၆၂၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်း သုံးနေတော်မူသောအခါ
ပုဏ္ဏားတစ်ယောက်သည် သံဃာအလို့ငှါ သောက်ဖွယ်နို့ရည် 'နို့အေး'ကို စီရင် ထားလေ၏။
ရဟန်းတို့သည် ရှုတ်ရှုတ်အသံပြု၍ နို့အေးကို သောက်ကုန်၏၊
ကချေသည် ဖြစ်ဖူးသော ရဟန်းတစ်ပါးက
''ဤသံဃာအားလုံးသည် အအေးဒဏ်၁ ထိခိုက်နေယောင်တကား''ဟု ပြောဆို၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ရဟန်းသည် သံဃာကို အကြောင်းပြု၍ ရယ်ရွှင်ဖွယ်ကို ပြုဘိသနည်''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကုန်၏။ပ။
''ရဟန်း သင်သည် သံဃာကို အကြောင်းပြု၍ ရယ်ရွှင်ဖွယ်ကို ပြု၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင်သည် အဘယ့်ကြောင့် သံဃာကို အကြောင်းပြု၍ ရယ်ရွှင်ဖွယ်ကို ပြုဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ကဲ့ရဲ့တော်မူပြီးလျှင် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို-
''ရဟန်းတို့ ဘုရား တရား သံဃာနှင့် စပ်လျဉ်း၍ ရယ်ရွှင်ဖွယ်ကို မပြုအပ်၊
ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏''ဟု မိန့်တော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းကို များစွာသော အကြောင်းတို့ဖြင့် ကဲ့ရဲ့ပြစ်တင်တော် မူပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၁၉၆။ ၅၁- ''ရှုတ်ရှုတ်အသံပြု၍ မစားအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ရှုတ်ရှုတ်အသံပြု၍ မစားအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ရှုတ်ရှုတ်အသံပြု၍ စားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပဌမသိက္ခာပုဒ် ပြီး၏။
၁။ သီတိကတောတိ သီတပီဠိတော (ဝိမတိဋီကာ)
၆၂၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် လက်ကို လျက်ကာ လျက်ကာ စားကုန်၏။ပ။
၁၉၇။ ၅၂- ''လက်ကို လျက်ကာ လျက်ကာ မစားအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
လက်ကို လျက်ကာ လျက်ကာ မစားအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ လက်ကို လျက်ကာ လျက်ကာ စားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒုတိယသိက္ခာပုဒ်ပြီး၏။
၆၂၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သပိတ်ကို ခြစ်ကာ ခြစ်ကာ စားကုန်၏။ပ။
၁၉၈။ ၅၃- ''သပိတ်ကို ခြစ်ကာ ခြစ်ကာ မစားအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
သပိတ်ကို ခြစ်ကာ ခြစ်ကာ မစားအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ သပိတ်ကို ခြစ်ကာ ခြစ်ကာ စားအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းတို့အား အာပတ် မသင့်။ အနည်းငယ်သော စားကြွင်းကို တစ်ပေါင်းတည်း စုရုံံးကာ ခြစ်၍ စားအံ့၊ အာပတ် မသင့်။ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူး သော ရဟန်းတို့အားလည်း အာပတ် မသင့်။
တတိယသိက္ခာပုဒ် ပြီး၏။
၆၃၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် နှုတ်ခမ်းကို လျက်ကာ လျက် ကာ စားကုန်၏။ပ။
၁၉၉။ ၅၄- ''နှုတ်ခမ်းကို လျက်ကာ လျက်ကာ မစားအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
နှုတ်ခမ်းကို လျက်ကာ လျက်ကာ မစားအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ နှုတ်ခမ်းကို လျက်ကာ လျက် ကာ စားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
စတုတ္ထသိက္ခာပုဒ် ပြီး၏။
၆၃၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သံသုမာရဂီရိမြို့ သားသမင်တို့အား ဘေးမဲ့ပေးရာ ဘေသကဠတော၌ သီတင်းသုံးနေတော်မူသောအခါ
ရဟန်းတို့သည် ကောကနဒမည်သော ပြာသာဒ်၌ ဆွမ်းစသည် ပေကျံသော လက်ဖြင့် သောက်ရေခွက်ကို ကိုင်ကုန်၏။
