Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

2. Dutiyapāṭidesanīyasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၅၅၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ရဟန်းတို့သည် ပင့်ဖိတ်အပ်ကုန်သည်ဖြစ်၍ ဒါယကာတို့၏ အိမ်၌ ဆွမ်းစားကုန်၏၊
ဆဗ္ဗဂ္ဂီရဟန်းမိန်းမတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့အတွက် ''ဤ (သပိတ်) ၌ ဟင်းကို ထည့်ပေးကုန်လော့၊ ဤ (သပိတ်) ၌ ဆွမ်းကို ထည့်ပေးကုန်လော့''ဟု စီမံလျက် တည်နေကုန်၏။
ဆဗ္ဗဂ္ဂီရဟန်းတို့သည် အလိုရှိတိုင်း စားရကုန်၏၊
အခြားသော ရဟန်းတို့သည်ကား စိတ်တိုင်းကျ မစားရကုန်။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းမိန်းမတို့ စီမံသည် တို့ကို မတားမြစ်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
''ရဟန်းတို့ သင်တို့သည် ရဟန်းမိန်းမတို့ စီမံသည်တို့ကို မတားမြစ်ကြကုန်ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် ရဟန်းမိန်းမတို့ စီမံသည်တို့ကို မတားမြစ်ကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၅၅၈။ ''ရဟန်းတို့သည်သာလျှင် ပင့်ဖိတ်အပ်ကုန်သည်ဖြစ်၍ ဒါယကာတို့ အိမ်၌ ဆွမ်းစားကုန်၏၊ ထိုသို့စားရာ၌ ထိုရဟန်းမိန်းမသည် 'ဤ (သပိတ်) ၌ ဟင်းကို ထည့်ပေးကုန်လော့၊ ဤ (သပိတ်) ၌ ဆွမ်းကို ထည့်ပေးကုန်လော့'ဟု စီမံသော သဘောရှိသည်ဖြစ်၍ တည် နေငြားအံ့၊ ထိုရဟန်းတို့သည် ထိုရဟန်းမိန်းမ ကို 'နှမ ရဟန်းတို့ ဆွမ်းစားနေသမျှ ဖယ်ရှား လေဦး'ဟု ပြစ်တင်မောင်းမဲရမည်၊
'နှမ ရဟန်းတို့ ဆွမ်းစားနေသမျှ ဖယ်ရှားလေဦး'ဟု ထိုရဟန်းမိန်းမကို ပြစ်တင် မောင်းမဲခြင်းငှါ တစ်ပါးသော ရဟန်းကမျှလည်း မဆိုငြားအံ့၊ ထိုရဟန်းတို့သည် 'ငါ့သျှင်တို့ ငါတို့သည် ကဲ့ရဲ့အပ်, မလျောက်ပတ်သော ပါဋိဒေသနီအာပတ်သို့ ရောက်ကုန်ပြီ၊ ထိုပါဋိဒေသနီအာပတ်ကို ပြောကြားပါကုန်၏'ဟု ပြောကြားရမည်'' ဤသို့ (ပြကြကုန် လော့ဟု မိန့်တော်မူ၏)။
၅၅၉။ ရဟန်းတို့သည်သာလျှင် ပင့်ဖိတ်အပ်ကုန်သည်ဖြစ်၍ ဒါယကာတို့အိမ်၌ ဆွမ်းစားကုန်၏ဟူရာ၌ ဒါယကာမည်သည် မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ သူဆင်းရဲမျိုးဟူ၍ ဒါယကာ လေးမျိုး ရှိ၏။
ပင့်ဖိတ်အပ်ကုန်သည်ဖြစ်၍ ဆွမ်းစားကုန်၏ဟူသည် ဘောဇဉ်ငါးပါးတို့တွင် တစ်ပါးပါးသော ဘောဇဉ်ဖြင့် ပင့်ဖိတ်အပ်ကုန်သည်ဖြစ်၍ စားကုန်၏။
