Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

8. Ariṭṭhasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၄၁၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
လင်းတသတ်အမျိုး၌ ဖြစ်ဖူးသော အရိဋ္ဌမည်သော ရဟန်းအား ''(ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရား တို့ကို ဟောထားတော်မူသည့်အတိုင်း ငါသိ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်''ဟု ယုတ်မာသော မိစ္ဆာအယူ ရှိ၏။
များစွာသော ရဟန်းတို့သည် လင်းတသတ်အမျိုး၌ ဖြစ်ဖူးသော အရိဋ္ဌမည်သော ရဟန်းအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟော ထားတော်မူသည့်အတိုင်း ငါ သိ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်''ဟု ယုတ်မာသော မိစ္ဆာအယူ ရှိ၏ဟူ၍ ကြားကုန်၏။
ထိုအခါ၌ ထိုရဟန်းတို့သည် လင်းတသတ်အမျိုး၌ ဖြစ်ဖူးသော အရိဋ္ဌမည်သော ရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင်
လင်းတသတ်အမျိုး၌ ဖြစ်ဖူးသော အရိဋ္ဌမည်သော ရဟန်းအား- ''ငါ့သျှင်အရိဋ္ဌ သင့်အား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါ သိပါ၏၊ ထိုတရားတို့သည် မှီဝဲသောသူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ဟု ယုတ်မာသော အယူရှိ၏ဟူသည် မှန်သလော''ဟု မေးကြကုန်၏။
ငါ့သျှင်တို့ ကြားသည့်အတိုင်း မှန်ပေ၏၊ (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာ ဘုရားဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါ သိပါ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ပါဟု (ဆို၏)။
ငါ့သျှင်အရိဋ္ဌ ဤသို့ မဆိုပါလင့်၊
ဘုန်းတော်ကြီးသော မြတ်စွာဘုရားကို မစွပ်စွဲပါလင့်၊
မြတ်စွာ ဘုရားအား စွပ်စွဲခြင်းသည် မကောင်းချေ၊
မြတ်စွာဘုရားသည် ဤသို့ ဟောတော်မမူရာ။
ငါ့သျှင်အရိဋ္ဌ များစွာသော အကြောင်းဖြင့် မြတ်စွာဘုရားသည် (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို့ပြုတတ်ကုန်သော တရားတို့ကို (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု ဟောတော်မူ၏၊
ထိုတရားတို့သည် မှီဝဲသော သူအား အန္တရာယ်ကို ပြုခြင်းငှါ စွမ်းနိုင်သည်သာလျှင်တည်း။
မြတ်စွာဘုရားသည် ကာမဂုဏ်တို့ကို သာယာဖွယ်နည်းကုန်၏၊ ဆင်းရဲများကုန်၏၊ ပူဆွေးခြင်း များကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟူ၍ ဟောတော်မူ၏။
မြတ်စွာဘုရားသည် ကာမဂုဏ် တို့ကို အသားမကပ်သော အရိုးနှင့် တူကုန်၏၊ ဆင်းရဲများကုန်၏၊ ပူဆွေးခြင်း များကုန်၏၊ ဤကာမ ဂုဏ်တို့၌ အပြစ်များ၏ဟူ၍ ဟောတော်မူ၏။
သားတစ်နှင့် တူကုန်၏ဟူ၍လည်းကောင်း၊ မြက်မီးရှူးနှင့် တူကုန်၏ဟူ၍လည်းကောင်း၊ မီးကျီးတွင်းနှင့် တူကုန်၏ဟူ၍လည်းကောင်း၊ အိပ်မက်နှင့် တူကုန်၏ဟူ၍လည်းကောင်း၊ အငှါးပစ္စည်းနှင့် တူကုန်၏ဟူ၍လည်းကောင်း၊ အသီးရှိသော အပင်နှင့် တူကုန်၏ဟူ၍လည်းကောင်း၊ စဉ်းတီတုံးနှင့် တူကုန်၏ဟူ၍လည်းကောင်း၊ လှံတံကျင်နှင့် တူကုန်၏ဟူ၍လည်း ကောင်း၊ မြွေဦးခေါင်းနှင့် တူကုန်၏ဟူ၍လည်းကောင်း ဟောတော်မူ၏၊ မြတ်စွာဘုရားသည် ကာမဂုဏ် တို့ကို ဆင်းရဲများကုန်၏၊ ၊ ပူဆွေးခြင်းများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟူ၍ ဟောတော် မူ၏ဟု (ပြောဆိုကုန်၏)။
