问题
选择版本
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

5. Mañcapīṭhasikkhāpadaṃ

作者: my-tipitaka @ visuddhinanda

၅၂၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် မြင့်သော ညောင်စောင်း၌ အိပ်၏။
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းအပေါင်းများစွာတို့နှင့်အတူ ကျောင်းစဉ် ဒေသစာရီ လှည့်လည်သည် ရှိသော် သာကီဝင်မင်းသား အသျှင်ဥပနန္ဒ၏ ကျောင်းသို့ ချဉ်းကပ်တော်မူ၏။
သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် မြတ်စွာဘုရား ကြွလာတော်မူသည်ကို အဝေးကပင်လျှင် မြင်၍
''အသျှင်ဘုရား ကြွလာတော်မူပါ၊ အကျွန်ုပ်၏ အိပ်ရာကို ကြည့်တော်မူပါ''ဟု လျှောက်၏။
ထိုအခါ မြတ်စွာဘုရားသည် ထိုအရပ်ကပင်လျှင် ပြန်လှည့်တော်မူ၍
''ရဟန်းတို့ နေထိုင်ပုံ (အမူအရာ) အားဖြင့် (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားဟု သိထိုက်၏''ဟု မိန့်တော်မူ၏။
ထိုအခါ မြတ်စွာ ဘုရားသည် သာကီဝင်မင်းသား အသျှင်ဥပနန္ဒကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ ပြစ်တင်တော်မူ ပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၅၂၂။ ''ညောင်စောင်းသစ်ကိုသော်လည်းကောင်း၊ အင်းပျဉ်သစ်ကိုသော် လည်းကောင်း ပြုလုပ်လိုသော ရဟန်းသည် အပေါင် 'ဘောင်' အောက်စွန်းကို ကြဉ်၍ မြတ်စွာဘုရား လက်သစ်တော်ဖြင့် ရှစ်သစ်အခြေရှိသော ညောင်စောင်း အင်းပျဉ်ကို ပြုလုပ်စေရမည်၊
ထိုလက် ရှစ်သစ်အခြေထက် လွန်စေသော ရဟန်းအား ဖြတ်ခြင်း ရှေးရှိသော ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၅၂၃။ အသစ် မည်သည် ပြုလုပ်ခြင်းကို စွဲ၍ ဆို၏။
ညောင်စောင်း မည်သည် အခြေ၌ အပေါင်စွပ်သော ညောင်စောင်း၊ ထုပ်လျောက်ဖွဲ့သော ညောင် စောင်း၊ ကောက်သော အခြေရှိသော ညောင်စောင်း၊ အပေါင်၌ အခြေစွပ်သော ညောင်စောင်းဟူ၍ ညောင် စောင်း လေးမျိုးရှိ၏။
အင်းပျဉ် 'ခုံရှည်' မည်သည် အခြေ၌ အပေါင်စွပ်သော အင်းပျဉ်၊ ထုပ်လျောက်ဖွဲ့သော အင်းပျဉ်၊ ကောက်သော အခြေရှိသော အင်းပျဉ်၊ အပေါင်၌ အခြေစွပ်သော အင်းပျဉ်ဟူ၍ အင်းပျဉ် လေးမျိုးရှိ၏။
ပြုလုပ်လိုသောရဟန်းဟူသည် ပြုသောရဟန်းသော်လည်းကောင်း၊ ပြုစေသောရဟန်းသော်လည်း ကောင်း။
အပေါင် 'ဘောင်' အောက်စွန်းကို ကြဉ်၍ မြတ်စွာဘုရား လက်သစ်တော်ဖြင့် ရှစ်သစ် အရှည် ရှိသော ညောင်စောင်း အင်းပျဉ်ကို ပြုလုပ်စေရမည်ဟူသည် အပေါင်အောက်ဆုံးစွန်းကို ဖယ်ထား၍။
ထိုလက် ရှစ်သစ်အခြေထက် လွန်စေ၍ ပြုလုပ်မူလည်း ပြုလုပ်ငြားအံ့၊ ပြုလုပ်စေမူလည်း ပြုလုပ်စေ ငြားအံ့၊ ပယောဂတိုင်း ပယောဂတိုင်း ဒုက္ကဋ်အာပတ် သင့်၏။ ရခြင်းကြောင့် (ညောင်စောင်း အင်းပျဉ်ကို) ဖြတ်တောက်၍ ပါစိတ်အာပတ်ကို ဒေသနာ ကြားအပ်၏။
၅၂၄။ ကိုယ်တိုင်ပြုလုပ်၍ မပြီးသေးသော ညောင်စောင်း အင်းပျဉ်ကို ကိုယ်တိုင်ပင် ပြုလုပ် ပြီးဆုံး စေအံ့၊ ပါစိတ်အာပတ် သင့်၏။
ကိုယ်တိုင်ပြုလုပ်၍ မပြီးသေးသော ညောင်စောင်း အင်းပျဉ်ကို သူတစ်ပါး တို့ကို ပြုလုပ် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော ညောင်စောင်း အင်းပျဉ်ကို ကိုယ်တိုင် ပြုလုပ်ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော ညောင်စောင်း အင်းပျဉ်ကို သူတစ်ပါးတို့ကိုပင် ပြုလုပ်ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
သူတစ်ပါး၏ အကျိုးငှါ ပြုလုပ်မူလည်း ပြုလုပ်အံ့၊ ပြုလုပ်စေမူလည်း ပြုလုပ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
သူတစ်ပါး ပြုလုပ်ထားသော ညောင်စောင်း အင်းပျဉ်ကို ရ၍ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၅၂၅။ အတိုင်းအရှည်ပမာဏနှင့်ယှဉ်သော ညောင်စောင်း အင်းပျဉ်ကို ပြုလုပ်အံ့၊ အတိုင်းအရှည် အောက် ယုတ်လျော့သော ညောင်စောင်း အင်းပျဉ်ကို ပြုလုပ်အံ့၊ သူတစ်ပါးပြုလုပ်သော အတိုင်းအရှည် ထက် ပိုလွန်သော ညောင်စောင်း အင်းပျဉ်ကို ရသောအခါ ဖြတ်၍ သုံးဆောင်အံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပဉ္စမ မဉ္စပီဌသိက္ခာပုဒ် ပြီး၏။