Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

6. Theyyasatthasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၄၀၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
လှည်းကုန်သည် တစ်ဦးသည် ရာဇဂြိုဟ်ပြည်မှ အနောက်မျက်နှာ အရပ်သို့ (ကုန်ရောင်း) သွားလို၏။
ရဟန်းတစ်ပါးသည် ထိုလူတို့ကို
''ငါသည်လည်း ဒါယကာတို့နှင့်အတူ သွားလို၏''ဟု ဆို၏။
အသျှင်ဘုရား အကျွန်ုပ်တို့သည်ကား ကင်းကို ရှောင်လွှဲ ကုန်အံ့ဟု ဆိုသောအခါ
ဒါယကာတို့ သိကုန်လော့ (နားလည်ကြပါကုန်လော့)ဟု (ပြောဆို၏)။
ကင်းစောင့်တို့သည်
''ကုန်သည်သည် ကင်းခွန်ကို ရှောင်လွှဲလတ္တံ့''ဟု ကြားကုန်၏။
ထိုကင်း စောင့်တို့သည် ခရီး၌ အစောင့်အရှောက် ထားကုန်၏။
ထိုအခါ ထိုကင်းစောင့်တို့သည် ကုန်သည်ကို ဖမ်းယူ လုယက်၍ ထိုရဟန်းအား
''အသျှင်ဘုရား အသျှင်ဘုရားသည် သိလျက် အဘယ့်ကြောင့် ထိုခိုးသူကုန်သည်နှင့်အတူ သွားသ နည်း''ဟု
နှောင့်ယှက်၍ လွှတ်လိုက်ကုန်၏။
ထိုအခါ ထိုရဟန်းသည် သာဝတ္ထိပြည်သို့ သွား၍ ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ရဟန်းသည် သိလျက် ခိုးသူကုန်သည်နှင့် အတူ တိုင်ပင်၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွားဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်း သင်သည် သိလျက် ခိုးသူကုန်သည်နှင့်အတူ တိုင်ပင်၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွား၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင်သည် အဘယ့်ကြောင့် သိလျက် ခိုးသူကုန်သည်နှင့်အတူ တိုင်ပင်၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွားဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိ သော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၄၀၈။ အကြင်ရဟန်းသည် သိလျက် ခိုးသူကုန်သည်နှင့်အတူ တိုင်ပင်၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွားငြားအံ့၊ အယုတ်သဖြင့် ရွာတစ်ပါး သို့သော်လည်း သွားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၄၀၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍့အလိုရှိအပ်၏။
သိ၏ မည်သည် ကိုယ်တိုင်သော်လည်း သိ၏၊ အခြားသော သူတို့သော်လည်း ထိုရဟန်းအား ပြောကြားကုန်၏၊ ထိုကုန်သည်ကမူလည်း ပြောကြား၏။
ခိုးသူကုန်သည် မည်သည် ခိုးမှုကို ပြုပြီး, မပြုရသေးသော ခိုးသူတို့သည် မင်းကို (မင်း၏ ဥစ္စာကို) သော်လည်း ခိုး၍ သွားကုန်၏၊ ကင်းခွန်ကိုသော်လည်း ရှောင်လွှဲကုန်၏။
အတူဟူသည် အတူတကွတည်း။
တိုင်ပင်၍ဟူသည် ''ဒါယကာ သွားကုန်အံ့၊ အသျှင်ဘုရား သွားပါကုန်အံ့။ အသျှင်ဘုရား သွားကုန်အံ့၊ ဒါယကာ သွားကုန်အံ့။ ယနေ့သော်လည်းကောင်း၊ နက်ဖြန်သော်လည်းကောင်း၊ သန်ဘက်ခါသော် လည်းကောင်း သွားကုန်အံ့''ဟု တိုင်ပင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အယုတ်သဖြင့် ရွာတစ်ပါးသို့သော်လည်းဟူသည် ကြက်ပျံတစ်ကျဖြစ်သော ရွာ၌ ရွာအကြား တိုင်း ရွာအကြားတိုင်း ပါစိတ်အာပတ် သင့်၏။ ရွာမရှိသော တောခရီးဖြစ်မူကား ယူဇနာခွဲတိုင်း ယူဇနာခွဲတိုင်း ပါစိတ်အာပတ် သင့်၏။
၄၁၀။ ခိုးသူကုန်သည်ကို ခိုးသူကုန်သည်ဟု အမှတ်ရှိသည်ဖြစ်၍ တိုင်ပင်လျက် တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွားအံ့၊ အယုတ်သဖြင့် ရွာတစ်ပါးသို့သော်လည်း သွားအံ့၊ ပါစိတ်အာပတ် သင့်၏။
ခိုးသူကုန်သည်၌ ယုံမှားရှိသည်ဖြစ်၍ တိုင်ပင်လျက် တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွားအံ့၊ အယုတ်သဖြင့် ရွာတစ်ပါးသို့သော်လည်း သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ခိုးသူကုန်သည်ကို ခိုးသူကုန်သည်မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ တိုင်ပင်လျက် တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွားအံ့၊ အယုတ်သဖြင့် ရွာတစ်ပါးသို့သော်လည်း သွားအံ့၊ အာပတ် မသင့်။
ရဟန်းသည် တိုင်ပင်၏ လူတို့သည် မတိုင်ပင်ကုန်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ခိုးသူကုန်သည် မဟုတ်သော သူ၌ ခိုးသူကုန်သည်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ခိုးသူကုန်သည် မဟုတ်သော သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ခိုးသူကုန်သည် မဟုတ်သော သူ၌ ခိုးသူကုန်သည်မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၄၁၁။ မတိုင်ပင်မူ၍ သွားကုန်အံ့၊ လူတို့သည် တိုင်ပင်၍ ရဟန်းတို့သည် မတိုင်ပင် အံ့၊ အချိန်း အချက် လွှဲ၍ သွားကုန်အံ့၊ အာပတ် မသင့်။ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစ လက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌ ထေယျသတ္ထသိက္ခာပုဒ် ပြီး၏။