၅၂၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ညောင်စောင်းကိုလည်းကောင်း၊ အင်းပျဉ်ကိုလည်းကောင်း လဲဖြင့် ဖွဲ့ရှက်ကာ ပြုလုပ်စေကုန်၏။
ကျောင်းစဉ် လှည့်လည်သော လူတို့သည် မြင်သဖြင့် ''သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ကာမဂုဏ်ခံစားသော လူတို့ကဲ့သို့ အဘယ့်ကြောင့် ညောင်စောင်းကိုလည်းကောင်း၊ အင်းပျဉ်ကိုလည်းကောင်း လဲဖြင့် ဖွဲ့ရှက်၍ ပြုလုပ်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည့်သာတည်း။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ညောင်စောင်းကို လည်းကောင်း၊ အင်းပျဉ်ကိုလည်းကောင်း လဲဖြင့် ဖွဲ့ရှက်၍ ပြုလုပ်စေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ သင်တို့သည် ညောင်စောင်းကိုလည်းကောင်း၊ အင်းပျဉ်ကိုလည်းကောင်း လဲဖြင့် ဖွဲ့ယှက်၍ ပြုလုပ်စေကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် ညောင်စောင်းကိုလည်းကောင်း၊ အင်းပျဉ်ကိုလည်းကောင်း လဲဖြင့် ဖွဲ့ရှက်၍ ပြုလုပ်စေကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၅၂၇။ ''အကြင်ရဟန်းသည် ညောင်စောင်းကိုလည်းကောင်း၊ အင်းပျဉ်ကို လည်းကောင်း လဲဖြင့် ဖွဲ့ရှက်၍ ပြုလုပ်စေငြားအံ့၊ (ထိုရဟန်းအား) လဲကိုထုတ်ခြင်း ရှေးရှိသော ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၅၂၈။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ညောင်းစောင်း မည်သည် အခြေ၌ အပေါင်စွပ်သော ညောင်စောင်း၊ ထုပ်လျောက်ဖွဲ့သော ညောင်စောင်း၊ ကောက်သော အခြေရှိသော ညောင်စောင်း၊ အပေါင်၌ အခြေစွပ်သော ညောင်စောင်းဟူ၍ ညောင်စောင်း လေးမျိုး ရှိ၏။
အင်းပျဉ် မည်သည် အခြေ၌ အပေါင်စွပ်သော အင်းပျဉ်၊ ထုပ်လျောက်ဖွဲ့သော အင်းပျဉ်၊ ကောက်သော အခြေရှိသော အင်းပျဉ်၊ အပေါင်၌ အခြေစွပ်သော အင်းပျဉ်ဟူ၍ အင်းပျဉ်လေးမျိုး ရှိ၏။
လဲ မည်သည် သစ်ပင်လဲ၊ နွယ်လဲ၊ ဖောင်းခါးမြက်လဲဟူ၍ လဲသုံးမျိုး ရှိ၏။
ပြုလုပ်စေငြားအံ့ဟူသည် ပြုလုပ်မူလည်း ပြုလုပ်အံ့၊ ပြုလုပ်စေမူလည်း ပြုလုပ်စေအံ့၊ ပယောဂ တိုင်း ပယောဂတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
ရခြင်းကြောင့် (လဲကို) ထုတ်၍ ပါစိတ်အာပတ်ကို ဒေသနာ ကြားအပ်၏။
၅၂၉။ မိမိပြုလုပ်၍ မပြီးသေးသော ညောင်စောင်းအင်းပျဉ်ကို မိမိသည်ပင် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
မိမိပြုလုပ်၍ မပြီးသေးသော ညောင်စောင်းအင်းပျဉ်ကို သူတစ်ပါးတို့ကို ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော ညောင်စောင်းအင်းပျဉ်ကို မိမိသည် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော ညောင်စောင်းအင်းပျဉ်ကို သူတစ်ပါးတို့ကိုပင် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
သူတစ်ပါးအကျိုးငှါ ပြုလုပ်မူလည်း ပြုလုပ်အံ့၊ ပြုလုပ်စေမူလည်း ပြုလုပ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
သူတစ်ပါးတို့ ပြုလုပ်သော ညောင်စောင်း အင်းပျဉ်ကို ရ၍ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၅၃၀။ အာယောဂပတ်၌လည်းကောင်း၊ ခါးပန်း၌လည်းကောင်း၊ အံသကိုဋ်၌လည်းကောင်း၊ သပိတ်အိတ်၌လည်းကောင်း၊ ရေစစ်၌လည်းကောင်း အာပတ် မသင့်၊ ခေါင်းအုံးကို ပြုလုပ်အံ့၊ သူတစ်ပါးတို့ ပြုလုပ်သော ညောင်စောင်း အင်းပျဉ်ကို ရသဖြင့် လဲကို ထုတ်၍ သုံးဆောင်အံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌ တူလောနဒ္ဓသိက္ခာပုဒ် ပြီး၏။