၄၀၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ရာဇဂြိုဟ်ပြည်၌ (ဆယ့်ခုနစ်ယောက်အစု ရှိသောကြောင့်) သတ္တရသဝဂ္ဂီအမည်ရှိသော သူငယ်တို့သည် အပေါင်းအသင်း မိတ်ဆွေ ဖြစ်ကုန်၏။
ထို သူငယ်တို့တွင် ဥပါလိအမည်ရှိသော သူငယ်သည် အကြီးအမှူးဖြစ်၏။
ထိုအခါ ဥပါလိသူငယ်၏ အမိအဖတို့အား
''ဥပါလိသည် ငါတို့ သေလွန်သောအခါ၌ အဘယ်သို့သော အကြောင်းဖြင့် ချမ်းသာစွာ အသက်ရှည်၍့မပင်မပန်းဘဲလည်း ရှိရာအံ့နည်း''ဟု အကြံဖြစ်၏။
ထို့နောက် ဥပါလိ၏ အမိအဖတို့အား
''ဥပါလိသည် စာရေးအတတ်ကို သင်သည် ရှိသော် ငါတို့သေလွန်သောအခါ ချမ်းသာစွာ အသက်ရှည်ရာ၏၊ ပင်လည်း မပင်ပန်းရာ''ဟု အကြံဖြစ်၏။
ထို့နောက် ဥပါလိ၏ အမိအဖတို့အား
''ဥပါလိသည် စာရေးအတတ်ကို သင်ငြားအံ့ လက်ချောင်းတို့သည် နာကျင်ကုန်လတ္တံ့၊
ဥပါလိသည် ဂဏန်းအတတ်ကို သင်မှသာလျှင် ငါတို့သေလွန်သောအခါ ချမ်းသာစွာ အသက်ရှည် ရာ၏၊ ပင်လည်း မပင်ပန်းရာ''ဟု အကြံဖြစ်ပြန်၏။
ထို့နောက် ဥပါလိ၏ အမိအဖတို့အား
''ဥပါလိသည် ဂဏန်းအတတ်ကို သင်ငြားအံ့ ရင်ပတ်အောင့် (ဆင်းရဲ) ရာ၏၊
ဥပါလိသည် ငွေစာရင်းအတတ်ကို သင်မှသာလျှင် ငါတို့သေလွန်သောအခါ ချမ်းသာစွာ အသက်ရှည်ရာ၏၊ ပင်လည်း မပင်ပန်းရာ''ဟု အကြံဖြစ်ပြန်၏။
ထို့နောက် ဥပါလိ၏ အမိအဖတို့အား
''ဥပါလိသည် ငွေစာရင်းအတတ်ကို သင်သည် ရှိသော် မျက်စိကျိန်းစပ်ရာ၏၊
ဤသာကီဝင် မင်းသား ဘုရားအနွယ်တော်ဖြစ်ကုန်သော ရဟန်းတို့သည် ချမ်းသာသော အလေ့ရှိကုန်၏၊ ချမ်းသာ သော အကျင့်ရှိကုန်၏၊ ကောင်းသော စားဖွယ်တို့ကို စား၍ လေမိုးလုံသော အိပ်ရာနေရာတို့၌ သာလျှင် အိပ်ရကုန်၏၊
ဥပါလိသည် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်ကုန်သော ရဟန်း တို့၏ အထံ၌ ရဟန်းပြုမှသာလျှင် ငါတို့ သေလွန်သောအခါ ချမ်းသာစွာ အသက်ရှည်ရာ၏၊ ပင်လည်း မပင်ပန်းရာ''ဟု အကြံဖြစ်ပြန်၏။
ဥပါလိသူငယ်သည် အမိအဖတို့၏ ကြံစည် ပြောဆိုခြင်းကို ကြားလေ၏။
ထိုအခါ ဥပါလိသူငယ်သည် အပေါင်းအဖော်သူငယ်တို့ထံသို့ ချဉ်းကပ်၍ ထိုသူငယ်တို့ကို
''အချင်းတို့ လာကုန်လော့ ငါတို့သည် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်ကုန်သော ရဟန်းတို့၏ အထံ၌ ရဟန်းပြုကြကုန်အံ့''ဟု ဆို၏၊
အမောင် သင်ရဟန်းပြုလျှင် အကျွန်ုပ်တို့လည်း ရဟန်းပြုပါကုန်အံ့ဟု ပြောဆိုကုန်၏။
ထိုအခါ ထိုသူငယ်တို့သည် အမိအဖအသီးသီးတို့ထံသို့ ချဉ်းကပ်၍
''လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခြင်းငှါ အကျွန်ုပ်တို့ကို ခွင့်လွှတ်ပါကုန်လော့''ဟု ပြောဆိုကုန်၏။
