဘဲ နံနက်စောစော၌ပင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍
ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေစဉ်
မြတ်စွာဘုရားသည်-
''မင်းကြီး သင်သည် အဘယ့်ကြောင့် လိမ်းကျံထားသော နံ့သာပျောင်း မပျက်သေးဘဲလျက် နံနက် စောစော၌ပင် လာသနည်း''ဟု မိန့်တော်မူ၏။
ထိုအခါ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။
ထိုအခါ မြတ်စွာဘုရားသည် မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းကြီးအား (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေပြီးသော်
မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းကြီးသည် နေရာမှ ထ၍ မြတ်စွာ ဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ဖဲခွါသွားလေ၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းအပေါင်းကို စည်းဝေးစေ၍ ရဟန်းတို့ကို-
''ရဟန်းတို့ မင်းကို မြင်လျက်လည်း အတိုင်းအရှည်ကို မသိဘဲ ရဟန်းများ ရေချိုးကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ထိုယောက်ျားတို့သည် အဘယ့်ကြောင့် မင်းကို မြင်လျက်လည်း အတိုင်းအရှည်ကို မသိဘဲ ရေချိုးကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ထိုရဟန်းတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(က) ''အကြင်ရဟန်းသည် လခွဲ 'တစ်ဆယ့်ငါးရက်'အတွင်း၌ ရေချိုးငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့)ဟု မိန့်တော်မူ၏။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၃၅၈။ ထိုအခါ ရဟန်းတို့သည် ပူသောအခါ အိုက်သောအခါ၌ မအပ်ဟု တွေးတောမှု 'သံသယ ကုက္ကုစ္စ' ရှိသည်ဖြစ်၍ ရေမချိုးကုန်၊ ချွေးယိုစီးသော ကိုယ်ဖြင့် အိပ်သောကြောင့် သင်္ကန်းနှင့် အိပ်ရာ နေရာတို့သည် ပျက်စီးကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတု့ိ ပူသောအခါ အိုက်သော အခါဝယ် လခွဲ 'တစ်ဆယ့်ငါးရက်' အတွင်း၌ ရေချိုးစိမ့်သောငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(ခ) ''အကြင်ရဟန်းသည် အချိန်အခါကို ကြဉ်၍ လခွဲ 'တစ်ဆယ့်ငါးရက်' အတွင်း၌ ရေချိုးငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။
ထိုရေချိုးရာ၌ ဤဆိုလထ္တံ့ သည်ကား အချိန်အခါတည်း၊
နွေလတို့၏ ကြွင်းသော တစ်လခွဲ၊၁ မိုးဥတု၏ ရှေးဦးစွာ သော တစ်လ၊၂ ထိုနှစ်လခွဲတည်းဟူသော ပူသောအခါ, အိုက်သောအခါ၊ ဤကား ထိုရေချိုးရာ၌ အချိန်အခါတည်း'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၃၅၉။ ထိုအခါ ရဟန်းတို့သည် နာဖျားကုန်၏၊
သူနာမေးသော ရဟန်းတို့သည် နာဖျားသော ရဟန်းတို့ကို
''ငါ့သျှင်တို့ ခံ့ကျန်းပါ၏လော၊ မျှတပါ၏လော''ဟု မေးကုန်၏။
ငါ့သျှင်တို့ ငါတို့သည် ရှေးအခါက လခွဲအတွင်း၌ ရေချိုးရကုန်၏။ ထို့ကြောင့် ငါတို့အား ချမ်းသာ၏၊
ယခုအခါ၌ကား ''မြတ်စွာဘုရားသည် ရေချိုးခြင်းကို တားမြစ်တော်မူသောကြောင့် မအပ်''ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိသည်ဖြစ်၍ ရေမချိုးကြကုန်၊ ထို့ကြောင့် ငါတို့အား မချမ်းသာပါဟု ပြောဆိုကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ နာဖျားသော ရဟန်းအား လခွဲ 'တစ်ဆယ့်ငါးရက်' အတွင်း၌ ရေချိုးခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(ဂ) ''အကြင်ရဟန်းသည် အချိန်အခါကို ကြဉ်၍ လခွဲ 'တစ်ဆယ့်ငါးရက်' အတွင်း၌ ရေချိုးငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။
