问题
选择版本
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

3. Ujjhāpanakasikkhāpadaṃ

作者: my-tipitaka @ visuddhinanda

၁၀၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် သံဃာ၏ ကျောင်းအိပ်ရာနေရာကိုလည်း ခင်း၏၊ ဆွမ်းတို့ကိုလည်း ညွှန်ကြား၏။
ထိုအခါ မေတ္တိယ ဘုမ္မဇကရဟန်း၁ တို့သည် သီတင်းငယ်လည်း ဖြစ်ကုန်၏။ ဘုန်းကံလည်း နည်းပါးကုန်၏၊
သံဃာ၏ ယုတ်ညံ့သော ကျောင်းအိပ်ရာနေရာ၊ ယုတ်ညံ့ကုန်သော ဆွမ်းတို့သည် ထိုရဟန်း တို့အား ရောက်ကုန်၏။
ထိုမေတ္တိယ ဘုမ္မဇကရဟန်းတို့သည် မလ္လမင်း၏သား အသျှင်ဒဗ္ဗကို ''မလ္လမင်း၏ သား ဒဗ္ဗသည် ချစ်သဖြင့် (ဆန္ဒာဂတိသို့ လိုက်၍) ကျောင်းအိပ်ရာနေရာကို ခင်း၏၊ ချစ်သဖြင့် (ဆန္ဒာ ဂတိသို့ လိုက်၍) ဆွမ်းတို့ကို ညွှန်ကြား၏''ဟု ရဟန်းတို့ကို ကဲ့ရဲ့စေကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် မေတ္တိယ ဘုမ္မဇကရဟန်းတို့သည် မလ္လမင်း၏ သားအသျှင်ဒဗ္ဗကို ရဟန်းတို့ကို ကဲ့ရဲ့စေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏။ ရှုတ်ချကုန်၏။ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် မလ္လမင်း၏သား ဒဗ္ဗကို ရဟန်းတို့ကို ကဲ့ရဲ့စေကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် မလ္လမင်း၏သား ဒဗ္ဗကို ရဟန်းတို့ကို ကဲ့ရဲ့စေကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(က) ''ကဲ့ရဲ့စေခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏၊
၁၀၄။ ထိုအခါ မေတ္တိယ ဘုမ္မဇကရဟန်းတို့သည်
''မြတ်စွာဘုရားသည် ကဲ့ရဲ့စေခြင်းကို ပယ်တော် မူ၏ဟူသော ဤစကားတော်အရဖြင့် ရဟန်းတို့သည် နှိပ်စက်ကုန်လိမ့်မည်''ဟု ရဟန်းတို့၏ အနီးအနား၌ မလ္လမင်း၏သား အသျှင်ဒဗ္ဗကို ''မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် ချစ်သဖြင့် (ဆန္ဒာဂတိသို့ လိုက်၍) ကျောင်းအိပ်ရာနေရာကို ခင်း၏၊ ချစ်သဖြင့် (ဆန္ဒာဂတိသို့လိုက်၍) ဆွမ်းတို့ကို ညွှန်ကြား၏''ဟု ရှုတ်ချ ပြောဆိုကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် မေတ္တိယ ဘုမ္မဇကရဟန်းတို့သည် မလ္လမင်း၏ သား အသျှင်ဒဗ္ဗကို ရှုတ်ချပြောဆိုကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် မလ္လမင်း၏သား ဒဗ္ဗကို ရှုတ်ချပြောဆိုကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းအနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် မလ္လမင်း၏သား ဒဗ္ဗကို ရှုတ်ချပြောဆိုကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့၊