လင်းတသတ်အမျိုး၌ ဖြစ်ဖူးသော အရိဋ္ဌရဟန်းသည် ဤသို့ ထိုရဟန်းတို့က ပြောဆိုပါသော်လည်း ''ငါ့သျှင်တို့ ကြားသည်အတိုင်း မှန်ပေ၏၊ (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာ ဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါ သိပါ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ပါ''ဟု ထိုရှေးအတူသာလျှင် ထိုယုတ်မာသော မိစ္ဆာအယူကို အစွမ်းကုန် မှားသောအားဖြင့် သုံးသပ်ကာ စွဲစွဲမြဲမြဲ ပြောဆို၏။
ထိုရဟန်းတို့သည် လင်းတသတ်အမျိုး၌ ဖြစ်ဖူးသော အရိဋ္ဌရဟန်းအား ယုတ်မာသော ထိုမိစ္ဆာ အယူမှ လွတ်စေခြင်းငှါ မတတ်နိုင်ကြသောအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍
ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းအပေါင်းကို စည်းဝေးစေ၍ လင်းတသတ်အမျိုး၌ ဖြစ်ဖူးသော အရိဋ္ဌရဟန်းအား- ''အရိဋ္ဌ သင့်အား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါ သိ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ဟု ယုတ်မာသော မိစ္ဆာအယူ ရှိ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
အသျှင်ဘုရား ကြားတော်မူသည့်အတိုင်း မှန်ပါ၏၊ (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း သိပါ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ပါဟု (လျှောက်၏)။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ငါသည် အဘယ်သူအား ဤသို့ တရားဟောတော်မူ သည်ကို သင်သိသနည်း၊
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ငါသည် များစွာသောအကြောင်းဖြင့် (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်သော တရားတို့ကို (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟူ၍ ဟောတော်မူသည် မဟုတ်ပါလော၊
ထိုတရားတို့သည် မှီဝဲသော ရဟန်းအား အန္တရာယ်ကို ပြုခြင်းငှါ စွမ်းနိုင်သည်သာလျှင်တည်း။
ငါဘုရားသည် ကာမဂုဏ်တို့ကို သာယာဖွယ်နည်းကုန်၏၊ ဆင်းရဲများကုန်၏၊ ပူဆွေးခြင်းများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟူ၍ ဟောတော်မူ၏။
ငါဘုရားသည် ကာမဂုဏ်တို့ကို အသားမကပ် သော အရိုးနှင့် တူကုန်၏ဟူ၍လည်းကောင်း။ပ။ သားတစ်နှင့် တူကုန်၏ဟူ၍လည်းကောင်း မြက်မီးရှူးနှင့် တူကုန်၏ဟူ၍လည်းကောင်း၊ မီးကျီးတွင်းနှင့် တူကုန်၏ဟူ၍လည်းကောင်း၊ အိပ်မက်နှင့် တူကုန်၏ဟူ၍့လည်းကောင်း၊ အငှါးပစ္စည်းနှင့် တူကုန်၏ဟူ၍လည်းကောင်း၊ အသီးရှိသော အပင်နှင့် တူကုန်၏ဟူ၍ လည်းကောင်း၊ စဉ်းတီတုံးနှင့် တူကုန်၏ဟူ၍လည်းကောင်း၊ လှံတံကျင်နှင့် တူကုန်၏ဟူ၍လည်းကောင်း၊ မြွေဦးခေါင်းနှင့် တူကုန်၏ဟူ၍လည်းကောင်း ဟောတော်မူ၏၊ ငါဘုရားသည် ကာမဂုဏ်တို့ကို သာယာဖွယ် နည်းကုန်၏၊ ဆင်းရဲများကုန်၏၊ ပူဆွေးခြင်းများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟူ၍ ဟော တော်မူသည် မဟုတ်ပါလော။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ထိုသို့ ငါဟောထားပါလျက် သင်သည် မိမိ၏ မကောင်းသော စွဲယူခြင်းဖြင့် ငါတို့ကိုလည်း စွပ်စွဲဘိ၏၊ မိမိကိုယ်ကိုလည်း တူးဖြိုဖျက်ဆီးဘိ၏၊ အကုသိုလ်တရားကိုလည်း များစွာ ပွါးစေဘိ၏၊
