၂၄၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ရာဇဂြိုဟ်ပြည်၌ တောင်ထိပ်ပွဲသဘင်သည် ဖြစ်၏။
သတ္တရသဝဂ္ဂီ 'ဆယ့်ခုနစ်ပါးအဖွဲ့' ရဟန်း (ကလေး) တို့သည် တောင်ထိပ်ပွဲသဘင်ကို ကြည့်ရှုခြင်းငှါ သွားကြကုန်၏။
လူတို့သည် သတ္တရသဝဂ္ဂီရဟန်း (ကလေး) တို့ကို မြင်၍ ရေချိုးစေ (နံ့သာတို့ကို) လိမ်းကျံစေ၍ ဆွမ်းကျွေးပြီးသော် ခဲဖွယ်တို့ကို လှူဒါန်းကုန်၏။
သတ္တရသဝဂ္ဂီ ရဟန်း (ကလေး) တို့သည် ခဲဖွယ်ကို ယူ၍ (ကျောင်းတိုက်) အရံသို့ သွား၍ ဆဗ္ဗဂ္ဂီရဟန်းတို့ကို ''ငါ့သျှင်တို့ ယူကုန်လော့၊ ခဲဖွယ်ကို ခဲကုန်လော့''ဟု ဆိုကုန်၏။
ငါ့သျှင်တို့ သင်တို့သည် ခဲဖွယ်ကို အဘယ်အရပ်မှ ရသနည်းဟု (မေးကုန်သော်)
သတ္တရသဝဂ္ဂီရဟန်း (ကလေး) တို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့အား ထိုအကြောင်းကို ပြောကြားကုန်၏။
ငါ့သျှင်တို့ အသို့နည်း၊ သင်တို့သည် မွန်းလွဲသော အခါ၌ ဘောဇဉ်ကို စားကုန်သလောဟု (မေးကုန်၏)။
ငါ့သျှင်တို့ စားကုန်၏ဟု (ဆိုကုန်၏)။
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ''အဘယ့်ကြောင့် သတ္တရသ ဝဂ္ဂီရဟန်းတို့သည် မွန်းလွဲသောအခါ၌ ဘောဇဉ်ကို စားကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းတို့အား ဤအကြောင်းကို ပြောကြားကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် သတ္တရသဝဂ္ဂီရဟန်းတို့သည် မွန်းလွဲသောအခါ၌ ဘောဇဉ်ကို စားကုန် ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် မွန်းလွဲသောအခါ၌ ဘောဇဉ်ကို စားကုန်၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ အဘယ့်ကြောင့် သင်တို့သည် မွန်းလွဲသောအခါ၌ ဘောဇဉ်ကို စားကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ ပြုမိသောအမှု) သည် မကြည်ညိုသေး သော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၂၄၈။ ''အကြင်ရဟန်းသည် မွန်းလွဲသောအခါ၌ ခွဲဖွယ်ကိုသော် လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော် မူ၏)။
၂၄၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
မွန်းလွဲသောအခါ မည်သည် နေမွန်းတည့်ချိန် လွန်သည်မှ အရုဏ်တက်သည့်တိုင်အောင် (အခါတည်း)။
ခဲဖွယ် မည်သည် ဘောဇဉ်ငါးပါးတို့ကိုလည်းကောင်း၊ ယာမကာလိကကိုလည်းကောင်း၊ သတ္တာဟ ကာလိကကိုလည်းကောင်း၊ ယာဝဇီဝိကကိုလည်းကောင်း ဖယ်ထား၍ အကြွင်းသည် ခဲဖွယ်မည်၏။
ဘောဇဉ် မည်သည် ထမင်း၊ မုယောမုန့်၊ မုန့်လုံး၊ ငါး၊ စမဲဟင်းလျာဟူသော ဘောဇဉ်ငါးပါး တို့တည်း။
''ခဲအံ့ စားအံ့''ဟူ၍ ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ် သင့်၏။
၂၅၀။ မွန်းလွဲသောအခါ၌ မွန်းလွဲသောအခါဟု အမှတ်ရှိသည်ဖြစ်၍ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း ခဲမူလည်း ခဲငြားအံ့ စားမူလည်း စားငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
မွန်းလွဲသောအခါ၌ ယုံမှားရှိသည်ဖြစ်၍ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း ခဲမူလည်း ခဲငြားအံ့ စားမူလည်း စားငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
မွန်းလွဲသောအခါ၌ မွန်းမလွဲဟု အမှတ်ရှိသည်ဖြစ်၍ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဉ်ကိုသော် လည်းကောင်း ခဲမူလည်း ခဲငြားအံ့ စားမူလည်း စားငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
ယာမကာလိကကိုလည်းကောင်း၊ သတ္တာဟကာလိကကိုလည်းကောင်း၊ ယာဝဇီဝိကကိုလည်းကောင်း အာဟာရအလို့ငှါ ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
မွန်းမလွဲသည်၌ မွန်းလွဲ၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မွန်းမလွဲသည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မွန်းမလွဲသည်၌ မွန်းမလွဲဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၂၅၁။ ယာမကာလိကကိုလည်းကောင်း၊ သတ္တာဟကာလိကကိုလည်းကောင်း၊ ယာဝဇီဝိကကိုလည်း ကောင်း (ဆာလောင်မွတ်သိပ်ခြင်း, အနာဟူသော) အကြောင်းရှိခဲ့သော် စားအံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
သတ္တမ ဝိကာလဘောဇနသိက္ခာပုဒ် ပြီး၏။