ထိုအခါ ထိုသူငယ်တို့၏ အမိအဖတို့သည်
''ဤသူငယ်အားလုံးတို့သည် တူမျှသော ဆန္ဒရှိကုန်၏၊ ကောင်းသော အလိုရှိကုန်၏''ဟု ခွင့်ပြုကုန်၏။
ထိုသူငယ်တို့သည် ရဟန်းတို့ထံသို့ ချဉ်းကပ်၍ ရှင်အဖြစ်ကို တောင်းကုန်၏၊
ရဟန်းတို့သည် ထိုသူငယ်တို့ကို ရှင်လည်း ပြုပေးကုန်၏၊ ရဟန်းလည်း ခံပေးကုန်၏။
ထိုသူငယ်တို့သည် ညဉ့်၏ မိုးသောက်ယံအခါ၌ စောစောထ၍
''ယာဂုကို ပေးကုန်လော့၊ ထမင်းကို ပေးကုန်လော့၊ ခဲဖွယ်ကို ပေးကုန်လော့''ဟု ငိုကုန်၏။
ရဟန်းတို့သည်
''ငါ့သျှင်တို့ မိုးလင်းရုံမျှ ငံ့လင့်ကုန်ဦးလော့၊
အကယ်၍ ယာဂုရှိပါမူ သောက်ရကုန်လတ္တံ့၊
အကယ်၍ ဆွမ်းရှိပါမူ စားရကုန်လတ္တံ့၊
အကယ်၍ ခဲဖွယ်ရှိပါမူ ခဲရကုန်လတ္တံ့၊
အကယ်၍ ယာဂု ထမင်း ခဲဖွယ်မရှိမူ ဆွမ်းခံ၍ စားရကုန် လတ္တံ့''ဟု ပြောဆိုကုန်၏။
ထိုသူငယ်ရဟန်းတို့သည် ရဟန်းတို့က ဤသို့ပြောဆိုသော်လည်း
''ယာဂုကို ပေးကုန်လော့၊ ထမင်းကို ပေးကုန်လော့၊ ခဲဖွယ်ကို ပေးကုန်လော့''ဟု ဆို၍ ငိုကြွေးမြဲ ငိုကြွေးကြကုန်သည်သာလျှင်တည်း၊
အိပ်ရာနေရာတို့သည် ကျင်ကြီးလည်း လူးကုန်၏၊ ကျင်ငယ်လည်း လူးကုန်၏၊
မြတ်စွာဘုရားသည် ညဉ့်၏ မိုးသောက်ယံအခါ၌ စောစောထတော်မူသော် သူငယ်တို့၏ ငိုကြွေးသံကို ကြားတော်မူ၍
''အာနန္ဒာ ထိုသူငယ်တို့ ငိုသံသည် အဘယ့်ကြောင့်နည်း''ဟု အသျှင်အာနန္ဒာကို မေး တော်မူ၏။
ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းအပေါင်းကို စည်းဝေးစေပြီးလျှင် ရဟန်းတို့ကို
''ရဟန်းတို့ ရဟန်းတို့သည် သိလျက် အသက်နှစ်ဆယ် မပြည့်သေးသော ပုဂ္ဂိုလ်ကို ရဟန်းခံပေးကုန်၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ထိုယောက်ျားတို့သည် အဘယ့်ကြောင့် သိလျက် အသက်နှစ်ဆယ် မပြည့်သေးသော ပုဂ္ဂိုလ်ကို ပဉ္စင်းခံပေးကုန်ဘိသနည်း။
ရဟန်းတို့ အသက်နှစ်ဆယ်မပြည့်သေးသော ပုဂ္ဂိုလ်သည် အချမ်း အပူ ဆာလောင်ခြင်း မွတ်သိပ်ခြင်း မှက် ခြင် လေ နေပူ မြွေ ကင်း သန်းတို့၏ အတွေ့တို့ကို သည်းမခံနိုင်၊ မကောင်းသဖြင့် ဆိုအပ် မကောင်းသဖြင့် ရောက်လာသော စကားတို့ကိုလည်းကောင်း၊ ကိုယ်၌ ဖြစ်ဆဲဖြစ်သော ပြင်းထန် ကြမ်းကြုတ် ခါးစပ် ကျင်နာ မသာယာဖွယ် မနှစ်သက်ဖွယ်ဖြစ်သော သေလောက်သော ဆင်းရဲဝေဒနာတို့ကိုလည်းကောင်း သည်းခံနိုင်ခြင်းသဘော မရှိသည်သာလျှင်တည်း။
ရဟန်းတို့ အသက်နှစ်ဆယ်ပြည့်သော ပုဂ္ဂိုလ်သည်သာလျှင် အချမ်းအပူစသော ဆင်းရဲဝေဒနာတို့ကို သည်းခံနိုင်ခြင်းသဘော ရှိ၏။