ထိုရေချိုးရာ၌ ဤဆိုလထ္တံ့ သည်ကား အချိန်အခါတည်း၊
နွေလတို့၏ ကြွင်းသော တစ်လခွဲ၊ မိုးဥတု၏ ရှေးဦးစွာ သော တစ်လ၊ ထိုနှစ်လခွဲတည်းဟူသော ပူသော အခါ, အိုက်သောအခါ, နာဖျားသော အခါ၊ ဤကား ထိုရေချိုးရာ၌ အချိန်အခါတည်း'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၃၆၀။ ထိုအခါ ရဟန်းတို့သည် အလုပ်သစ်ကို ပြုလုပ်ပြီးနောက် မအပ်ဟု တွေးတောမှု 'သံသယ ကုက္ကုစ္စ' ရှိသည်ဖြစ်၍ ရေမချိုးကြကုန်။
ထိုရဟန်းတို့သည် ချွေးယိုစီးသော ကိုယ်ဖြင့် အိပ်ကြသောကြောင့်
သင်္ကန်းနှင့် ကျောင်းအိပ်ရာနေရာတို့သည် ပျက်စီးကုန်၏၊
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက် ကြကုန်၏။ပ။ ''ရဟန်းတို့ အလုပ်လုပ်သောအခါ လခွဲ 'တစ်ဆယ့်ငါးရက်' အတွင်း၌ ရေချိုးခြင်းငှါ ခွင့်ပြု တော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(ဃ) ''အကြင်ရဟန်းသည် လခွဲ 'တစ်ဆယ့်ငါးရက်' အတွင်း၌ အချိန်အခါကို ကြဉ်၍ ရေချိုးငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။
ထိုရေချိုးရာ၌ ဤဆိုလထ္တံ့ သည်ကား အချိန်အခါတည်း၊
နွေလတို့၏ ကြွင်းသော တစ်လခွဲ၊ မိုးဥတု၏ ရှေးဦးစွာ သော တစ်လ၊ ထိုနှစ်လခွဲတည်းဟူသော ပူသောအခါ, အိုက်သောအခါ, နာဖျားသော အခါ, အလုပ်လုပ်သောအခါ၊ ဤကား ထိုရေချိုးရာ၌ အချိန်အခါတည်း'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၃၆၁။ ထိုအခါ ရဟန်းတို့သည် ခရီ်းရှည်သွားပြီးနောက် မအပ်ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိသည်ဖြစ်၍ ရေမချိုးကြကုန်။
ထိုရဟန်းတို့သည် ချွေးယိုစီးသော ကိုယ်ဖြင့် အိပ်ကြသောကြောင့်
သင်္ကန်းနှင့် ကျောင်းအိပ်ရာနေရာတို့သည် ပျက်စီးကုန်၏၊
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက် ကြကုန်၏။ပ။ ''ရဟန်းတို့ ခရီးရှည်သွားသော အခါဝယ် လခွဲ 'တစ်ဆယ့်ငါးရက်' အတွင်း၌ ရေချိုးခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(င) ''အကြင်ရဟန်းသည် အချိန်အခါကို ကြဉ်၍ လခွဲ 'တစ်ဆယ့်ငါးရက်' အတွင်း၌ ရေချိုးငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။
ထိုရေချိုးရာ၌ ဤဆိုလထ္တံ့ သည်ကား အချိန်အခါတည်း၊
နွေလတို့၏ ကြွင်းသော တစ်လခွဲ မိုးဥတု၏ ရှေးဦးစွာ သော တစ်လ ထိုနှစ်လခွဲ တည်းဟူသော ပူသောအခါ, အိုက်သောအခါ, နာဖျားသော အခါ, အလုပ်လုပ်သောအခါ, ခရီးရှည် သွားသောအခါ၊ ဤကား ထိုရေချိုးရာ၌ အချိန်အခါတည်း'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၃၆၂။ ထိုအခါ များစွာသော ရဟန်းတို့သည် လွင်ပြင်၌ သင်္ကန်းချုပ်ကုန်သည် ရှိသော် မြူနှင့်တကွ သော လေဖြင့် ပြွမ်းကုန်၏။
မိုးသည်လည်း အနည်းငယ် အနည်းငယ် စွတ်၏။
ရဟန်းတို့သည် မအပ်ဟု တွေးတောမှု သံသယကုက္ကုစ္စ' ရှိသည်ဖြစ်၍ ရေမချိုးကြကုန်။ စွတ်စိုသော ကိုယ်ဖြင့် အိပ်ကြသောကြောင့် သင်္ကန်းနှင့် ကျောင်းအိပ်ရာနေရာတို့သည် ပျက်စီးကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက် ကြကုန်၏။ပ။ ''ရဟန်းတို့ လေပြင်းထ၍ မိုးကျသော အခါဝယ် လခွဲ 'တစ်ဆယ့်ငါးရက်' အတွင်း၌့ရေချိုး ခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၃၆၃။ ''အကြင်ရဟန်းသည် အချိန်အခါကို ကြဉ်၍ လခွဲ 'တစ်ဆယ့်ငါးရက်' အတွင်း၌ ရေချိုးငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။
