၁၂၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ရဟန်းနှစ်ပါးတို့သည် သံဃိကကျောင်း အထက်ဆင့် တွင် ပျဉ်မခင်း၍ ဟင်းလင်းအပြင်ရှိသော ကုဋီ၌
ရဟန်းတစ်ပါးသည် အောက်၌ နေ၍ ရဟန်းတစ်ပါးသည် အထက်၌ နေ၏။
အထက်၌ နေသော ရဟန်းသည် အပေါင်၌ အခြေတပ်သော ညောင်စောင်းကို အဆောတလျင် ဖိ၍ ထိုင်၏၊
ညောင်စောင်း၏ ခြေသည် ကျွတ်ကျ၍ အောက်၌ နေသော ရဟန်း၏ ဦးခေါင်းကို ထိခိုက်မိလေ၏၊
ထိုရဟန်းသည် ကျယ်လောင်စွာ ဟစ်အော်၏ 'ဖောက်ပြန်သော အသံကို ပြု၏'။
ရဟန်းတို့သည် ပြေးလာကုန်၍ ''ငါ့သျှင် သင်သည် အဘယ့်ကြောင့် ကျယ်လောင်စွာ ဟစ်အော်ဘိသနည်း''ဟု မေးမြန်းကုန်၏။
ထိုအခါ ထိုရဟန်းသည် ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ရဟန်းသည် သံဃိကကျောင်း အထက်ဆင့်တွင် ပျဉ်မခင်း၍ ဟင်းလင်းအပြင်ရှိသော ကုဋီ၌ အပေါင်တွင် အခြေတပ်သော ညောင်စောင်းကို အဆောတလျင် ဖိ၍ ထိုင်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ထိုအခါ ထိုရဟန်းတို့သည် ထိုရဟန်းကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်း သင်သည် သံဃိကကျောင်း အထက် ဆင့်တွင် ပျဉ်မခင်း၍ ဟင်းလင်းအပြင်ရှိသော ကုဋီ၌ အပေါင်တွင် အခြေတပ်သော ညောင်စောင်းကို အဆောတလျင် ဖိ၍ ထိုင်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား အဘယ့်ကြောင့် သင်သည် သံဃိကကျောင်း အထက်ဆင့်တွင် ပျဉ်မခင်း၍ ဟင်းလင်းအပြင် ရှိသော ကုဋီ၌ အပေါင်တွင် အခြေတပ်သော ညောင်စောင်းကို အဆောတလျင် ဖိ၍ ထိုင်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့ အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၁၃၀။ ''အကြင်ရဟန်းသည် သံဃိကကျောင်း အထက်ဆင့်တွင် ပျဉ်မ ခင်း၍ ဟင်းလင်းအပြင်ရှိသော ကုဋီ၌ အပေါင်တွင် အခြေတပ်သော ညောင်စောင်းကို သော်လည်းကောင်း၊ အင်းပျဉ်ကိုသော်လည်းကောင်း ဖိ၍မူလည်း ထိုင်ငြားအံ့၊ ဖိ၍ မူလည်း အိပ်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြ ကုန်လော့ဟု မိန့်တော်မူ၏)။
၁၃၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
သံဃိကကျောင်း မည်သည် သံဃာအား ပေးလှူအပ် စွန့်လှူအပ်သော ကျောင်းတည်း။
ဟင်းလင်းအပြင် ရှိသောကုဋီ မည်သည် အလယ်အလတ်ဖြစ်သော ယောက်ျား 'မဇ္ဈိမပုရိသ' ၏ ဦးခေါင်းမထိသော ကုဋီတည်း။
အပေါင်တွင် အခြေတပ်သော ညောင်စောင်း မည်သည် အပေါင်၌ ထွင်းဖောက်၍ တည်၏။
အပေါင်တွင် အခြေတပ်သော အင်းပျဉ် မည်သည် အပေါင်၌ ထွင်းဖောက်၍ တည်၏။
ဖိ၍ ထိုင်ငြားအံ့ဟူသည် ထိုညောင်စောင်းကို ဖိ၍ ထိုင်အံ့၊ ပါစိတ်အာပတ် သင့်၏။
ဖိ၍ အိပ်ငြားအံ့ဟူသည် ထိုညောင်စောင်းကို ဖိ၍ အိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
၁၃၂။ သံဃိကကျောင်း၌ သံဃိကကျောင်းဟု အမှတ်ရှိသည်ဖြစ်၍ အထက်ဆင့်တွင် ပျဉ်မခင်း၍ ဟင်းလင်းအပြင်ရှိသော ကုဋီ၌ အပေါင်တွင် အခြေတပ်သော ညောင်စောင်းကိုသော်လည်းကောင်း၊ အင်းပျဉ် ကိုသော်လည်းကောင်း ဖိ၍သော်လည်း ထိုင်အံ့၊ ဖိ၍သော်လည်း အိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။
သံဃိကကျောင်း၌ ယုံမှားရှိအံ့။ပ။ သံဃိကကျောင်း၌ ပုဂ္ဂလိကကျောင်းဟု အမှတ်ရှိသည်ဖြစ်၍ အထက်ဆင့်တွင် ပျဉ်မခင်း၍ ဟင်းလင်းအပြင်ရှိသော ကုဋီ၌ အပေါင်တွင် အခြေတပ်သော ညောင်စောင်းကို သော်လည်းကောင်း၊ အင်းပျဉ်ကိုသော်လည်းကောင်း ဖိ၍သော်လည်း ထိုင်အံ့၊ ဖိ၍သော်လည်း အိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။
ပုဂ္ဂလိကကျောင်း၌ သံဃိကကျောင်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပုဂ္ဂလိကကျောင်း၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပုဂ္ဂလိကကျောင်း၌ ပုဂ္ဂလိကကျောင်းဟု အမှတ်ရှိရာ၌ တစ်ပါးသော ရဟန်း၏ ပုဂ္ဂလိကကျောင်း ဖြစ်မူ ဒုက္ကဋ်အာပတ် သင့်၏။
မိမိ၏ ပုဂ္ဂလိကကျောင်းဖြစ်မူ အာပတ် မသင့်။
၁၃၃။ အထက်ဆင့်တွင် ပျဉ်ခင်း၍ ဟင်းလင်းအပြင် မရှိသော ကုဋီ၌သော်လည်းကောင်း၊ အလယ် အလတ်ဖြစ်သော ယောက်ျား 'မဇ္ဈိ မပုရိသ'၏ ဦးခေါင်းမလွတ် ထိခိုက်နိုင်သော ကုဋီ၌သော်လည်းကောင်း အာပတ်မသင့်၊ အောက်ဆင့် 'အောက်ထပ်'၌ မသုံးဆောင်အံ့၊ ပျဉ်ချပ်စီခင်းထားအံ့၊ စို့ 'မယ်န' နှက် ထားအံ့၊ ထိုညောင်စောင်း အင်းပျဉ်၌ ရပ်လျက် (တစ်စုံတစ်ခုကို) ယူသော်လည်းကောင်း၊ ဆွဲချိတ်သော် လည်းကောင်း အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
အဋ္ဌမ ဝေဟာသကုဋိသိက္ခာပုဒ် ပြီး၏။