Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

5. Bhiṃsāpanasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၃၄၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီရဟန်းတို့ကို ခြောက်လှန့်ကုန်၏၊
ခြောက်လှန့်ခံရသော ထိုသတ္တရသဝဂ္ဂီရဟန်းတို့သည် ငိုကုန်၏။
ရဟန်းတို့သည်
''ငါသျှင်တို့ သင်တို့သည် အဘယ့်ကြောင့် ငိုကုန်သနည်း''ဟု မေးကုန်၏၊
ငါ့သျှင်တို့ ဤဆဗ္ဗဂ္ဂီရဟန်းတို့သည် ငါတို့ကို ခြောက်လှန့်ကုန်၏ဟု (ဆိုကုန်၏)။
အလိုနည်းသော ရဟန်းတို့ သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းကို ခြောက်လှန့်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် ရဟန်းကို ခြောက်လှန့်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်း တော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် ရဟန်းကို ခြောက်လှန့်ကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၃၄၆။ ''အကြင်ရဟန်းသည် ရဟန်းကို ခြောက်လှန့်ငြားအံ့၊ (ထိုရဟန်းအား)၊ ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၃၄၇။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ရဟန်းကိုဟူသည် အခြားသော ရဟန်းကို။
ခြောက်လှန့်ငြားအံ့ဟူသည် ရဟန်းသည် အခြားရဟန်းကို ခြောက်လှန့်လိုသည်ဖြစ်၍ အဆင်းကို သော်လည်းကောင်း၊ အသံကိုသော်လည်းကောင်း၊ အနံ့ကိုသော်လည်းကောင်း၊ အရသာကိုသော်လည်း ကောင်း၊ အတွေ့ကိုသော်လည်းကောင်း အနီးသို့ ဆောင်အံ့၊
ထိုရဟန်းသည် ကြောက်သည်မူလည်းဖြစ်စေ မကြောက်သည်မူလည်း ဖြစ်စေ၊ ပါစိတ်အာပတ် သင့်၏။
ခိုးသူရှိသော ခရီးခဲကိုသော်လည်းကောင်း၊ သားရဲရှိသော ခရီးခဲကိုသော်လည်းကောင်း၊ မြေဖုတ် ဘီလူးရှိသော ခရီးခဲကိုသော်လည်းကောင်း ပြောကြားအံ့၊
ထိုရဟန်းသည် ကြောက်သည်မူလည်း ဖြစ်စေ မကြောက်သည်မူလည်း ဖြစ်စေ၊ ပါစိတ်အာပတ် သင့်၏။
၃၄၈။ ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ ခြောက်လှန့်အံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ယုံမှားရှိသည် ဖြစ်၍ ခြောက်လှန့်အံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ရဟန်းမဟုတ်ဟု အမှတ်ရှိ သည်ဖြစ်၍ ခြောက်လှန့်အံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူကို ခြောက်လှန့်လိုသည်ဖြစ်၍ အဆင်းကိုသော်လည်းကောင်း၊ အသံကိုသော်လည်း ကောင်း၊ အနံ့ကိုသော်လည်းကောင်း၊ အရသာကိုသော်လည်းကောင်း၊ အတွေ့ကိုသော်လည်းကောင်း အနီးသို့ ဆောင်အံ့၊
ထိုသူသည် ကြောက်သည်မူလည်း ဖြစ်စေ မကြောက်သည်မူလည်း ဖြစ်စေ၊ ဒုက္ကဋ် အာပတ် သင့်၏။
ခိုးသူရှိသော ခရီးခဲကိုသော်လည်းကောင်း၊ သားရဲရှိသော ခရီးခဲကိုသော်လည်းကောင်း၊ မြေဖုတ် ဘီလူးရှိသော ခရီးခဲကိုသော်လည်းကောင်း ပြောကြားအံ့၊
ထိုသူသည် ကြောက်သည်မူလည်း ဖြစ်စေ မကြောက်သည်မူလည်း ဖြစ်စေ၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူကို ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူကို ရဟန်း မဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၃၄၉။ ခြောက်လှန့်လိုသော သဘောမရှိဘဲ အဆင်းကိုသော်လည်းကောင်း၊ အသံကိုသော်လည်း ကောင်း၊ အနံ့ကိုသော်လည်းကောင်း၊ အရသာကိုသော်လည်းကောင်း၊ အတွေ့ကိုသော်လည်းကောင်း အနီး သို့ ဆောင်အံ့၊ အာပတ် မသင့်၊ ခိုးသူရှိသော ခရီးခဲကိုသော်လည်းကောင်း၊ သားရဲရှိသော ခရီးခဲကိုသော် လည်းကောင်း၊ မြေဖုတ်ဘီလူးရှိသော ခရီးခဲကိုသော်လည်းကောင်း ပြောကြားအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပဉ္စမ ဘိံသာပနသိက္ခာပုဒ် ပြီး၏။