ထိုရေချိုးရာ၌ ဤဆိုလတ္တံ့သည်ကား အချိန်အခါတည်း၊
နွေလတို့၏ ကြွင်းသော တစ်လခွဲ၊ မိုးဥတု၏ ရှေးဦးစွာသော တစ်လ၊ ထိုနှစ်လခွဲတည်းဟူသော ပူသောအခါ, အိုက်သောအခါ, နာဖျားသောအခါ, အလုပ်လုပ်သော အခါ, ခရီးရှည်သွားသောအခါ, လေပြင်းထ၍ မိုးကျသောအခါ၊ ဤကား ထိုရေချိုးရာ၌ အချိန် အခါတည်း'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၃၆၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
လခွဲအတွင်း၌ဟူသည် လဝက်အောက် ယုတ်လျော့သည်၌။
ရေချိုးငြားအံ့ဟူသည် ကသယ်မှုန့်ဖြင့်လည်းကောင်း၊ မြေညက်ဖြင့်လည်းကောင်း ရေချိုးအံ့၊ လုံ့လ ပြုတိုင်း လုံ့လပြုတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
ရေချိုးပြီးသည်၏ အဆုံး၌ ပါစိတ်အာပတ် သင့်၏။
အချိန်အခါကို ကြဉ်၍ဟူသည် အချိန်အခါကို ဖယ်ထား၍။
ပူသောအခါ မည်သည် နွေလတို့၏ ကြွင်းသော တစ်လခွဲတည်း။
အိုက်သောအခါ မည်သည် မိုးဥတု၏ ရှေးဦးစွာ တစ်လတည်း၊ ထိုနှစ်လခွဲတို့သည် ''ပူသောအခါ, အိုက်သောအခါ မည်၏''ဟု (နှလုံးသွင်း၍) ရေချိုးအပ်၏။
နာဖျားသောအခါ မည်သည် အကြင်ရဟန်းအား ရေချိုးခြင်းနှင့် ကင်း၍ ချမ်းသာမှု မဖြစ်အံ့၊
''နာဖျားသောအခါ''ဟု (နှလုံးသွင်း၍) ရေချိုးအပ်၏။
အလုပ်လုပ်သောအခါ မည်သည် အယုတ်သဖြင့် ပရိဝုဏ်ကိုသော်လည်း တံမြက်လှည်းအံ့၊
''အလုပ် လုပ်သောအခါ''ဟု (နှလုံးသွင်း၍) ရေချိုးအပ်၏။
ခရီးရှည်သွားသောအခါ မည်သည် ယူဇနာဝက် ခရီးသွားအံ့ဟု (နှလုံးသွင်း၍) ရေချိုးအပ်၏၊ သွားဆဲ သွားပြီးသော ရဟန်းသည် ရေချိုးအပ်၏။
လေပြင်းထ၍ မိုးကျသောအခါ မည်သည် ရဟန်းတို့သည် မြူနှင့်တကွသော လေဖြင့် ပြွမ်းကုန်အံ့ နှစ်ခုသုံးခုသော မိုးရေပေါက်တို့သည် ကိုယ်၌ ကျကုန်အံ့၊
''လေပြင်းထ၍ မိုးကျသောအခါ''ဟု (နှလုံးသွင်း၍) ရေချိုးအပ်၏။
၃၆၅။ လဝက်အောက် ယုတ်လျော့သည်၌ လဝက်အောက် ယုတ်လျော့၏ဟု အမှတ်ရှိသည် ဖြစ်၍ အခါကို ဖယ်ထားလျက် ရေချိုးအံ့၊ ပါစိတ်အာပတ် သင့်၏။
လဝက်အောက် ယုတ်လျော့သည်၌ ယုံမှား ရှိသည် ဖြစ်၍ အခါကို ဖယ်ထားလျက် ရေချိုးအံ့၊ ပါစိတ်အာပတ် သင့်၏။
လဝက်အောက် ယုတ်လျော့ သည်၌ လွန်၏ဟု အမှတ်ရှိသည် ဖြစ်၍ အခါကို ဖယ်ထားလျက် ရေချိုးအံ့၊ ပါစိတ်အာပတ် သင့်၏။
လဝက်ထက် ပိုလွန်သည်၌ ယုတ်လျော့၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
လဝက်ထက် ပိုလွန်သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
လဝက်ထက် ပိုလွန်သည်၌ ပိုလွန်၏ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၃၆၆။ အချိန်အခါ၌ ရေချိုးအံ့၊ လဝက်၌ ရေချိုးအံ့၊ လဝက်လွန်မှ ရေချိုးအံ့၊ မြစ်ကမ်းတစ်ဖက်သို့ သွားသောကြောင့် ရေချိုးအံ့၊ အလုံးစုံသော ပစ္စန္တရစ် ဇနပုဒ်တို့၌ ရေချိုးအံ့၊ အာပတ် မသင့်၊ ဘေးရန်တို့ ကြောင့် ရေချိုးအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်းအာပတ် မသင့်။
သတ္တမ နှာနသိက္ခာပုဒ် ပြီး၏။ ၁။ တစ်လခွဲ = ကဆုန်လကွယ်နေ့မှ ဝါဆိုလပြည့်နေ့အထိ။ ၂။ တစ်လ = ဝါဆိုလပြည့်ကျော်တစ်ရက်မှ ဝါခေါင်လပြည့်နေ့အထိ။