Issues
ເລືອກເວີຊັນ
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

12. Pariṇāmanasikkhāpadaṃ

ຜູ້ຂຽນ: my-tipitaka @ visuddhinanda

၄၈၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
သာဝတ္ထိပြည်၌ မထင်ရှားသော အသင်းတစ်ခုသည် သံဃာအား - ''ဆွမ်းကျွေးပြီးလျှင် သင်္ကန်းကို လှူအံ့''ဟု သင်္ကန်းနှင့်တကွ ဆွမ်းကို စီရင်ထား၏။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုအသင်းသို့ ချဉ်းကပ်ပြီးလျှင်
ထိုအသင်းကို ''ဒါယကာတို့ ဤသင်္ကန်းတို့ကို ဤရဟန်းတို့အား ပေးလှူကုန်လော့''ဟု ဆိုကုန်၏။
အသျှင်ဘုရားတို့ အကျွန်ုပ်တို့သည် မပေးမလှူနိုင်ကြပါ၊
အကျွန်ုပ်တို့သည် သံဃာအား နှစ်စဉ် နှစ်တိုင်း သင်္ကန်းနှင့်တကွ ဆွမ်းကို ဝတ်တည်ကြပါသည်ဟု (လျှောက်ကြကုန်၏)။
ဒါယကာတို့ သံဃာအား အလှူရှင်တို့သည် ပေါများပါကုန်၏၊ သံဃာအား လှူအပ်သော ဆွမ်းတို့ သည် ပေါများပါကုန်၏၊
ဤရဟန်းတို့သည်ကား သင်တို့ကိုသာ အမှီပြု၍ သင်တို့ကို မျှော်မြင်ကုန်၍ ဤအရပ်၌ နေကြပါသည်၊
ဤရဟန်းတို့အား သင်တို့သည် အကယ်၍ မလှူကုန်အံ့၊ ထိုသို့မလှူကုန်သည် ရှိသော် ဤရဟန်းတို့အား အဘယ်သူသည် လှူတော့အံ့နည်း၊
ဒါယကာတို့ ဤရဟန်းတို့အား ဤသင်္ကန်း တို့ကို ပေးလှူကုန်လော့ဟု (ပြောဆိုကုန်၏)။
ထိုအခါ ထိုအသင်းသည် ဆဗ္ဗဂ္ဂီရဟန်းတို့က အတင်းအကြပ်ပြောဆိုအပ်သဖြင့် စီရင်တိုင်းသော သင်္ကန်းကို ဆဗ္ဗဂ္ဂီရဟန်းတို့အား ပေးလှူပြီးနောက် သံဃာတော်ကို ဆွမ်းဖြင့် လုပ်ကျွေး၏။
အကြင်ရဟန်းတို့သည် ''သံဃာအား သင်္ကန်းနှင့်တကွ ဆွမ်းကို စီရင်သည်ဟု သိကုန်၏၊ ဆဗ္ဗဂ္ဂီ ရဟန်းတို့အား လှူအပ်ပြီ''ဟုကား မသိကုန်၊ ထိုရဟန်းတို့သည် ''ဒါယကာတို့ သံဃာအား သင်္ကန်းကို လှူကုန်လော့''ဟု ဆိုကုန်၏။
''အသျှင်ဘုရားတို့ မရှိတော့ပါ၊
စီရင်တိုင်းသော သင်္ကန်းကို အသျှင်ဆဗ္ဗဂ္ဂီရဟန်းတို့သည် အသျှင် ဆဗ္ဗဂ္ဂီရဟန်းတို့အား ညွတ်စေကြပါသည်''ဟု (လျှောက်ကြကုန်၏)။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိလျက် သံဃာသို့ ညွတ်ပြီးသော သံဃိကလာဘ်ကို ပုဂ္ဂိုလ်အား ညွတ်စေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ သင်တို့သည် သိလျက် သံဃာသို့ ညွတ်ပြီးသော သံဃိကလာဘ်ကို ပုဂ္ဂိုလ်အား ညွတ်စေကြကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် သိလျက် သံဃာသို့ ညွတ်ပြီးသော သံဃိကလာဘ်ကို ပုဂ္ဂိုလ်အား ညွတ်စေကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၄၉၀။ ''အကြင်ရဟန်းသည် သိလျက် သံဃာသို့ ညွတ်ပြီးသော သံဃိက လာဘ်ကို ပုဂ္ဂိုလ်အား ညွတ်စေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၄၉၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
