၄၃၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ရဟန်းတို့အား များစွာသော အကြောင်းဖြင့် ဝိနည်း နှင့်စပ်သော စကားကို ဟောတော်မူ၏။ ဝိနည်း၏ ဂုဏ်ကျေးဇူးကို ဟောတော်မူ၏၊ ဝိနည်းသင်ခြင်း၏ ဂုဏ်ကျေးဇူးကို ဟောတော်မူ၏၊ ရည်ညွှန်း၍ ရည်ညွှန်း၍ အသျှင်ဥပါလိ၏ ဂုဏ်ကျေးဇူးကို ပြောဆို တော်မူ၏။
ရဟန်းတို့သည် ''မြတ်စွာဘုရားကား များစွာသော အကြောင်းဖြင့် ဝိနည်းနှင့်စပ်သော စကားကို ဟောတော်မူ၏၊ ဝိနည်း၏ ဂုဏ်ကျေးဇူးကို ဟောတော်မူ၏၊ ဝိနည်းသင်ခြင်း၏ ဂုဏ်ကျေးဇူးကို ဟော တော်မူ၏၊ ရည်ညွှန်း၍ ရည်ညွှန်း၍ အသျှင်ဥပါလိ၏ ဂုဏ်ကျေးဇူးကို ပြောဆိုတော်မူ၏။
''ငါ့သျှင်တို့ ယခုအခါ အကျွန်ုပ်တို့သည် အသျှင်ဥပါလိ၏ အထံ၌ ဝိနည်းတရားတော်ကို သင်ကြ ကုန်အံ့''ဟု ပြောဆို၍ မထေရ်ကြီး မထေရ်လတ် မထေရ်ငယ်ဖြစ်ကြသော များစွာသော ရဟန်းတို့သည် အသျှင်ဥပါလိ၏ အထံ၌ ဝိနည်းတရားတော်ကို သင်ကုန်၏။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့အား- ''ငါ့သျှင်တို့ ယခုအခါ မထေရ်ကြီး မထေရ်လတ် မထေရ်ငယ် ဖြစ်ကြသော များစွာသော ရဟန်းတို့သည် အသျှင်ဥပါလိ၏ အထံ၌ ဝိနည်းကို သင်ကုန်၏၊ ဤရဟန်းတို့သည် ဝိနည်း၌ လိမ္မာသည် ရှိသော် ငါတို့ကို သူတို့အလိုကျ သူတို့အလိုရှိသောအခါ သူတို့အလိုရှိတိုင်း တိုက်ရိုက် ဆွဲဆောင်ကုန်လတ္တံ့၊ သွယ်ဝိုက်၍ ဆွဲဆောင်ကုန်လတ္တံ့၊ ငါ့သျှင်တို့ ငါတို့သည် ယခုအခါ၌ ဝိနည်းကို ကဲ့ရဲ့ ရှုတ်ချကုန်အံ့''ဟု အကြံ ဖြစ်၏။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းတို့အထံသို့ ချဉ်းကပ်၍ ''ငယ်ကုန် အလွန်ငယ်ကုန်သော ဤ သိက္ခာပုဒ်တို့ကို ပြဆိုခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ အတိုင်းထက်အလွန် တွေးတောမှု 'သံသယ ကုက္ကုစ္စ' ဖြစ်ရုံမျှသာ စိတ်နှလုံး ပင်ပန်းရုံမျှသာ စိတ်နှလုံးကို ရေးခြစ် ရှုပ်ထွေးစေရုံမျှသာ ဖြစ်ကုန်၏''ဟု ဆိုကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဝိနည်းကို ကဲ့ရဲ့ ရှုတ်ချ ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် ဝိနည်းကို ကဲ့ရဲ့ ရှုတ်ချကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်း တော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် ဝိနည်းကို ကဲ့ရဲ့ရှုတ်ချကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၄၃၉။ ''အကြင်ရဟန်းသည် ပါတိမောက် 'ရဟန်းတို့၏ သိက္ခာပုဒ်' ကို ပြဆိုသည်ရှိသော် 'ငယ်ကုန် အလွန်ငယ်ကုန်သော ဤသိက္ခာပုဒ်တို့ကို ပြဆိုခြင်း ကြောင့် အဘယ်အကျိုးရှိအံ့နည်း၊ အတိုင်းထက်အလွန် တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ရုံမျှသာ စိတ်နှလုံး ပင်ပန်းရုံမျှသာ စိတ်နှလုံးကို ရေးခြစ် ရှုပ်ထွေးစေရုံမျှသာ ဖြစ်ကုန်၏''ဟု ပြောဆိုငြားအံ့၊ သိက္ခာ ပုဒ်တော်ကို ကဲ့ရဲ့ခြင်းကြောင့် (ထိုရဟန်း အား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၄၄၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ပါတိမောက်ကို ပြဆိုသည်ရှိသော်ဟူသည် ပြသော်လည်းကောင်း၊ ပြစေသော်လည်းကောင်း၊ သရဇ္ဈာယ်သော်လည်းကောင်းတည်း။
