၁၂၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
သတ္တရသဝဂ္ဂီရဟန်းတို့သည် အစွန်အဖျားကျသော ကျောင်းကြီးတစ်ကျောင်းကို ''ဤကျောင်းကြီး၌ ငါတို့သည် ဝါကပ်နေကုန်အံ့''ဟု ပြုပြင်ကြကုန်၏။
ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီရဟန်းတို့ ကျောင်းပြုပြင်သည်ကို မြင်၍ ''ငါ့သျှင်တို့ ဤ သတ္တရသဝဂ္ဂီ ရဟန်းတို့သည် ကျောင်းကို ပြုပြင်ကုန်၏။ ယခု ထိုရဟန်းတို့ကို ထွက်သွားစေကုန်အံ့''ဟု ပြောဆိုကုန်၏။
အချို့သော ဆဗ္ဗဂ္ဂီရဟန်းတို့က ''ငါ့သျှင်တို့ ပြုပြင်၍ ပြီးသည်တိုင်အောင် ဆိုင်းငံ့ကုန်ဦး လော့၊ ပြုပြင်ပြီးမှ ထွက်သွားစေကုန်အံ့''ဟု ဆိုကုန်၏။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီရဟန်းတို့ကို ''ငါ့သျှင်တို့ ထွက်သွားကြလော့၊ ကျောင်းသည် ငါတို့အတွက် ဖြစ်၏''၁ဟု ဆိုကုန်၏။
ငါ့သျှင်တို့ စောစောကပင် ပြောကြားသင့်သည် မဟုတ်ပါလော၊ ငါတို့သည်လည်း တစ်ပါးသော ကျောင်းကို ပြုပြင်နိုင်ကုန်ရာ၏ဟု (ဆိုကုန်လတ်သော်) -
ငါ့သျှင်တို့ သံဃိကကျောင်းမဟုတ်ပါလောဟု (မေးကုန်၏)။
ငါ့သျှင်တို့ သံဃိကကျောင်းဟုတ်ပေ၏ဟု (ဆိုကုန်လတ်သော်) -
ငါ့သျှင်တို့ ထွက်သွားကြလော့၊ ကျောင်းသည် ငါတို့အတွက် ဖြစ်၏ဟု (ဆိုကြကုန်၏)။
ငါ့သျှင်တို့ ကျောင်းသည် ကြီးမား၏၊
သင်တို့လည်း နေကုန်လော့၊ ငါတို့လည်း နေကုန်အံ့ဟု (ဆိုကြပြန်သော်) -
''ငါ့သျှင်တို့ ထွက်သွားကြလော့၊ ကျောင်းသည် ငါတို့အတွက် ဖြစ်၏''ဟု ဆို၍ အမျက်ထွက်ကာ နှလုံးမသာသဖြင့် လည်ပင်းကို ကိုင်ပြီးလျှင် နှင်ထုတ်ကုန်၏။
ထိုသတ္တရသဝဂ္ဂီရဟန်းတို့သည် နှင်ထုတ်ခံရ သောကြောင့် ငိုယိုကုန်၏။
ရဟန်းတို့သည် ''ငါ့သျှင်တို့ သင်တို့သည် အဘယ့်ကြောင့် ငိုယိုကုန်သနည်း''ဟု မေးကုန်၏။
ငါ့သျှင်တို့ ဤဆဗ္ဗဂ္ဂီရဟန်းတို့သည် အမျက်ထွက်ကာ နှလုံးမသာသဖြင့် ငါတို့ကို သံဃိကကျောင်းမှ နှင်ထုတ်ကုန်၏ဟု (ပြန်ပြောကြကုန်၏)။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် အမျက်ထွက်ကာ နှလုံးမသာသဖြင့် ရဟန်းတို့ကို သံဃိကကျောင်းမှ နှင်ထုတ်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချ့ကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ထိုအခါ ထိုရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။
