Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

10. Rahonisajjasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၁၉၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
အသျှင်ဥဒါယီ၏ မယားဟောင်းသည် ရဟန်းမိန်းမ တို့ထံ၌ ရဟန်းပြု၏။
ထိုရဟန်းမိန်းမသည် အသျှင်ဥဒါယီထံသို့ မပြတ်လာ၏၊ အသျှင်ဥဒါယီသည်လည်း ထိုရဟန်းမိန်းမ၏ အထံသို့ မပြတ်သွား၏။
ထိုအခါ အသျှင်ဥဒါယီသည် ထိုရဟန်းမိန်းမနှင့် အတူ တစ်ယောက်ချင်းချင်း ဆိတ်ကွယ်ရာ အရပ်၌ နေထိုင်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် အသျှင်ဥဒါယီသည် ရဟန်းမိန်းမနှင့်အတူ တစ်ယောက်ချင်းချင်း ဆိတ်ကွယ်ရာအရပ်၌ နေထိုင်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ဥဒါယီ သင်သည် ရဟန်းမိန်းမနှင့်အတူ တစ်ယောက်ချင်းချင်း ဆိတ်ကွယ်ရာအရပ်၌ နေထိုင်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား အဘယ့်ကြောင့် သင်သည် ရဟန်းမိန်းမနှင့် အတူ တစ်ယောက်ချင်းချင်း ဆိတ်ကွယ်ရာအရပ်၌ နေထိုင်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၁၉၉။ ''အကြင်ရဟန်းသည် ရဟန်းမိန်းမနှင့် အတူ တစ်ယောက်ချင်းချင်း ဆိတ်ကွယ်ရာ အရပ်၌ နေထိုင်ခြင်းကို ပြုငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၂၀၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏၊
ရဟန်းမိန်းမ မည်သည် ဥဘတောသံဃာ၌ ပဉ္စင်းဖြစ်သော ရဟန်းမိန်းမတည်း။
အတူဟူသည် တစ်ပေါင်းတည်း။
တစ်ယောက်ချင်းချင်းဟူသည် ရဟန်းယောက်ျားသည်လည်းကောင်း၊ ရဟန်းမိန်းမသည် လည်းကောင်း ဖြစ်၏။
ဆိတ်ကွယ်ရာအရပ် မည်သည် မျက်စိဆိတ်ကွယ်ရာအရပ် နားဆိတ်ကွယ်ရာအရပ်တည်း။
မျက်စိဆိတ်ကွယ်ရာအရပ် မည်သည် မျက်စိကို ဖွင့်သော်လည်းကောင်း၊ မျက်မှောင်ကို ချီသော့်လည်းကောင်း၊ ဦးခေါင်းကို မော့သော်လည်းကောင်း မြင်ခြင်းငှါ မစွမ်းနိုင်သော အရပ်တည်း။
နားဆိတ်ကွယ်ရာအရပ် မည်သည် ပကတိသော စကားပြောခြင်းကို ကြားခြင်းငှါ မစွမ်းနိုင်သော အရပ်တည်း။
နေထိုင်ခြင်းကို ပြုငြားအံ့ဟူသည် ရဟန်းမိန်းမသည် ထိုင်နေသော် ရဟန်းယောက်ျားသည် ကပ်၍ ထိုင်နေသော်လည်းကောင်း၊ ကပ်၍ အိပ်သော်လည်းကောင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းယောက်ျား ထိုင်နေသော် ရဟန်းမိန်းမသည် ကပ်၍ ထိုင်နေသော်လည်းကောင်း၊ ကပ်၍ အိပ်သော်လည်းကောင်း ပါစိတ်အာပတ် သင့်၏။
နှစ်ယောက်လုံး ထိုင်နေသော်လည်းကောင်း၊ နှစ်ယောက်လုံး အိပ်နေသော်လည်းကောင်း ပါစိတ်အာပတ် သင့်၏။
၂၀၁။ ဆိတ်ကွယ်ရာအရပ်၌ ဆိတ်ကွယ်၏ဟု အမှတ်ရှိသည် ဖြစ်၍ တစ်ယောက်ချင်းချင်း ထိုင်နေအံ့၊ ပါစိတ်အာပတ် သင့်၏။
ဆိတ်ကွယ်ရာအရပ်၌ ယုံမှားရှိသည်ဖြစ်၍ တစ်ယောက်ချင်းချင်း ထိုင်နေအံ့၊ ပါစိတ်အာပတ် သင့်၏။
ဆိတ်ကွယ်ရာအရပ်၌ မဆိတ်ကွယ်ဟု အမှတ်ရှိသည် ဖြစ်၍ တစ်ယောက်ချင်းချင်း ထိုင်နေအံ့၊ ပါစိတ်အာပတ် သင့်၏။
မဆိတ်ကွယ်ရာအရပ်၌ ဆိတ်ကွယ်ရာဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မဆိတ်ကွယ်ရာအရပ်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မဆိတ်ကွယ်ရာအရပ်၌ မဆိတ်ကွယ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၂၀၂။ အမှတ်မရှိ သိကြားလိမ္မာသောသူ အဖော်ရှိအံ့၊ ရပ်သော်လည်း မထိုင်အံ့၊ ဆိတ်ကွယ်ခြင်းကို မငဲ့အံ့၊ တစ်ပါးကို အာရုံပြု၍ ထိုင်နေအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒသမ ရဟောနိသဇ္ဇသိက္ခာပုဒ် ပြီး၏။
တတိယ ဩဝါဒဝဂ် ပြီး၏။
သမ္မုတိမရဘဲ ရဟန်းမိန်းမတို့ကို ဆုံးမသော သိက္ခာပုဒ်၊ နေဝင်မှ ဆုံးမသော သိက္ခာပုဒ်၊ ရဟန်းမိန်းမ ကျောင်းသို့သွား၍ ဆုံးမသော သိက္ခာပုဒ်၊ အာမိသကြောင့် ဆုံးမ၏ဟုဆိုသော သိက္ခာပုဒ်၊ ရဟန်းမိန်းမအား သင်္ကန်းပေးသော သိက္ခာပုဒ်၊
ရဟန်း မိန်းမ၏ သင်္ကန်းကို ချုပ်သော သိက္ခာပုဒ်၊ ရဟန်းမိန်းမနှင့် တိုင်ပင်ညီညွတ်၍ ခရီးသွားသော သိက္ခာပုဒ်၊ တိုင်ပင် ညီညွတ်၍ လှေစီးသော သိက္ခာပုဒ်၊ ရဟန်းမိန်းမ စီရင်သော ဆွမ်းကို စားသော သိက္ခာပုဒ်၊ တစ်ယောက်ချင်းချင်း နေထိုင်သော သိက္ခာပုဒ်၊ ထိုသိက္ခာပုဒ်တို့သည် ဆယ်ပါးတို့တည်း။
ဤကားအကျဉ်းချုပ်တည်း။