ရဟန်းမိန်းမ မည်သည် နှစ်ဖက်သံဃာ၌ ပဉ္စင်းဖြစ်သော မိန်းမတည်း။
စီမံသော မည်သည် အဆွေခင်ပွန်းဖြစ်သည်အားလျော်စွာ ကောင်းစွာသိကျွမ်းသည်အားလျော်စွာ အတူ စားသောက်ဖော်ဖြစ်သည်အားလျော်စွာ ဥပဇ္ဈာယ်တူဖြစ်သည်အားလျော်စွာ ဆရာတူဖြစ်သည်အား လျော်စွာ
''ဤ (သပိတ်) ၌ ဟင်းကို ထည့်ပေးကုန်လော့၊ ဤ (သပိတ်) ၌ ဆွမ်းကို ထည့်ပေးကုန်လော့''ဟု
ပြောဆိုခြင်းသည်ပင် စီမံသည် မည်၏။
ထိုရဟန်းတို့သည်ဟူသည် ဆွမ်းစားဆဲ ရဟန်းတို့သည်။
ထိုရဟန်းမိန်းမကိုဟူသည် စီမံတတ်သော ရဟန်းမိန်းမကို။
ထိုရဟန်းတို့သည် ထိုရဟန်းမိန်းမကို ''နှမ ရဟန်းတို့ ဆွမ်းစားနေသမျှ ဆုတ်ခွါဖယ်ရှား လေဦး''ဟု ပြစ်တင်မောင်းမဲရမည်၊
ရဟန်းတစ်ပါးကမျှလည်း မမောင်းမဲမူ၍
''ခဲမည် စားမည်''ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ပါဋိဒေသနီအာပတ် သင့်၏။
၅၆၀။ ရဟန်းမိန်းမ၌ ရဟန်းမိန်းမဟု အမှတ်ရှိသည်ဖြစ်၍ စီမံသည်ကို မတားမြစ်အံ့၊ ပါဋိဒေသ နီအာပတ် သင့်၏။
ရဟန်းမိန်းမ၌ ယုံမှားရှိသည်ဖြစ်၍ စီမံသည်ကို မတားမြစ်အံ့၊ ပါဋိဒေသနီအာပတ် သင့်၏။
ရဟန်းမိန်းမ၌ ရဟန်းမိန်းမ မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ စီမံသည်ကို မတားမြစ်အံ့၊ ပါဋိဒေသနီအာပတ် သင့်၏။
တစ်ဖက် (ဘိက္ခုနီ) သံဃာ၌ ပဉ္စင်းဖြစ်သော ရဟန်းမိန်းမ စီမံသည်ကို မတားမြစ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သော မိန်းမ၌ ရဟန်းမိန်းမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်း မဟုတ်သော မိန်းမ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သော မိန်းမ၌ ရဟန်းမိန်းမ မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၅၆၁။ မိမိ၏ ဆွမ်းကို (သူတစ်ပါးကိုသာ) ပေးစေ၍ ကိုယ်တိုင်မပေးအံ့၊ သူတစ်ပါးတို့၏ ဆွမ်းကို ကိုယ်တိုင်သာ ပေး၍ သူတစ်ပါးကို မပေးစေအံ့၊ မပေးရသော ဝတ္ထုကို ပေးစေအံ့၊ မထည့်ပေးရသေးသော သပိတ်၌ ထည့်ပေးစေအံ့၊ အလုံးစုံသော ရဟန်းတို့အား အညီအမျှ ပေးစေအံ့၊ သိက္ခမာန် စီမံအံ့၊ သာမဏေမ စီမံအံ့၊ အာပတ် မသင့်၊ ဘောဇဉ်ငါးပါးမှတစ်ပါး အလုံးစုံသော အရာတို့၌ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစ လက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒုတိယ ပါဋိဒေသနီသိက္ခာပုဒ် ပြီး၏။