ရဟန်းတို့ ဤ (သင်တို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၄၀၃။ အကြင်ရဟန်းသည် သိလျက်နှင့် အသက်နှစ်ဆယ်မပြည့်သေးသော ပုဂ္ဂိုလ်ကို ပဉ္စင်းခံပေးငြားအံ့၊ ထို (အသက်နှစ်ဆယ်မပြည့်သေးသော) ပုဂ္ဂိုလ်သည် လည်း ရဟန်းမဖြစ်၊ ထိုပဉ္စင်းခံပေးသော ရဟန်းတို့သည်လည်း ကဲ့ရဲ့ထိုက်ကုန်၏ (ဒုက္ကဋ်အာပတ်သင့်ကုန်၏)၊ ထိုဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော ရဟန်းအား ဤပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန် လော့ဟု မိန့်တော်မူ၏)။
၄၀၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
သိ၏ မည်သည် ကိုယ်တိုင်သော်လည်း သိ၏၊ သူတစ်ပါးတို့သော်လည်း ထိုရဟန်းအား ပြောကြားကုန်၏။ ထိုရဟန်း (လောင်း) ကမူလည်း ပြောကြား၏။
အသက်နှစ်ဆယ် မပြည့်သေး မည်သည် အသက်နှစ်ဆယ်သို့ မရောက်သေးသော သူတည်း။
ပဉ္စင်းခံအံ့ဟူ၍ ဂိုဏ်းကိုသော်လည်းကောင်း၊ ကမ္မဝါစာဆရာကိုသော်လည်းကောင်း၊ သပိတ်ကိုသော် လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာအံ့၊ သိမ်ကိုလည်း သမုတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဉတ်ဖြင့် ဒုက္ကဋ်အာပတ် သင့်၏၊
ကမ္မဝါစာနှစ်ကြိမ်တို့ဖြင့် ဒုက္ကဋ်အာပတ်တို့ သင့်ကုန်၏။
ကမ္မဝါစာအဆုံး၌ ဥပဇ္ဈာယ်ဆရာအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းအားလည်းကောင်း၊ ကမ္မဝါစာဆရာအားလည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။
၄၀၅။ အသက်နှစ်ဆယ်မပြည့်သေးသည်၌ အသက်နှစ်ဆယ်မပြည့်သေးဟု အမှတ်ရှိသည်ဖြစ်၍ ပဉ္စင်းခံအံ့၊ ပါစိတ်အာပတ် သင့်၏။
အသက်နှစ်ဆယ်မပြည့်သေးသည်၌ ယုံမှားရှိသည် ဖြစ်၍ ပဉ္စင်းခံအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အသက်နှစ်ဆယ်မပြည့်သေးသည်၌ အသက်နှစ်ဆယ်ပြည့်၏ဟု အမှတ်ရှိသည် ဖြစ်၍ ပဉ္စင်းခံအံ့၊ အာပတ့်မသင့်။
အသက်နှစ်ဆယ်ပြည့်သည်၌ အသက်နှစ်ဆယ်မပြည့်သေးဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အသက်နှစ်ဆယ်ပြည့်သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အသက်နှစ်ဆယ်ပြည့်သည်၌ အသက် နှစ်ဆယ်ပြည့်၏ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၄၀၆။ အသက်နှစ်ဆယ် မပြည့်သော သူကို အသက်နှစ်ဆယ်ပြည့်၏ဟု အမှတ်ရှိသည် ဖြစ်၍ ပဉ္စင်းခံအံ့၊ အသက်နှစ်ဆယ်ပြည့်သော သူကို အသက်နှစ်ဆယ်ပြည့်သော သူဟု အမှတ်ရှိသည်ဖြစ်၍ ပဉ္စင်း ခံအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပဉ္စမ ဦနဝီသတိဝဿသိက္ခာပုဒ် ပြီး၏။