၅၄၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
မြတ်စွာဘုရားသည် ရဟန်းတို့အား မိုးရေခံသင်္ကန်းကို ခွင့်ပြုတော်မူ၏။
ဆဗ္ဗဂ္ဂီရဟန်းတို့သည်
''မိုးရေခံသင်္ကန်းကို မြတ်စွာဘုရား ခွင့်ပြုအပ်ပြီ''ဟု အတိုင်း အရှည်ပမာဏ မရှိသော မိုးရေခံသင်္ကန်းတို့ကို ဆောင်ကုန်၏၊
ရှေ့မှလည်းကောင်း၊ နောက်မှလည်း ကောင်း (တရွတ်တိုက်) ဆွဲငင်ကုန်လျက် လှည့်လည်ကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် အတိုင်းအရှည်ပမာဏ မရှိသော မိုးရေခံသင်္ကန်းတို့ကို ဆောင်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆို ကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် အတိုင်းအရှည်ပမာဏ မရှိသော မိုးရေခံသင်္ကန်းတို့ကို ဆောင်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် အတိုင်းအရှည်ပမာဏ မရှိသော မိုးရေခံသင်္ကန်းတို့ကို ဆောင်ကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၅၄၃။ ''မိုးရေခံသင်္ကန်းကို ပြုလုပ်လိုသော ရဟန်းသည် အတိုင်းအရှည် ပမာဏနှင့် ယှဉ်သော မိုးရေခံသင်္ကန်းကို ပြုလုပ်ရမည်၊
ထိုမိုးရေခံ သင်္ကန်း၌ ဤဆိုလတ္တံ့သည်ကား အတိုင်းအရှည် ပမာဏတည်း၊ မြတ်စွာဘုရား၏ အထွာတော်ဖြင့် အလျား ခြောက်ထွာ၊
အနံ နှစ်ထွာခွဲတို့တည်း။
ထိုအတိုင်းအရှည် ပမာဏကို လွန်စေသော ရဟန်းအား ဖြတ်ခြင်း ရှေးရှိသော ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၅၄၄။ မိုးရေခံသင်္ကန်း မည်သည် မိုးလေးလအကျိုးငှါ ပြုလုပ်ထားသော သင်္ကန်းတည်း။
ပြုလုပ်လိုသောရဟန်းဟူသည် ပြုသော်လည်းကောင်း၊ ပြုစေသော်လည်းကောင်း
အတိုင်းအရှည် ပမာဏနှင့်ယှဉ်သော မိုးရေခံသင်္ကန်းကို ပြုလုပ်ရမည်၊
ထိုမိုးရေခံသင်္ကန်း၌ ဤဆိုလတ္တံ့သည်ကား အတိုင်း အရှည် ပမာဏတည်း၊ မြတ်စွာဘုရား၏အထွာတော်အားဖြင့် အလျား ခြောက်ထွာ၊
အနံ နှစ်ထွာခွဲတို့ တည်း။
ထိုအတိုင်းအရှည်ပမာဏကို လွန်စေ၍ ပြုလုပ်မူလည်း ပြုလုပ်အံ့၊ ပြုလုပ်စေမူလည်း ပြုလုပ် စေအံ့၊ ပယောဂတိုင်း ပယောဂတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
ရခြင်းကြောင့် (ပမာဏထက် ပိုလွန်သည်ကို) ဖြတ်၍ ပါစိတ်အာပတ်ကို ဒေသနာကြားအပ်၏။
၅၄၅။ မိမိပြုလုပ်၍ မပြီးသေးသော မိုးရေခံသင်္ကန်းကို မိမိသည်ပင်လျှင် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
မိမိပြုလုပ်၍ မပြီးသေးသော မိုးရေခံသင်္ကန်းကို သူတစ်ပါးတို့ကို ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော မိုးရေခံသင်္ကန်းကို မိမိသည် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော မိုးရေခံသင်္ကန်းကို သူတစ်ပါးတို့ကိုပင် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
သူတစ်ပါး၏ အကျိုးငှါ ပြုလုပ်မူလည်း ပြုလုပ်အံ့၊ ပြုလုပ်စေမူလည်း ပြုလုပ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
သူတစ်ပါးပြုလုပ်သော မိုးရေခံသင်္ကန်းကို ရ၍ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၅၄၆။ အတိုင်းအရှည်ပမာဏနှင့် ယှဉ်သော မိုးရေခံသင်္ကန်းကို ပြုလုပ်အံ့၊ အတိုင်းအရှည် ပမာဏ အောက် ယုတ်လျော့သော မိုးရေခံသင်္ကန်းကို ပြုလုပ်အံ့၊ သူတစ်ပါးပြုလုပ်ထားသော အတိုင်းအရှည် ပမာဏထက် ပိုလွန်သော မိုးရေခံသင်္ကန်းက ရသော် ဖြတ်၍ သုံးဆောင်အံ့၊ ဗိတာန်မျက်နှာကြက်ကို လည်းကောင်း၊ မြေအခင်းကိုလည်းကောင်း၊ တင်းတိမ်အကာအရံကိုလည်းကောင်း၊ ဘုံလျိုကိုလည်းကောင်း၊ ခေါင်းအုံးကိုလည်းကောင်း ပြုလုပ်အံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
နဝမ ဝဿိကသာဋိကသိက္ခာပုဒ် ပြီး၏။