၁၆၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ရဟန်းတစ်ပါးသည် သာဝတ္ထိပြည်တွင် ခရီးလမ်းမ တစ်ခု၌ ဆွမ်းအလို့ငှါ လှည့်လည်၏၊
တစ်ပါးသော ရဟန်းမိန်းမသည်လည်း ထိုခရီးလမ်းမ၌ ဆွမ်းအလို့ငှါ လှည့်လည်၏၊
ထိုအခါ ထိုရဟန်းသည် ထိုရဟန်းမိန်းမအား
''နှမ သွားချေ၊ ဤမည်သော အရပ်၌ ဆွမ်း လောင်းလှူ၏''ဟု ဆို၏။
ထိုရဟန်းမိန်းမသည်လည်း
''အသျှင်ဘုရား သွားပါချေ၊ ဤမည်သော အရပ်၌ ဆွမ်းလောင်းလှူ၏''ဟု ဆို၏၊
ထိုရဟန်းယောက်ျား ရဟန်းမိန်းမတို့သည် မပြတ်တွေ့မြင်သဖြင့် မြင်ဖူး တွေ့ဖူးသော အဆွေခင်ပွန်း ဖြစ်ကြကုန်၏။
ထိုအခါ သံဃာသည် သင်္ကန်းကို ဝေဖန်၏။
ထိုအခါ ထိုရဟန်းမိန်းမသည် အဆုံးအမခံရာသို့ သွား၍ ထိုရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင်
ထိုရဟန်းကို ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်တည်၏၊
တစ်ခုသော နေရာ၌ ရပ်တည်သော ထိုရဟန်းမိန်မကို ထိုရဟန်းသည်
''နှမ ငါ၏ အဖို့ 'ဝေစု' ဖြစ်သော သင်္ကန်းကို
သာယာလတ္တံ့လော''ဟု ဆို၏၊
အသျှင်ဘုရား သာယာပါအံ့၊ တပည့်တော်မသည် ညစ်နွမ်းသော သင်္ကန်း ရှိပါ၏ဟု ဆို၏။
ထိုအခါ ထိုရဟန်းသည် ထိုရဟန်းမိန်းမအား သင်္ကန်းကို ပေး၏၊
ထိုရဟန်းသည်လည်း ညစ်နွမ်း သော သင်္ကန်း ရှိ၏။
ရဟန်းတို့သည် ထိုရဟန်းကို
''ငါ့သျှင် ယခုအခါ၌ သင်၏ သင်္ကန်းကို ပြုလော့''ဟု ဆိုကြကုန်၏။
ထိုအခါ ထိုရဟန်းသည် ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ရဟန်းသည် ရဟန်းမိန်မအား သင်္ကန်းကို ပေးဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြပြောဆိုကြကုန်၏။ပ။ ''ရဟန်း သင်သည် ရဟန်းမိန်းမအား သင်္ကန်းကို ပေး၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ရဟန်း သင်နှင့် ဆွေမျိုးတော်စပ်သလော၊ ဆွေမျိုးမတော်စပ်သလောဟု (မေးတော်မူရာ) -
ဆွေမျိုးမတော်စပ်ပါ မြတ်စွာဘုရားဟု (လျှောက်၏)။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဆွေမျိုးမတော်စပ်သော ရဟန်းသည် ဆွေမျိုး မတော်စပ်သော ရဟန်းမိန်းမအား သင်္ကန်းကို ပေးသဖြင့် သင့်တော်သည်ကိုလည်းကောင်း၊ မသင့်တော် သည်ကိုလည်းကောင်း၊ ထင်ရှားရှိသည်ကိုလည်းကောင်း၊ ထင်ရှားမရှိသည်ကိုလည်းကောင်း မသိချေ၊
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား အဘယ့်ကြောင့် သင်သည် ဆွေမျိုးမတော်စပ်သော ရဟန်း မိန်းမအား သင်္ကန်းကို ပေးဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(က) ''အကြင်ရဟန်းသည် ဆွေမျိုးမတော်စပ်သော ရဟန်းမိန်းမအား သင်္ကန်းကို ပေးငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၁၇၀။ ထိုအခါ ရဟန်းတို့သည် တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိကုန်သည်ဖြစ်၍ ရဟန်းမိန်းမ တို့အား လဲလှယ်သော သင်္ကန်းကို မပေးကုန် 'သင်္ကန်းချင်း မလဲလှယ်ကုန်'။
ရဟန်းမိန်းမတို့သည် ''အဘယ့်ကြောင့် အသျှင်ကောင်းတို့သည် ငါတို့အား လဲလှယ်သော သင်္ကန်းကို မပေးကုန်သနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆို ကြသော ထိုရဟန်းမိန်းမတို့၏ စကားကို ကြားကြသည်သာတည်း။
ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းအရာကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို ရဟန်းတို့ရဟန်းယောက်ျားအားလည်းကောင်း၊ ရဟန်းမိန်းမအားလည်းကောင်း၊ သိက္ခမာန်အားလည်းကောင်း၊ သာမဏေယောက်ျားအားလည်းကောင်း၊ သာမဏေမိန်းမအားလည်းကောင်း သီတင်းသုံးဖော်ငါးယောက် တို့အား လဲလှယ်သော သင်္ကန်းကို ပေးခြင်းငှါ 'သင်္ကန်းချင်း လဲလှယ်ခြင်းငှါ' ခွင့်ပြုတော်မူ၏၊ ရဟန်းတို့ ဤသီတင်းသုံးဖော်ငါးယောက်တို့အား သင်္ကန်းချင်းလဲလှယ်ခြင်းကို ခွင့်ပြုတော်မူ၏ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၁၇၁။ ''အကြင်ရဟန်းသည် ဆွေမျိုးမတော်စပ်သော ရဟန်း မိန်းမအား လဲလှယ်ခြင်းကို ကြဉ်၍ သင်္ကန်းကို ပေးငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏''ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၁၇၂။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည် ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ဆွေမျိုးမတော်စပ်သော မည်သည် အမိဘက်မှသော်လည်းကောင်း၊ အဖဘက်မှသော်လည်းကောင်း ဘိုးဘေးခုနစ်ဆက်တိုင်အောင် ဆွေမျိုးမတော်စပ်သော။
ရဟန်းမိန်းမ မည်သည် ဥဘတောသံဃာ၌ ပဉ္စင်းဖြစ်သော ရဟန်းမိန်းမတည်း။
သင်္ကန်း မည်သည် သင်္ကန်းခြောက်ထည်တို့တွင် နောက်ဆုံး ဝိကပ္ပနာပြုလောက်သော တစ်ထည် ထည်သော သင်္ကန်းတည်း။
လဲလှယ်ခြင်းကို ကြဉ်၍ဟူသည် လဲလှယ်ခြင်းကို ထား၍ 'လဲလှယ်သည်မှတစ်ပါး' သင်္ကန်းကို ပေးငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
၁၇၃။ ဆွေမျိုးမတော်စပ်သော ဘိက္ခုနီမ၌ ဆွေမျိုးမတော်စပ်ဟု အမှတ်ရှိသည်ဖြစ်၍ လဲလှယ်ခြင်းကို ကြဉ်၍ သင်္ကန်းကို ပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဆွေမျိုးမတော်စပ်သော ဘိက္ခုနီမ၌ ယုံမှားရှိသည်ဖြစ်၍ လဲလှယ်ခြင်းကို ကြဉ်၍ သင်္ကန်းကို ပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဆွေမျိုးမတော်စပ်သော ဘိက္ခုနီမ၌ ဆွေမျိုးတော်စပ်၏ဟု အမှတ်ရှိသည်ဖြစ်၍ လဲလှယ်ခြင်းကို ကြဉ်၍ သင်္ကန်းကို ပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
တစ်ဖက်သော သံဃာ၌ ပဉ္စင်းဖြစ်သော ရဟန်းမိန်းမအား လဲလှယ်ခြင်းကို ကြဉ်၍ သင်္ကန်းကို ပေးအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဆွေမျိုးတော်စပ်သော ဘိက္ခုနီမ၌ ဆွေမျိုးမတော်စပ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဆွေမျိုးတော်စပ်သော ဘိက္ခုနီမ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဆွေမျိုးတော်စပ်သော ဘိက္ခုနီမ၌ ဆွေမျိုးတော်စပ်၏ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၇၄။ ဆွေမျိုးတော်စပ်သော ဘိက္ခုနီမအား (ပေးအံ့)၊ အဖိုးအနည်းငယ်ထိုက်သော ဝတ္ထုဖြင့် အဖိုး အများထိုက်သော ဝတ္ထုကိုလည်းကောင်း၊ အဖိုးအများထိုက်သော ဝတ္ထုဖြင့် အဖိုးအနည်းငယ် ထိုက်သော ဝတ္ထုကိုလည်းကောင်း လဲလှယ်အံ့၊ ရဟန်းမိန်းမသည် အကျွမ်းဝင်၍ ယူအံ့၊ အခိုက်အတန့် ခေတ္တမျှယူအံ့၊ သင်္ကန်းကို ထား၍ တစ်ပါးသော ပရိက္ခရာကို ပေးအံ့၊ သိက္ခမာန်အား ပေးအံ့၊ သာမဏေမအား ပေးအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ်မသင့်။
ပဉ္စမ စီဝရဒါနသိက္ခာပုဒ် ပြီး၏။