လူတို့သည် အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည့်ကာမစည်းစိမ်ကို ခံစားသော လူတို့ကဲ့သို့ ဆွမ်းစသည် ပေကျံသော လက်ဖြင့် သောက်ရေခွက်ကို ကိုင်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော လူတို့၏ စကားကို ကြားကြသည်သာ တည်း။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆွမ်းစသည် ပေကျံသော လက်ဖြင့် သောက်ရေခွက်ကို ကိုင်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
ရဟန်းတို့ ရဟန်းတို့သည် ဆွမ်းစသည် ပေကျံသော လက်ဖြင့် သောက်ရေခွက်ကို ကိုင်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ထိုယောက်ျားတို့သည် အဘယ့်ကြောင့် ဆွမ်းစသည် ပေကျံသော လက်ဖြင့် သောက်ရေခွက်ကို ကိုင်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ရဟန်းတို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၂၀၀။ ၅၅- ''ဆွမ်းစသည် ပေကျံသော လက်ဖြင့် သောက်ရေခွက်ကို မကိုင်အံ့ဟု ကျင့်ကြံအား ထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဆွမ်းစသည် ပေကျံသော လက်ဖြင့် သောက်ရေခွက်ကို မကိုင်အပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဆွမ်းစသည် ပေကျံသော လက်ဖြင့် သောက်ရေခွက်ကို ကိုင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းတို့အား အာပတ် မသင့်။ ဆေးကြောအံ့ဟူ၍သော်လည်းကောင်း၊ ဆေးကြောစေအံ့ဟူ၍သော်လည်း ကောင်း ကိုင်အံ့၊ ဘေးရန်တို့ကြောင့် ကိုင်အံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူး သော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပဉ္စမသိက္ခာပုဒ် ပြီး၏။
၆၃၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သံသုမာရဂီရိမြို့ သားသမင်တို့အား ဘေးမဲ့ပေးရာ ဘေသကဠတော၌ သီတင်းသုံးနေတော်မူသောအခါ
ရဟန်းတို့သည် ကောကနဒမည်သော ပြာသာဒ်၌ ဆွမ်းလုံးနှင့်တကွသော သပိတ်ဆေးရေကို ရွာတွင်း၌ စွန့်ကုန်၏။
လူတို့သည် အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ကာမစည်းစိမ်ကို ခံစားသော လူတို့ကဲ့သို့ ဆွမ်းလုံးနှင့်တကွသော သပိတ်ဆေးရေကို ရွာတွင်း၌ စွန့်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ရဟန်းတို့သည် ဆွမ်းလုံးနှင့်တကွသော သပိတ်ဆေးရေကို ရွာတွင်း၌ စွန့်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ရဟန်းတို့သည် ဆွမ်းလုံးနှင့်တကွသော သပိတ်ဆေးရေကို ရွာတွင်း၌ စွန့်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ထိုယောက်ျားတို့သည် ဆွမ်းလုံးနှင့်တကွသော သပိတ်ဆေးရေကို အဘယ့်ကြောင့် ရွာတွင်း၌ စွန့်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ရဟန်းတို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၂၀၁။ ၅၆- ''ဆွမ်းလုံးနှင့်တကွသော သပိတ်ဆေးရေကို ရွာတွင်း၌ မစွန့်အံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဆွမ်းလုံးနှင့်တကွသော သပိတ်ဆေးရေကို ရွာတွင်း၌ မစွန့်အပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဆွမ်းလုံးနှင့်တကွသော သပိတ်ဆေးရေကို ရွာတွင်း၌ စွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း တို့အား အာပတ် မသင့်။ (ဆွမ်းလုံးကို) ထုတ်ယူ၍လည်းကောင်း၊ (ဆွမ်းလုံးကို) ချေခွဲ၍လည်းကောင်း၊ (ထွေးခံ လက်ဆေးခံဖြင့်) ခံယူ၍လည်းကောင်း၊ (ရွာပသို့) ထုတ်ဆောင်၍လည်းကောင်း စွန့်အံ့၊ အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌသိက္ခာပုဒ်ပြီး၏။
၆၃၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထီးကိုင်ထားသူအား တရား ဟောကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထီးကိုင်ထား သူအား တရားဟောကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ သင်တို့သည် ထီးကိုင်ထားသူအား တရားဟောကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်း တော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် ထီးကိုင်ထားသူအား တရားဟောကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(က) - ''ထီးကိုင်ထားသူအား တရားမဟောအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၆၃၄။ ထိုစဉ်အခါ၌ ရဟန်းတို့သည် ထီးကိုင်ထားသော နာဖျားသူအား တရားဟောခြင်းငှါ မအပ်ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိကြကုန်၏။
လူတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရားအနွယ်တော် ဖြစ်သော ရဟန်းတို့သည် ထီးကိုင်ထားသော နာဖျားသောသူအား တရားမဟော ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည့်သာတည်း။
ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏၊
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို ''ရဟန်းတို့ ထီးကိုင်ထားသော နာဖျားသူအား တရားဟောခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၂၀၂။ ၅၇- (ခ) ''ထီးကိုင်ထားသော မနာမဖျားသူအား တရားကို မဟောအံ့ဟု ကျင့်ကြံ အားထုတ်မှု ကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ထီး မည်သည် ဝါးခြမ်းစိတ်တို့ဖြင့် ဝန်းဝိုင်းစွာ ခရိုင်ဖွဲ့ထားသော ထီးဖြူ၊ ဖျာထီး၊ သစ်ရွက်ထီး အားဖြင့် သုံးမျိုးရှိ၏။
တရား မည်သည် ဘုရားဟောတရား သာဝကဟောတရား ရသေ့ဟောတရား နတ်ဟောတရား အဋ္ဌကထာနှင့်စပ်သောတရား ပါဠိတော်နှင့်စပ်သော တရားတည်း။
ဟောငြားအံ့ဟူသည် ပုဒ်ဖြင့် ဟောအံ့၊ ပုဒ်တိုင်း ပုဒ်တိုင်း ဒုက္ကဋ်အာပတ် သင့်၏။
အက္ခရာဖြင့် ဟောအံ့၊ အက္ခရာတိုင်း အက္ခရာတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
ထီးကိုင်ထားသော မနာမဖျားသူအား တရားကို မဟောအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ထီးကိုင်ထားသော မနာမဖျားသူအား တရားကို ဟောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
သတ္တမသိက္ခာပုဒ်ပြီး၏။
၆၃၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် တုတ်ကိုင်ထားသော သူအား တရားဟောကုန်၏။ပ။
၂၀၃။ ၅၈ - ''တုတ်ကိုင်ထားသော မနာမဖျားသူအား တရားမဟောအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
တုတ် မည်သည် အလယ်အလတ်ဖြစ်သော ယောက်ျား၏ လေးတောင်ရှိသော တုတ်တည်း။
ထိုလေးတောင်ထက် ရှည်လျှင် တုတ်မမည်၊ လေးတောင်အောက် တိုလျှင်လည်း တုတ်မမည်၊
တုတ်ကိုင် ထားသော မနာမဖျားသူအား တရားမဟောအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ တုတ်ကိုင်ထားသော မနာမဖျားသူအား တရားကို ဟောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
အဋ္ဌမသိက္ခာပုဒ် ပြီး၏။
၆၃၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဓားကိုင်ထားသူအား တရား ဟောကုန်၏။ပ။
၂၀၄။ ၅၉ - ''ဓားကိုင်ထားသော မနာဖျားသူအား တရားမဟောအံ့ဟု ကျင့်ကြံ အားထုတ် မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဓား မည်သည် ထိုးခုတ်ရန်ဖြစ်သော တစ်ဖက်အသွားရှိသော ဓား၊ နှစ်ဖက်အသွားရှိသော ဓားတည်း။
ဓားကိုင်ထားသော မနာမဖျားသူအား တရားမဟောအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဓားကိုင်ထားသော မနာမဖျားသူအား တရားဟောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
နဝမသိက္ခာပုဒ်ပြီး၏။
၆၃၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် လက်နက်ကိုင်ထားသော သူအား တရားဟောကုန်၏။ပ။
၂၀၅။ ၆၀ - ''လက်နက်ကိုင်ထားသော မနာမဖျားသူအား တရားကို မဟောအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
လက်နက် မည်သည် မြားညှို့ရှိသော လေးလက်နက် (အလယ်ကောက်သော ထမ်းပိုးတံနှင့်တူသော လင်းလေး) မြားညှို့မရှိသော လေးလက်နက် (အရိုးဖောက်ထွင်းသော ဒူးလေး) တည်း။
လက်နက်ကိုင်ထားသော မနာမဖျားသူအား တရားမဟောအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ လက်နက်ကိုင်ထားသော မနာမဖျားသူအား တရားကို ဟောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒသမသိက္ခာပုဒ်ပြီး၏။
ဆဋ္ဌသုရုသုရုဝဂ်ပြီး၏။