ဟု ပြောဆိုငြားအံ့ဟူသည်
ငယ်ကုန် အလွန်ငယ်ကုန်သော ဤသိက္ခာပုဒ်တို့ကို ပြဆိုခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ အတိုင်းထက်အလွန် တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ရုံမျှသာ စိတ်နှလုံး ပင်ပန်းရုံမျှသာ စိတ်နှလုံးကို ရေးခြစ် ရှုပ်ထွေးစေရုံမျှသာ ဖြစ်ကုန်၏ဟု (ပြောဆိုငြားအံ့)။
''ပါတိမောက်ကို သင်ကုန်သော ရဟန်းတို့အား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏၊ စိတ်နှလုံး ပင်ပန်းခြင်း ဖြစ်၏၊ စိတ်နှလုံးကို ရေးခြစ် ရှုပ်ထွေးစေခြင်း ဖြစ်၏၊ ပါတိမောက်ကို မသင်ကုန်သော ရဟန်းတို့အား တွေးတောမှု 'သံသယကုက္ကုစ္စ' မဖြစ်၊ စိတ်နှလုံးပင်ပန်းခြင်း မဖြစ်၊ စိတ်နှလုံးကို ရေးခြစ် ရှုပ်ထွေးစေခြင်း မဖြစ်။
ဤသိက္ခာပုဒ်ကို မပြခြင်းသည် မြတ်၏၊ ဤသိက္ခာပုဒ်ကို မယူခြင်းသည် မြတ်၏၊ ဤသိက္ခာပုဒ်ကို မသင်ခြင်းသည် မြတ်၏၊ ဤသိက္ခာပုဒ်ကို မဆောင်ခြင်းသည် မြတ်၏၊ ဝိနည်းတရားသည် လည်း ကွယ်ပျောက်စေသတည်း၊ ဤ ရဟန်းတို့သည် ဝိနည်း၌ မလိမ္မာစေကုန်သတည်း''ဟု ရဟန်း၏ အထံ၌ ဝိနည်းကို ကဲ့ရဲ့ ရှုတ်ချအံ့၊ ပါစိတ်အာပတ် သင့်၏။
၄၄၁။ ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ ဝိနည်းကို ကဲ့ရဲ့ ရှုတ်ချအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ယုံမှားရှိသည်ဖြစ်၍ ဝိနည်းကို ကဲ့ရဲ့ ရှုတ်ချအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ရဟန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ဝိနည်းကို ကဲ့ရဲ့ ရှုတ်ချအံ့၊ ပါစိတ်အာပတ် သင့်၏။
(ဝိနည်းမှ) တစ်ပါးသော တရားကို ကဲ့ရဲ့ ရှုတ်ချအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူ၏ (အထံ၌) ဝိနည်းကိုလည်းကောင်း၊ အခြားသော တရားကိုလည်းကောင်း ကဲ့ရဲ့ ရှုတ်ချအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူ၌ ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူ၌ ရဟန်းမဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၄၄၂။ ''တိုက်တွန်းပါ၏ သင်သည် သုတ္တန်တို့ကိုသော်လည်းကောင်း၊ ဂါထာတို့ကိုသော်လည်းကောင်း၊ အဘိဓမ္မ္မာကိုသော်လည်းကောင်း သင်ဦးလော့၊ နောက်မှ ဝိနည်းတရားကို သင်ရအံ့''ဟု မကဲ့ရဲ့လိုဘဲ ပြောဆိုအံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒုတိယ ဝိလေခနသိက္ခာပုဒ် ပြီး၏။