၂၆၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တောတွင် ပြာသာဒ်ဆောင် ပေါက်သော ကျောင်းကြီး၌ သီတင်းသုံးနေတော်မူသောအခါ သံဃာတော်အား ခဲဖွယ်သည် ပေါများ၏။
ထိုအခါ အသျှင်အာနန္ဒာသည် ဤအကြောင်းကို မြတ်စွာဘုရားအား လျှောက်၏။
အာနန္ဒာ သို့ဖြစ်လျှင် စားကြွင်းစားတို့အား မုန့်ကို ပေးလော့ဟု (ဆို၏)။
အသျှင်အာနန္ဒာသည့် ''ကောင်းပါပြီ အသျှင်ဘုရား''ဟု မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် စားကြွင်းစားတို့ကို အစဉ်အတိုင်း နေစေ၍ တစ်ခုတစ်ခုစီ မုန့်ကိုပေးသော် ပရိဗိုဇ်မတစ်ယောက်အား တစ်ခုဟု မှတ်ထင်၍ မုန့်နှစ်ခုပေးမိ၏။
အနီးအနားမှ ပရိဗိုဇ်မတို့သည် ထိုပရိဗိုဇ်မကို ''ဤရဟန်းသည် သင်၏ သယောက်လင်တည်း''ဟု ပြောဆိုကုန်၏။
ဤရဟန်းသည် ငါ၏ သယောက်လင် မဟုတ်၊ တစ်ခုမှတ်ထင်၍ မုန့်နှစ်ခု ပေးမိ၏ဟု (ဆို၏)။
နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် တစ်ခုတစ်ခုစီ မုန့်ကို ပေးသော် ထိုပရိဗိုဇ်မအားသာလျှင် တစ်ခုမှတ်ထင်၍ မုန့်နှစ်ခုပေးမိ၏။
အနီးအနားမှ ပရိဗိုဇ်မတို့သည် ထိုပရိဗိုဇ်မကို ''ဤ ရဟန်းသည် သင်၏ သယောက်လင်တည်း''ဟု ပြောဆိုကုန်၏။
ဤရဟန်းသည် ငါ၏ သယောက်လင်မဟုတ်၊ တစ်ခုဟု မှတ်ထင်၍ မုန့်နှစ်ခု ပေးမိ၏ဟု (ဆို၏)။
''သယောက်လင်၊ သယောက် လင် မဟုတ်''ဟု ငြင်းခုံကြကုန်၏။
အာဇီဝကတစ်ယောက်သည်လည်း ကျောင်းအရံသို့ သွား၏။
ရဟန်းတစ်ပါးသည် များစွာသော ထောပတ်ဖြင့် ထမင်းကို နယ်၍ ထိုအာဇီဝကအား ထမင်းခဲကြီးကို ပေးလေ၏။
ထိုအခါ ထိုအာဇီဝကသည် ထမင်းခဲကြီးကို ယူ၍ သွားလေ၏။
အာဇီဝကတစ်ယောက်သည် ထမင်းခဲကြီး ယူလာသော ထိုအာဇီဝကကို ''ငါ့သျှင် သင်သည် အဘယ်အရပ်မှ ထမင်းခဲကြီးကို ရသနည်း''ဟု ဆို၏။
ငါ့သျှင် ခေါင်းတုံး 'ဦးပြည်း' သူကြွယ်ဖြစ်သော ထိုရဟန်းဂေါတမ၏ ကျောင်းပရိဝုဏ်မှ ရခဲ့၏''ဟု ပြောဆို၏။
ဥပါသကာတို့သည် ထိုအာဇီဝကတို့၏ စကားပြောဆိုသည်ကို ကြားကုန်၏။
ထိုအခါ ထိုဥပါသကာ တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကုန်၏။
တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ထိုဥပါသကာတို့သည် မြတ်စွာဘုရားအား ''အသျှင် ဘုရား ဤတိတ္ထိတို့သည် မြတ်စွာဘုရား၏ ကျေးဇူးမဲ့ကို အလိုရှိကုန်၏၊ တရားတော်၏ ကျေးဇူးမဲ့ကို အလိုရှိကုန်၏၊ သံဃာတော်၏ ကျေးဇူးမဲ့ကို အလိုရှိကုန်၏။
အသျှင်ဘုရား တောင်းပန်ပါ၏၊ အသျှင် တို့သည် တိတ္ထိတို့အား မိမိလက်ဖြင့် (ကိုယ်တိုင်) မပေးပါစေကုန်လင့်''ဟု လျှောက်ကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ထိုဥပါသကာတို့ကို တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေ လျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေတော်မူ၏။