၁၀၅။ ''ကဲ့ရဲ့စေခြင်း, ရှုတ်ချပြောဆိုခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၆။ ကဲ့ရဲ့စေခြင်း မည်သည် သံဃာသည် ကျောင်းအိပ်ရာနေရာခင်းခြင်းငှါလည်းကောင်း၊ ဆွမ်း ညွှန်းခြင်းငှါလည်းကောင်း၊ ယာဂုဝေဖန်ခြင်းငှါလည်းကောင်း၊ သစ်သီးဝေဖန်ခြင်းငှါလည်းကောင်း၊ ခဲဖွယ် ဝေဖန်ခြင်းငှါလည်းကောင်း၊ အနည်းငယ်ကို စွန့်ခြင်းငှါလည်းကောင်း သမုတ်ထားသော ရဟန်းကို ကျေးဇူးမဲ့ ပြုလို၍ အကျော်အစောမဲ့ကို ပြုလို၍ မျက်နှာမသာမှုကို ပြုလို၍ ရဟန်းဖြစ်သော သူကို ကဲ့ရဲ့ စေငြားအံ့၊ ရှုတ်ချပြောဆိုငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ကဲ့ရဲ့စေခြင်း ရှုတ်ချပြောဆိုခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှား၍ ကဲ့ရဲ့စေခြင်း ရှုတ်ချပြောဆိုခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည် ဖြစ်၍ ကဲ့ရဲ့စေခြင်း ရှုတ်ချပြောဆိုခြင်းကြောင့် ပါစိတ်အာပတ် သင့်၏၊
ရဟန်းမဟုတ်သူကို ကဲ့ရဲ့စေငြားအံ့၊ ရှုတ်ချပြောဆိုငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
သံဃာသည် ကျောင်းအိပ်ရာနေရာခင်းခြင်းငှါလည်းကောင်း၊ ဆွမ်းညွှန်းခြင်းငှါလည်းကောင်း၊ ယာဂု ဝေဖန်ခြင်းငှါလည်းကောင်း၊ သစ်သီးဝေဖန်ခြင်းငှါလည်းကောင်း၊ ခဲဖွယ်ဝေဖန်ခြင်းငှါလည်းကောင်း၊ အနည်း ငယ်ကို စွန့်ခြင်းငှါလည်းကောင်း မသမုတ်အပ်သော ရဟန်းကို ကျေးဇူးမဲ့ ပြုလို၍ အကျော်အစောမဲ့ကို ပြုလို၍ မျက်နှာမသာမှုကို ပြုလို၍ ရဟန်းကိုလည်းကောင်း၊ ရဟန်းမဟုတ်သူကိုလည်းကောင်း ကဲ့ရဲ့စေ ငြားအံ့၊ ရှုတ်ချပြောဆိုငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
သံဃာသည် ကျောင်းအိပ်ရာနေရာခင်းခြင်းငှါလည်းကောင်း၊ ဆွမ်းညွှန်းခြင်းငှါလည်းကောင်း၊ ယာဂု ဝေဖန်ခြင်းငှါလည်းကောင်း၊ သစ်သီးဝေဖန်ခြင်းငှါလည်းကောင်း၊ ခဲဖွယ်ဝေဖန်ခြင်းငှါလည်းကောင်း၊ အနည်း ငယ်ကို စွန့်ခြင်းငှါလည်းကောင်း၊ သမုတ်ထားသည်လည်းဖြစ်သော သမုတ်မထားသည်လည်းဖြစ်သော ရဟန်း မဟုတ်သူကို ကျေးဇူးမဲ့ ပြုလို၍ အကျော်အစောမဲ့ကို ပြုလို၍ မျက်နှာမသာမှုကို ပြုလို၍ ရဟန်း ကိုလည်းကောင်း၊ ရဟန်းမဟုတ်သူကိုလည်းကောင်း ကဲ့ရဲ့စေငြားအံ့၊ ရှုတ်ချပြောဆိုငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
၁၀၇။ ပကတိသဘောအားဖြင့် ချစ်ခြင်း (ဆန္ဒာဂတိ) ကြောင့် အမျက်ထွက်ခြင်း (ဒေါသာဂတိ) ကြောင့် တွေဝေ မိုက်မှားခြင်း (မောဟာဂတိ) ကြောင့် ကြောက်ခြင်း (ဘယာဂတိ) ကြောင့် ပြုသော ရဟန်းကို ကဲ့ရဲ့စေငြားအံ့၊ ရှုတ်ချပြောဆိုငြားအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
တတိယ ဥဇ္ဈာပနကသိက္ခာပုဒ် ပြီး၏။ ၁။ ဆဗ္ဗဂ္ဂီရဟန်းခြောက်ပါးတို့တွင် အပါအဝင်ဖြစ်သော မေတ္တိယမည်သောရဟန်း ဘုမ္မဇကမည်သော ရဟန်းနှစ်ပါးတို့တည်း။