၅၁၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆင်စွယ်ပန်းပုသမားတစ်ယောက်သည် ''အပ်ကျည် 'အပ်ဘူး' ကို အလိုရှိ သော အသျှင်တို့အား အကျွန်ုပ်သည် အပ်ကျည် 'အပ်ဘူး' ဖြင့် ဖိတ်ကြားပါ၏''ဟု ရဟန်းတို့ကို ဖိတ်ကြား ထား၏။
ထိုအခါ ရဟန်းတို့သည် များစွာသော အပ်ကျည်တို့ကို တောင်းကုန်၏၊
အပ်ကျည်အငယ်ရှိသော ရဟန်းတို့သည် အပ်ကျည်အကြီးတို့ကို တောင်းကုန်၏၊
အပ်ကျည်အကြီးရှိသော ရဟန်းတို့သည် အပ်ကျည်အငယ်တို့ကို တောင်းကုန်၏။
ထိုအခါ ထိုဆင်စွယ်ပန်းပုသမားသည် ရဟန်းတို့၏ အကျိုးငှါ အပ်ကျည်များစွာတို့ကို ပြုလုပ်နေရသောကြောင့် အခြားအရောင်းအဝယ်ဆိုင်ရာ ဘဏ္ဍာကို ပြုလုပ်ခြင်းငှါ မတတ်နိုင်လေ၊ မိမိကိုယ်တိုင်လည်း မမျှတ၊ ထိုသူ၏ သားမယားတို့သည်လည်း ပင်ပန်းကြကုန်၏။
လူတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် အတိုင်းအရှည်ကို မသိကြဘဲ များစွာသော အပ်ကျည်တို့ကို တောင်းကုန်ဘိသနည်း၊ ဤဆင်စွယ်ပန်းပု သမားသည် ဤရဟန်းတို့၏ အကျိုးငှါ များစွာသော အပ်ကျည်တို့ကို ပြုလုပ်နေရ၍ အခြားအရောင်း အဝယ်ဆိုင်ရာ ဘဏ္ဍာကို ပြုလုပ်ခြင်းငှါ မတတ်နိုင်လေ၊ မိမိကိုယ်တိုင်လည်း မမျှတ၊ ထိုသူ၏ သားမယား တို့သည်လည်း ပင်ပန်းကြကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် လူတို့၏ ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော စကားကို ကြားကြသည်သာ တည်း။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ရဟန်းတို့သည် အတိုင်းအရှည်ကို မသိဘဲ များစွာသော အပ်ကျည်တို့ကို တောင်းကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြပြောဆို ကြကုန်၏။ပ။
''ရဟန်းတို့ ရဟန်းတို့သည် အတိုင်းအရှည်ကို မသိဘဲ များစွာသော အပ်ကျည်တို့ကို တောင်းကြကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ ထို (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ယောက်ျားတို့သည် အဘယ့်ကြောင့် အတိုင်းအရှည်ကိုမသိဘဲ များစွာသော အပ်ကျည်တို့ကို တောင်းကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ရဟန်းတို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၅၁၇။ ''အကြင်ရဟန်းသည် အရိုး အစွယ် ဦးချိုတို့ဖြင့်ပြီးသော အပ်ကျည်ကို ပြုလုပ်စေငြားအံ့၊ (ထိုရဟန်းအား) ခွဲပစ်ခြင်း ရှေးရှိသော ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၅၁၈။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
အရိုး မည်သည် အမှတ်မရှိ တစုံတစ်ခုသော အရိုးတည်း။
အစွယ် မည်သည် ဆင်၏ အစွယ်ကို ဆိုအပ်၏။
ဦးချို မည်သည် အမှတ်မရှိ တစ်စုံတစ်ခုသော ဦးချိုတည်း။
ပြုလုပ်စေငြားအံ့ဟူသည် ပြုလုပ်မူလည်း ပြုလုပ်အံ့၊ ပြုလုပ်စေမူလည်း ပြုလုပ်စေအံ့၊ ပယောဂ တိုင်း ပယောဂတိုင်း ဒုက္ကဋ်အာပတ် သင့်၏။ ရခြင်းကြောင့် (အပ်ကျည်ကို) ခွဲဖျက်၍ ပါစိတ်အာပတ်ကို ဒေသနာ ကြားအပ်၏။
၅၁၉။ မိမိကိုယ်တိုင် ပြုလုပ်၍ မပြီးသေးသော အပ်ကျည်ကို မိမိကိုယ်တိုင်ပင် ပြုလုပ်၍ ပြီးဆုံး စေအံ့၊ ပါစိတ်အာပတ် သင့်၏။
မိမိကိုယ်တိုင် ပြုလုပ်၍ မပြီးသေးသော အပ်ကျည်ကို သူတစ်ပါးတို့ကို ပြုလုပ်၍ ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော အပ်ကျည်ကို မိမိကိုယ်တိုင် ပြုလုပ်၍ ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော အပ်ကျည်ကို သူတစ်ပါးတို့ကိုပင် ပြုလုပ်၍ ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
သူတစ်ပါး၏ အကျိုးငှါ ပြုလုပ်မူလည်း ပြုလုပ်အံ့၊ ပြုလုပ်စေမူလည်း ပြုလုပ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
သူတစ်ပါး ပြုလုပ်သော အပ်ကျည်ကို ရ၍ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၅၂၀။ အနားပတ်သီး မီးပွတ်လေး ခါးပန်းသီး မျက်စဉ်းကျည် မျက်စဉ်းတံ ပဲခွပ်ရိုး ရေသုတ်တို့၌ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
စတုတ္ထ သူစိဃရသိက္ခာပုဒ် ပြီး၏။