''ရဟန်းတို့ သင်တို့သည် အမျက်ထွက်ကာ နှလုံးမသာသဖြင့် ရဟန်းတို့ကို သံဃိကကျောင်းမှ နှင်ထုတ်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် အမျက်ထွက်ကာ နှလုံးမသာသဖြင့် ရဟန်းတို့ကို သံဃိကကျောင်းမှ နှင်ထုတ်ကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညို စေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၁၂၅။ ''အကြင်ရဟန်းသည် (တစ်ပါးသော) ရဟန်းကို အမျက်ထွက်ကာ နှလုံး မသာသဖြင့် သံဃိကကျောင်းမှ နှင်ထုတ်ငြားအံ့၊ နှင်ထုတ်စေငြားအံ့၊ (ထို ရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၁၂၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ရဟန်းကိုဟူသည် (မိမိမှ) တစ်ပါးသော ရဟန်းကို။
အမျက်ထွက်ကာ နှလုံးမသာသဖြင့်ဟူသည် မမွေ့လျော်သည်ဖြစ်၍ ထိပါးလိုသော စိတ်ရှိသည် ဖြစ်၍ ငြောင့်ကဲ့သို့ဖြစ်သော စိတ်ရှိသည်ဖြစ်၍။
သံဃိကကျောင်း မည်သည် သံဃာအား လှူအပ် စွန့်အပ်သော ကျောင်းတည်း။
နှင်ထုတ်ငြားအံ့ဟူသည် တိုက်ခန်းထဲ၌ လက်စသည်ကို ကိုင်၍ ကျောင်းဦးသို့ နှင်ထုတ်အံ့၊ ပါစိတ်အာပတ် သင့်၏။
ကျောင်းဦး၌ လက်စသည်ကို ကိုင်၍ အပသို့ နှင်ထုတ်အံ့၊ ပါစိတ်အာပတ် သင့်၏။
တစ်ကြိမ်သော လုံ့လပယောဂဖြင့် တံခါးများစွာတို့ကိုလည်း လွန်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
နှင်ထုတ်စေငြားအံ့ဟူသည် သူတစ်ပါးကို စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
တစ်ကြိမ်စေခိုင်း ခြင်းဖြင့် တံခါးများစွာတို့ကိုလည်း လွန်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
၁၂၇။ သံဃိကကျောင်း၌ သံဃိကကျောင်းဟု အမှတ်ရှိလျက် အမျက်ထွက်ကာ နှလုံးမသာသဖြင့် ကိုယ်တိုင် နှင်ထုတ်သော်လည်းကောင်း၊ သူတစ်ပါးကို နှင်ထုတ်စေသော်လည်းကောင်း ပါစိတ်အာပတ် သင့်၏။
သံဃိကကျောင်း၌ ယုံမှားရှိလျက် အမျက်ထွက်ကာ နှလုံးမသာသဖြင့် ကိုယ်တိုင် နှင်ထုတ်သော် လည်းကောင်း၊ သူတစ်ပါးကို နှင်ထုတ်စေသော်လည်းကောင်း ပါစိတ်အာပတ် သင့်၏။
သံဃိကကျောင်း၌ ပုဂ္ဂလိကကျောင်းဟု အမှတ်ရှိလျက် အမျက်ထွက်ကာ နှလုံးမသာသဖြင့် ကိုယ်တိုင် နှင်ထုတ်သော်လည်းကောင်း၊ သူတစ်ပါးကို နှင်ထုတ်စေသော်လည်းကောင်း ပါစိတ်အာပတ် သင့်၏။
ထိုရဟန်း၏ ပရိက္ခရာကို ကိုယ်တိုင် ဆွဲထုတ်သော်လည်းကောင်း၊ သူတစ်ပါးကို ဆွဲထုတ်စေသော် လည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။
