Issues
選擇版本
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

3. Hasadhammasikkhāpadaṃ

作者: my-tipitaka @ visuddhinanda

၃၃၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ သတ္တရသဝဂ္ဂီရဟန်းတို့သည် အစိရဝတီမြစ်ရေ၌ (မြူးထူးပျော်ပါး) ကစားကုန်၏။
ထိုအခါ ပသေနဒီကောသလမင်းကြီးသည် မလ္လိကာမိဖုရားနှင့် အတူ မြတ်သော ပြာသာဒ်ထက်၌ စံနေ၏၊ ပသေနဒီကောသလမင်းကြီးသည် အစိရဝတီမြစ်ရေ၌ (မြူးထူးပျော်ပါး) ကစားနေကုန်သော သတ္တရသဝဂ္ဂီရဟန်းတို့ကို မြင်၍ မလ္လိကာမိဖုရားကို ''မလ္လိကာ သင်၏ ဤရဟန္တာတို့သည် ရေ၌ (မြူးထူးပျော်ပါး) ကစား၍ နေကုန်၏''ဟု ပြောဆို၏။
မင်းကြီး စင်စစ် မြတ်စွာဘုရားသည် သိက္ခာပုဒ်တော်ကို မပညတ်ရသေး၍သော်လည်း ဖြစ်ရာ၏။ ထိုရဟန်းတို့က (သိက္ခာပုဒ်တော်ကို) မသိသေး၍သော်လည်း ဖြစ်ကုန်ရာ၏ဟု (ပြောဆို၏)။
ထိုအခါ ပသေနဒီကောသလမင်းကြီးအား ''ငါကလည်း မြတ်စွာဘုရားအား (တိုက်ရိုက်) မလျှောက် ထားဘဲ မြတ်စွာဘုရားကလည်း ဤရဟန်းတို့သည် ရေ၌ (မြူးထူးပျော်ပါး) ကစားကုန်၏ဟု အဘယ် နည်းဖြင့် သိတော်မူရာအံ့နည်း''ဟူ၍ အကြံဖြစ်၏။
ထိုအခါ ပသေနဒီကောသလမင်းကြီးသည် သတ္တရသဝဂ္ဂီရဟန်းတို့ကို ပင့်စေပြီးလျှင် ကြီးစွာသော တင်လဲခဲကို လှူ၍ ''အသျှင်ဘုရားတို့ ဤတင်လဲခဲကို မြတ်စွာဘုရားအား လှူပါကုန်လော့''ဟု (လျှောက်၏)။
သတ္တရသဝဂ္ဂီရဟန်းတို့သည် တင်လဲခဲကို ယူ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ''အသျှင် ဘုရား ပသေနဒီကောသလမင်းကြီးသည် မြတ်စွာဘုရားအား ဤတင်လဲခဲကို လှူလိုက်ပါ၏''ဟု လျှောက်ကုန်၏။
ရဟန်းတို့ ပသေနဒီကောသလမင်းကြီးသည် အဘယ်အရပ်မှာ သင်တို့ကို မြင်သနည်းဟု (မေးတော်မူရာ) အသျှင်ဘုရား အစိရဝတီမြစ်ရေ၌ (မြူးထူးပျော်ပါး) ကစားနေကြစဉ် မြင်ပါ၏ဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် ရေ၌ (မြူးထူးပျော်ပါး) ကစားကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၃၃၆။ ''ရေ၌ မြူးထူးပျော်ပါး ကစားခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၃၃၇။ ရေ၌ မြူးထူးပျော်ပါးကစားခြင်း မည်သည် ဖမျက်၏ အထက် (နက်သော) ရေ၌ မြူးထူးပျော်ပါးကစားလိုသည် ဖြစ်၍ ငုပ်မူလည်း ငုပ်အံ့၊ ပေါ်မူလည်း ပေါ်အံ့၊ ကူးသွားမူလည်း ကူးသွားအံ့၊ ပါစိတ်အာပတ် သင့်၏။
၃၃၈။ ရေ၌ မြူးထူးပျော်ပါး ကစားခြင်း၌ မြူးထူးပျော်ပါး ကစား၏ဟု အမှတ်ရှိအံ့၊ ပါစိတ်အာပတ် သင့်၏။
ရေ၌ မြူးထူးပျော်ပါး ကစားခြင်း၌ ယုံမှားရှိအံ့၊ ပါစိတ်အာပတ် သင့်၏။
ရေ၌ မြူးထူးပျော်ပါး ကစားခြင်း၌ မြူးထူးပျော်ပါး မကစားဟု အမှတ်ရှိအံ့၊ ပါစိတ်အာပတ် သင့်၏။
ဖမျက်အောက် (တိမ်သော) ရေ၌ မြူးထူးပျော်ပါး ကစားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
ရေ၌ လှေဖြင့် ကစားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
လက်ဖြင့်သော်လည်းကောင်း၊ ခြေဖြင့်သော်လည်းကောင်း၊ သစ်သားဖြင့် သော်လည်းကောင်း၊ အိုးခြမ်းဖြင့်သော်လည်းကောင်း ရေကို ပုတ်ခတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
အိုးခွက်၌ ရှိသော ရေကိုသော်လည်းကောင်း၊ ဆန်ပုံးရည်ကိုသော်လည်းကောင်း၊ နို့ရည်ကိုသော် လည်းကောင်း၊ ရက်တက်ရည်ကိုသော်လည်းကောင်း၊ ဆိုးရည်ကိုသော်လည်းကောင်း၊ ကျင်ငယ်ကိုသော် လည်းကောင်း၊ ရွှံ့ရည်ကိုသော်လည်းကောင်း မြူးထူးပျော်ပါး ကစားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရေ၌ မြူးထူးပျော်ပါး မကစားသည်၌ မြူးထူးပျော်ပါး ကစား၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
ရေ၌ မြူးထူးပျော်ပါး မကစားသည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
ရေ၌ မြူးထူးပျော်ပါး မကစားသည်၌ မြူးထူးပျော်ပါး မကစားဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၃၃၉။ မြူးထူးပျော်ပါး မကစားလိုသော သဘောဖြင့်သော်လည်းကောင်း၊ အကြောင်းကိစ္စ ရှိခဲ့သော် လည်းကောင်း ရေသို့သက်ဆင်း၍ ငုပ်မူလည်း ငုပ်အံ့၊ ပေါ်မူလည်း ပေါ်အံ့၊ ကူးသွားမူလည်း ကူးသွားအံ့၊ အာပတ် မသင့်။ တစ်ဖက်ကမ်းသို့ သွားလိုသောကြောင့် ငုပ်သော်လည်းကောင်း၊ ပေါ်သော်လည်းကောင်း၊ ကူးသွားသော်လည်းကောင်း အာပတ်မသင့်၊ ဘေးရန်တို့ကြောင့် အာပတ်မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ်မသင့်။
တတိယ ဟသဓမ္မသိက္ခာပုဒ် ပြီး၏။