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင့်အား ထိုယုတ်မာသော မိစ္ဆာအယူသည် ကာလရှည်မြင့်စွာ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်လတ္တံ့။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၄၁၈။ ''အကြင်ရဟန်းသည် '(ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို မှီဝဲသောသူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်'ဟု ပြောဆိုငြားအံ့၊ ထိုရဟန်းကို အခြားသော ရဟန်းတို့က 'အသျှင်သည် ဤသို့ မဆိုပါလင့်၊ မြတ်စွာဘုရားကို ဤသို့ မစွပ်စွဲပါလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်းချေ၊ မြတ်စွာဘုရားသည်ကား ဤသို့ ဟောတော်မမူရာ၊ ငါ့သျှင် များစွာသော အကြောင်းဖြင့် (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်သော တရားတို့ကို (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်သော တရားတို့ဟူ၍ မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ထိုတရားတို့ကို မှီဝဲသော ရဟန်းအား အန္တရာယ်ကို ပြုခြင်းငှါ စွမ်းနိုင်သည်သာလျှင်တည်း'ဟု ဆိုဆုံးမရာ၏၊
ဤသို့လျှင် ထိုရဟန်းကို ရဟန်းတို့က ဆိုဆုံးမပါလျက် ထိုရှေးအတူသာလျှင် ဆက်လက် ယူငြားအံ့၊ ထိုရဟန်းကို ရဟန်းတို့သည် သုံးကြိမ်မြောက်အောင် ထိုအယူကို စွန့်စိမ့်သောငှါ ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမရမည်၊
သုံးကြိမ်မြောက်အောင် ဉတ် ကမ္မဝါဖြင့် ဆိုဆုံးမသဖြင့် ထိုမိစ္ဆာအယူကို အကယ်၍ စွန့်ငြားအံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၄၁၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ဟု ပြောဆိုငြားအံ့ဟူသည်
(ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို မြတ်စွာဘုရား ဟောထားတော်မူသည့်အတိုင်း ငါ သိ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ဟု (ပြောဆိုငြားအံ့)။
ထိုရဟန်းကိုဟူသည် ဤသို့ ပြောဆိုလေ့ရှိသော ရဟန်းကို။
ရဟန်းတို့သည်ဟူသည် အခြားသော ရဟန်းတို့တည်း၊
မြင်ကုန် ကြားကုန်သော ရဟန်းတို့သည် ''အသျှင်သည် ဤသို့ မဆိုပါလင့်၊ မြတ်စွာဘုရားကို ဤသို့ မစွပ်စွဲပါလင့်၊ မြတ်စွာဘုရားကို စွပ်စွဲခြင်း သည် မကောင်းချေ၊ မြတ်စွာဘုရားသည်ကား ဤသို့ ဟောတော်မမူရာ၊ ငါ့သျှင် များစွာသော အကြောင်း ဖြင့် အန္တရာယ်ကို ပြုတတ်ကုန်သော တရားတို့ကို အန္တရာယ်ပြုတတ်သော တရားတို့ဟူ၍ မြတ်စွာဘုရား သည် ဟောတော်မူ၏၊ ထိုတရားတို့သည် မှီဝဲသော ရဟန်းအား အန္တရာယ်ကို ပြုခြင်းငှါ စွမ်းနိုင်သည် သာလျှင်တည်း''ဟု ပြောဆို ဆုံးမရမည်။
နှစ်ကြိမ်မြောက်လည်း ပြောဆို ဆုံးမရမည်။
သုံးကြိမ်မြောက်လည်း ပြောဆို ဆုံးမရမည်။
အကယ်၍ အယူကို စွန့်အံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊
အကယ်၍ မစွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကြားပါလျက် မပြောဆိုကုန်ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထိုရဟန်းကို သံဃာ၏အလယ်သို့လည်း ဆွဲငင်၍ ''အသျှင်သည် ဤသို့မဆိုပါလင့်၊ မြတ်စွာဘုရားကို ဤသို့ မစွပ်စွဲပါလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်းချေ၊ မြတ်စွာဘုရားသည်ကား ဤသို့ ဟောတော်မမူရာ၊ ငါ့သျှင် များစွာသော အကြောင်းဖြင့် အန္တရာယ်ကို ပြုတတ်သော တရားတို့ကို အန္တရာယ်ကို ပြုတတ်သော တရားတို့ဟူ၍ မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ထိုတရား တို့သည် မှီဝဲသော ရဟန်းအား အန္တရာယ်ကို ပြုခြင်းငှါ စွမ်းနိုင်သည်သာလျှင်တည်း''ဟု ပြောဆို ဆုံးမ ရမည်။
နှစ်ကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။
သုံးကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။
အကယ်၍ အယူကို စွန့်အံ့၊ ဤသို့ အယူကို စွန့်ခြင်းသည် ကောင်း၏၊
