问题
选择版本
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

3. Vikālagāmappavisanasikkhāpadaṃ

作者: my-tipitaka @ visuddhinanda

၅၁၃။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ထင်ရှားရှိသော ရဟန်း မည်သည် ဝင်ခြင်းငှါ ပန်ကြားထိုက်သော ရဟန်းတည်း။
ထင်ရှားမရှိသော ရဟန်း မည်သည် ဝင်ခြင်းငှါ မပန်ကြားထိုက်သော ရဟန်းတည်း။
နေလွဲသောအခါ မည်သည် မွန်းလွဲပြီးသည်မှ နံနက်အရုဏ်တက်တိုင်အောင် အခါတည်း။
ရွာတွင်းသို့ ဝင်ငြားအံ့ဟူသည် အရံအတားရှိသော ရွာ၏ အရံအတားကိုလွန်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
အရံအတားမရှိသော ရွာ၏ ဥပစာသို့ သက်ရောက်သော ရဟန်းအား ပါစိတ်အာပတ် သင့် ၏။
ထိုသို့သဘော ရှိသော အဆောတလျင် ပြုဖွယ်ကိစ္စကို ကြဉ်၍ဟူသည် ထိုသို့သဘော ရှိသော အဆောတလျင် ပြုခြင်းကိစ္စကို ဖယ်ထား၍။
၅၁၄။ နေလွဲသောအခါ၌ နေလွဲသောအခါဟု အမှတ်ရှိသည်ဖြစ်၍ ထိုသို့သဘောရှိသော အဆော တလျင် ပြုအပ်သော ကိစ္စကို ဖယ်ထား၍ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ရွာတွင်းသို့ ဝင်အံ့၊ ပါစိတ်အာပတ် သင့်၏။
နေလွဲသောအခါ၌ ယုံမှားရှိသည်ဖြစ်၍ အဆောတလျင် ပြုအပ်သော ကိစ္စကို ဖယ်ထား၍ ထင်ရှား ရှိသော ရဟန်းကို မပန်ကြားဘဲ ရွာတွင်းသို့ ဝင်အံ့၊ ပါစိတ်အာပတ် သင့်၏။
နေလွဲသော အခါ၌ နံနက် အခါဟု အမှတ်ရှိသည်ဖြစ်၍ ထိုသို့သဘောရှိသော အဆောတလျင်ပြုအပ်သော ကိစ္စကို ဖယ်ထား၍ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ရွာတွင်းသို့ ဝင်အံ့၊ ပါစိတ်အာပတ် သင့်၏။
နံနက်အခါ၌ နေလွဲသောအခါဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နံနက်အခါ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နံနက်အခါ၌ နံနက်အခါဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၅၁၅။ ထိုသို့သဘောရှိသော အဆောတလျင် ပြုအပ်သော အကြောင်းကိစ္စ ရှိခဲ့သော် ရွာတွင်းသို့ ဝင်အံ့၊ အာပတ် မသင့်၊ ထင်ရှားရှိသော ရဟန်းကို ပန်ကြား၍ ဝင်အံ့၊ ထင်ရှားမရှိ၍ ရဟန်းကို မပန်ကြားဘဲ ဝင်အံ့၊ ရွာအကြားသို့ သွားအံ့၊ ရဟန်းမိန်းမ ကျောင်းသို့ သွားအံ့၊ တိတ္ထိတို့နေရာသို့ သွားအံ့၊ တစ်ဖန် ပြန်လာအံ့၊ ရွာ လယ် (ဖြင့်သွားရသော) လမ်းခရီးဖြစ်အံ့၊ ဘေးရန်တို့ကြောင့် (ရွာသို့ ဝင်အံ့)၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
တတိယ ဝိကာလဂါမပ္ပဝိသနသိက္ခာပုဒ် ပြီး၏။