ကျောင်း၏ ဥပစာမှသော်လည်းကောင်း၊ စည်းဝေးရာဇရပ်မှသော်လည်းကောင်း၊ မဏ္ဍပ်မှသော်လည်းကောင်း၊ သစ်ပင်ရင်းမှသော်လည်းကောင်း၊ လွင်တီးခေါင်မှသော်လည်းကောင်း၊ နှင်ထုတ်သော်လည်းကောင်း၊ နှင်ထုတ်စေသော်လည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။
ထိုရဟန်း၏ ပရိက္ခရာကို ဆွဲထုတ်သော်လည်းကောင်း၊ ဆွဲထုတ်စေသော်လည်းကောင်း ဒုက္ကဋ် အာပတ် သင့်၏။
ရဟန်းမဟုတ်သော လူသာမဏေကို ကျောင်းမှသော်လည်းကောင်း၊ ကျောင်း၏ ဥပစာမှသော် လည်းကောင်း၊ စည်းဝေးရာဇရပ်မှသော်လည်းကောင်း၊ မဏ္ဍပ်မှသော်လည်းကောင်း၊ သစ်ပင်ရင်းမှသော် လည်းကောင်း၊ လွင်တီးခေါင်မှသော်လည်းကောင်း၊ နှင်ထုတ်သော်လည်းကောင်း၊ နှင်ထုတ်စေသော်လည်း ကောင်း ဒုက္ကဋ်အာပတ် သင့်၏။
ထိုရဟန်းမဟုတ်သူ၏ ပရိက္ခရာကို ဆွဲထုတ်သော်လည်းကောင်း၊ ဆွဲထုတ် စေသော်လည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။
ပုဂ္ဂလိကကျောင်း၌ သံဃိကကျောင်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပုဂ္ဂလိကကျောင်း၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပုဂ္ဂလိကကျောင်းကို ပုဂ္ဂလိကကျောင်းဟု အမှတ်ရှိရာ၌ တစ်ပါးသော ရဟန်း၏ ပုဂ္ဂလိကကျောင်းဖြစ်မူ ဒုက္ကဋ်အာပတ် သင့်၏။
မိမိ၏ ကိုယ်ပိုင် ပုဂ္ဂလိကကျောင်းဖြစ်မူ အာပတ် မသင့်။
၁၂၈။ အလဇ္ဇီ 'မကောင်းမှုမှ မရှက်သော' ပုဂ္ဂိုလ်ကို နှင်ထုတ်သော်လည်းကောင်း၊ နှင်ထုတ်စေ သော်လည်းကောင်း၊ ထိုပုဂ္ဂိုလ်၏ ပရိက္ခရာကို ဆွဲထုတ်သော်လည်းကောင်း၊ ဆွဲထုတ်စေသော်လည်းကောင်း အာပတ် မသင့်၊ ရူးသောသူကို နှင်ထုတ်သော်လည်းကောင်း၊ နှင်ထုတ်စေသော်လည်းကောင်း၊ ထိုရူးသူ၏ ပရိက္ခရာကို ဆွဲထုတ်သော်လည်းကောင်း၊ ဆွဲထုတ်စေသော်လည်းကောင်း အာပတ် မသင့်။
ရန်ဖြစ်တတ် ငြင်းခုံတတ် ဆန့်ကျင်ဘက်စကားကို ပြောတတ် စကားများတတ် သံဃာ၌ အဓိကရုဏ်းကို ပြုစေတတ်သော ရဟန်းကို နှင်ထုတ်သော်လည်းကောင်း၊ နှင်ထုတ်စေသော်လည်းကောင်း၊ ထိုရဟန်း၏ ပရိက္ခရာကို ဆွဲထုတ်သော်လည်းကောင်း၊ ဆွဲထုတ်စေသော်လည်းကောင်း အာပတ် မသင့်။
ဆရာဥပဇ္ဈာယ်၏ ဝတ်ကို ကောင်းစွာ မပြုကျင့်သော အနီးနေ 'အန္တေဝါသိက' တပည့်ကိုသော် လည်းကောင်း၊ အတူနေ 'သဒ္ဓိဝိဟာရိက' တပည့်ကိုသော်လည်းကောင်း၊ နှင်ထုတ်သော်လည်းကောင်း နှင်ထုတ်စေသော်လည်းကောင်း၊ ထိုရဟန်း၏ ပရိက္ခရာကို ဆွဲထုတ်သော်လည်းကောင်း၊ ဆွဲထုတ်စေသော် လည်းကောင်း အာပတ် မသင့်၊
ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
သတ္တမ နိက္ကဎ်ဍနသိက္ခာပုဒ် ပြီး၏။
၁။ ဥဋ္ဌေထာဝုသော အမှာကံ ဝိဟာရော ပါပုဏာတိ (ပါဠိတော်)။