ထိုအခါ ထိုဥပါသကာတို့သည် မြတ်စွာဘုရားက တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေ၍ ရွှင်လန်းစေပြီးသော် နေရာမှ ထလျက် မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုပြီး ဖဲခွါသွားကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်း တို့အား- ''ရဟန်းတို့ သို့ဖြစ်လျှင် သံဃာတော်၏ ကောင်းပါပြီဟု ဝန်ခံကျင့်သုံးရန် သံဃာတော်များ ချမ်းသာစေရန်။ပ။ သူတော်ကောင်းတရား 'သာသနာသုံးရပ်' တည်တန့်ရန် ဝိနည်း 'စည်းမျဉ်းဥပဒေ' ကို ချီးမြောက်ရန်ဟူသော အကျိုးထူးဆယ်ပါးတို့ကို အစွဲပြု၍ ရဟန်းတို့အား သိက္ခာပုဒ်ကို ပညတ် တော်မူမည်''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၂၇၀။ ''အကြင်ရဟန်းသည် တက္ကတွန်းအားလည်းကောင်း၊ ပရိဗိုဇ် ယောက်ျားအားလည်းကောင်း၊ ပရိဗိုဇ်မအားလည်းကောင်း၊ မိမိလက်ဖြင့် (ကိုယ်တိုင်) ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်ကောင်း ပေးငြားအံ့၊ (ထိုရဟန်း အား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၂၇၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
တက္ကတွန်း မည်သည် အမှတ်မရှိသော ပရိဗိုဇ်အဖြစ်သို့ ရောက်သော (အဝတ်မဆီး) အချည်းနှီး သော သူတည်း။
ပရိဗိုဇ် မည်သည် ရဟန်းသာမဏေကို ဖယ်ထား၍ အမှတ်မရှိ ပရိဗိုဇ်အဖြစ်သို့ ရောက်သော ယောက်ျားတည်း။
ပရိဗိုဇ်မ မည်သည် ရဟန်းမိန်းမ သိက္ခမာန် သာမဏေမကို ဖယ်ထား၍ အမှတ်မရှိ ပရိဗိုဇ်မ အဖြစ်သို့ ရောက်သော မိန်းမတည်း။
ခဲဖွယ် မည်သည် ဘောဇဉ်ငါးပါးနှင့် ရေ, ဒန်ပူကို ဖယ်ထား၍ အကြွင်းသည် ခဲဖွယ် မည်၏။
ဘောဇဉ် မည်သည် ထမင်း၊ မုယောမုန့်၊ မုန့်လုံး၊ ငါး၊ စမဲဟင်းလျာဟူသော ဘောဇဉ်ငါးပါး တို့တည်း။
ပေးငြားအံ့ဟူသည် ကိုယ်ဖြင့်လည်းကောင်း၊ ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့်လည်းကောင်း၊ စွန့်လွှတ် လိုက်သဖြင့်လည်းကောင်း ပေးငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
၂၇၂။ တိတ္ထိ၌ တိတ္ထိဟု အမှတ်ရှိသည်ဖြစ်၍ မိမိလက်ဖြင့် ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဉ်ကို သော်လည်းကောင်း ပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
တိတ္ထိ၌ ယုံမှားရှိသည်ဖြစ်၍ မိမိလက်ဖြင့် ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်း ကောင်း ပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
တိတ္ထိ၌ တိတ္ထိမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ မိမိလက်ဖြင့် ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဉ်ကို သော်လည်းကောင်း ပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ရေ, ဒန်ပူကို ပေးအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
တိတ္ထိမဟုတ်သူ၌ တိတ္ထိဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
တိတ္ထိမဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
တိတ္ထိမဟုတ်သူ၌ တိတ္ထိမဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၂၇၃။ သူတစ်ပါးကို ပေးစေ၏၊ (ကိုယ်တိုင်) မပေးအံ့၊ အနီး၌ ချထား၍ ပေးအံ့၊ (ဝမ်းစာမှ) အပ ကိုယ်၌ လိမ်းကျံစရာကို ပေးအံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပဌမ အစေလကသိက္ခာပုဒ် ပြီး၏။