အကယ်၍ မစွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထိုရဟန်းကို ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမရမည်၊
ရဟန်းတို့ ဤသို့လျှင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမ ရမည်၊
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာတော်ကို သိစေရမည်။
၄၂၀။ ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့။
ဤမည် သော ရဟန်းအား '(ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထား သော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါသိ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်'ဟု ယုတ်မာသော မိစ္ဆာအယူ ရှိ၏။
ထိုရဟန်းသည် ထိုအယူကို မစွန့်၊
သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော ရဟန်းအား ထိုမိစ္ဆာအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော ရဟန်းအား '(ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါ သိ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်'ဟု ယုတ်မာသော မိစ္ဆာအယူ ရှိ၏။
ထိုရဟန်းသည် ထိုအယူကို မစွန့်၊
သံဃာသည် ဤမည်သော ရဟန်းအား ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမ၏၊
ဤမည်သော ရဟန်းအား ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်းရှိ၏၊ ထိုအသျှင် သည် ဆိတ်ဆိတ် နေရာ၏၊
အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။
နှစ်ကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။ သုံးကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။
အသျှင်ဘုရားတို့ သံဃာသည် အကျွန်ု်ပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော ရဟန်းအား '(ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါ သိ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်'ဟု ယုတ်မာသော မိစ္ဆာအယူ ရှိ၏၊
ထိုရဟန်း သည် ထိုအယူကို မစွန့်၊
သံဃာသည် ဤမည်သော ရဟန်းအား ထိုမိစ္ဆာအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမ၏၊
ဤမည်သော ရဟန်းအား ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊
အကြင်အသျှင်အား နှစ်သက်ခြင်း မရှိအံ့၊ ထိုအသျှင်သည် ပြောဆိုရာ၏။
သံဃာသည် ဤမည်သော ရဟန်းအား ထိုမိစ္ဆာအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ့ဆိုဆုံးမအပ်ပြီ၊
သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ် နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။
ဉတ်ဖြင့် ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာနှစ်ကြိမ်တို့ဖြင့် ဒုက္ကဋ်အာပတ် နှစ်ချက် သင့်၏။
ကမ္မဝါစာအဆုံး၌ ပါစိတ်အာပတ် သင့်၏။
၄၂၁။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ (မိစ္ဆာအယူကို) မစွန့်အံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ (မိစ္ဆာအယူကို) မစွန့်အံ့၊ ပါစိတ်အာပတ် သင့်၏။ ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ (မိစ္ဆာအယူကို) မစွန့်အံ့၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၄၂၂။ ဉတ်ကမ္မဝါစာဖြင့် မဆို မဆုံးမအပ်သော ရဟန်း၊ အယူကို စွန့်သော ရဟန်း၊ ရူးသော ရဟန်း၊ (အစလက်ဦး လွန်ကျူးသော ရဟန်းတို့) အားလည်း အာပတ် မသင့်။
အဋ္ဌမ အရိဋ္ဌသိက္ခာပုဒ် ပြီး၏။