သိ၏ မည်သည် ကိုယ်တိုင်သော်လည်း သိ၏၊ အခြားသူတို့ကသော်လည်း ထိုရဟန်းအား ပြောကြားကုန်၏၊ ထိုအသင်းကသော်လည်း ပြောကြား၏။
သံဃိက မည်သည် သံဃာအား လှူအပ် စွန့်အပ်သော ဝတ္ထုတည်း။
လာဘ် မည်သည် သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာ၏ အထောက်အပံ့ ဆေးပစ္စည်း တို့တည်း၊ အယုတ်သဖြင့် အမှုန့်ခဲ 'ဆပ်ပြာခဲ' သည်လည်းကောင်း၊ ဒန်ပူသည်လည်းကောင်း၊ မြိတ်ဆာ ချည်မျှင်သည်လည်းကောင်း (လာဘ် မည်၏)။
ညွတ်ပြီး မည်သည် ''ပေးလှူကုန်အံ့၊ ပြုကုန်အံ့''ဟု နှုတ်မြွက်၏၊ ထိုအလှူဝတ္ထုကို ပုဂ္ဂိုလ်အား ညွတ်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
၄၉၂။ ညွတ်ပြီးသော အလှူဝတ္ထု၌ ညွတ်ပြီးဟု အမှတ်ရှိသည်ဖြစ်၍ ပုဂ္ဂိုလ်အား ညွတ်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
ညွတ်ပြီးသော အလှူဝတ္ထု၌ ယုံမှားရှိသည်ဖြစ်၍ ပုဂ္ဂိုလ်အား ညွတ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ညွတ်ပြီးသော အလှူဝတ္ထု၌ မညွတ်သေးဟု အမှတ်ရှိသည်ဖြစ်၍ ပုဂ္ဂိုလ်အား ညွတ်စေအံ့၊ အာပတ် မသင့်။
သံဃာသို့ ညွတ်ပြီးသော အလှူဝတ္ထုကို အခြားသံဃာအားလည်းကောင်း၊ စေတီအားလည်းကောင်းညွတ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတီသို့ ညွတ်ပြီးသော အလှူဝတ္ထုကို အခြားစေတီအားလည်းကောင်း၊ သံဃာအားလည်းကောင်း၊ ပုဂ္ဂိုလ်အားလည်းကောင်း ညွတ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပုဂ္ဂိုလ်သို့ ညွတ်ပြီးသော အလှူဝတ္ထုကို အခြားပုဂ္ဂိုလ်အားလည်းကောင်း၊ သံဃာအားလည်းကောင်း၊ စေတီအားလည်းကောင်း ညွတ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မညွတ်သေးသည်၌ ညွတ်ပြီးဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
မညွတ်သေးသည်၌ ယုံမှား ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မညွတ်သေးသည်၌ မညွတ်သေးဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၄၉၃။ ''အဘယ်အရပ်၌ လှူရပါကုန်အံ့နည်း''ဟု မေးသည် ရှိသော် ''အကြင်အရပ်၌ သင်တို့ လှူသော ဝတ္ထုသည် သုံးဆောင်ခြင်းကိုလည်း ရရာ၏၊ ပြုပြင်စီရင်ခြင်းကိုလည်း ရရာ၏၊ ကြာမြင့်စွာ လည်း တည်တံ့ရာ၏၊ သို့မဟုတ် အကြင်အရပ်၌ သင်တို့၏ စိတ်သည် ကြည်လင်ကုန်၏၊ ထိုအရပ်၌ လှူကုန်လော့''ဟု ပြောဆိုအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့ အားလည်း အာပတ် မသင့်။
ဒွါဒသမ ပရိဏာမနသိက္ခာပုဒ် ပြီး၏။
အဋ္ဌမ သဟဓမ္မိကဝဂ် ပြီး၏။
သဟဓမ္မိကသိက္ခာပုဒ်၊ ဝိနယဝိဝဏ္ဏနသိက္ခာပုဒ်၊ မောဟာရောပနသိက္ခာပုဒ်၊ ပဟာရ ဒိန္နသိက္ခာပုဒ်၊
တလသတ္တိ (ဥဂ္ဂိရဏ) သိက္ခာပုဒ်၊ အမူလကသံဃာဒိသေသသိက္ခာပုဒ်၊ သဉ္စိစ္စဥပဒဟနသိက္ခာပုဒ်၊ ဥပဿုတိတိဋ္ဌနသိက္ခာပုဒ်၊
ပဋိဗာဟနကမ္မသိက္ခာပုဒ်၊ ဆန္ဒ အဒါနသိက္ခာပုဒ်၊ ဒဗ္ဗသိက္ခာပုဒ်၊ သံဃိကလာဘပရိဏာမနသိက္ခာပုဒ်။
ဤကားအကျဉ်းချုပ်တည်း။